သတင်း

မလေးရှားရှိ ရိုဟင်ဂျာဆိုသူ ဘင်္ဂါလီအချို့ ARSA ကို ငွေကြေးထောက်ပံ့နေ

Want create site? Find Free WordPress Themes and plugins.

မလေးရှားနိုင်ငံရှိ အချို့သော ရိုဟင်ဂျာဆိုသူ ဘင်္ဂါလီများသည် လက်နက်ခဲယမ်းများ ဝယ်ရန် ARSA ခေါ် ရခိုင်ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် အမည်ခံထားသည့် စစ်သွေးကြွအဖွဲ့ကို ငွေကြေးအကူအညီ ပေးနေသည် ဟု လွတ်လပ်သော မလေးရှား နေ့စဉ် သတင်းဌာန (Free Malaysia Today – FMT) က သိရသည်။

“မလေးရှားက ရိုဟင်ဂျာတွေကို အာဆာက ငွေကြေးတောင်းယူ ရရှိနေတယ်” ဟု ကွာလာလမ်ပူရှိ ဘင်္ဂါလီ အသိုင်းအဝန်းတွင် နေရာ အခိုင်အမာ ရထားသူတဦးက FMT သို့ ပြောသည်။

“သူတို့ လက်နက်ခဲယမ်းဝယ်ဖို့ ငွေလိုရင် မလေးရှားက သူတို့ရဲ့ WhatsApp အုပ်စုက လူတွေဆီ အကူအညီတောင်းတယ်” ဟု သူက ဆက်ပြောသည်။

အချို့သော မလေးရှားများသည် စစ်သွေးကြွများနှင့် ပူးပေါင်းရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်သည် ဟု အချို့သော ရင်းမြစ်များက ပြောသော်လည်း မလေးရှားရဲတပ်ဖွဲ့က ထိုအချက်ကို ထောက်လှမ်း သိရှိခြင်း မရှိဟု ဆိုသည်။

ARSA သည် မြန်မာ လုံခြုံရေးတပ်များကို တိုက်ခိုက်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားနေသည်။ မြန်မာအစိုးရက ARSA ကို အကြမ်းဖက်အဖွဲ့ အဖြစ် ကြေညာထားသော်လည်း ထိုအဖွဲ့က စွပ်စွဲချက်များကို ငြင်းဆိုပြီး ၎င်းတို့၏ ရည်ရွယ်ချက်မှာ ဘင်္ဂါလီများ၏ အခွင့်အရေးများကို ကာကွယ်ရန်သာ ဖြစ်သည် ဟု ပြောသည်။

မလေးရှား နိုင်ငံသာမက ဆော်ဒီအာရေးဗီးယားသည်လည်း ARSA အတွက် WhatsApp ထောက်ပံ့ရေး လမ်းကြောင်းတခုကို လက်ခံထားသည် ဟု အမေရိကန်အခြေစိုက် အမျိုးသား စစ်ကောလိပ်( National War College)မှ အရှေ့တောင်အာရှ လုံခြုံရေးကျွမ်းကျင်သူ ပါမောက္ခ ဇာချာရီ အဘူဇာ (Zachary Abuza) က ပြောသည်။

“ARSA အဖွဲ့က အွန်လိုင်း သတင်းပြန်ကြားဆက်သွယ်ရေးတွေ လုပ်တဲ့ အခါ ဖေ့စ်ဘုတ်(ယာယီသာ ဖွင့်ရပြီး နောက်ပိုင်းပြန်ပိတ်ခံရသည်)၊ တွစ်တာ၊ ဘလော့ဂ်စပေါ့နဲ့ တခြား လူမှုကွန်ရက်တွေမှာ ဗွီဒီယို ထုတ်လွှင့်တင်ပြမှုတွေနဲ့ တင်ပြ ဖြန့်ချိတယ်၊ အဲဒီလို တင်ပြဖြန့်ချိတဲ့ အခါ ရိုဟင်ဂျာ၊ ဘင်္ဂါလီ၊ အာရဗစ်၊ အူရဒူ၊ အင်္ဂလိပ်နဲ့ မြန်မာ ဘာသာစကားတွေနဲ့ ထုတ်လွှင့်တာဖြစ်တယ်” ဟု Jamestown Foundation မှ ယခုလထုတ် ဆောင်းပါးတပုဒ် အဘူဇာက ရေးသည်။

“သူတို့ နောက်လိုက်တွေ အတွက် အာဆာက သူတို့ချင်းပဲ ဝင်လို့ရတဲ့ WhatsApp လမ်းကြောင်းက ဆက်သွယ်ပြီး လူသစ် စုဆောင်းတယ်” ဟုလည်း သူက ရေးသည်။

“ARSA G1 လို့ခေါ်တဲ့ လမ်းကြောင်းက ဆော်ဒီအာရေးဗီးယားက ထွက်လာပြီး နောက်လမ်းကြောင်း တခုက မလေးရှားက လာတာ” ဟုလည်း သူက ပြောသည်။

အရှေ့အလယ်ပိုင်း ပင်လယ်ကွေ့ဒေသ၊ ပါကစ္စတန်နှင့် မလေးရှား တို့တွင် အဝေးရောက် ဘင်္ဂါလီသိန်းချီ ရှိနေပြီး လွန်ခဲ့သောနှစ် နှောင်းပိုင်းက မြန်မာနိုင်ငံ၏ ပြင်းထန်သော စစ်ဆင်ရေးများကို နိုင်ငံတကာက အာရုံစိုက်နေသောကြောင့် စစ်သွေးကြွများ ပြင်ပ အကူအညီ ရနေခြင်းမှာ အံ့ဩစရာ မဟုတ်ဟု ဩဂုတ်လတွင် Asia Times ကရေးသားခဲ့သည်။

ARSA သည် ဆော်ဒီအာရေးဗီးယားတွင် ဦးဆောင်မှုကောင်စီ ရှိပြီး ပါကစ္စတန်နှင့် အချိတ်အဆက် ရှိသော ခေါင်းဆောင်များ ရှိသည် ဟု ဆိုကြသည်။

“နှစ်နိုင်ငံစလုံးမှ အောင်မြင်သော စီးပွားရေးသမားများ ထံမှ အလှူငွေများ ရရှိအောင် လုပ်ဆောင်ပေးနေသည်မှာ ပံ့ပိုးရေး ကွန်ရက်တခု ဖြစ်သည်” ဟုလည်း Asia Times က ဆိုသည်။

ဆော်ဒီအာရေးဗီးယား အခြေစိုက် ဝါရင့် ဘင်္ဂါလီ မွတ်စလင် ဘာသာရေး ဆရာများသည်လည်း ရန်ပုံငွေ ရှာရန်နှင့် လွှဲပြောင်း ပေးပို့ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည် ဟုလည်း ဒေသတွင်း အဆင့်မြင့် ထောက်လှမ်းရေး အရာရှိများကို ကိုးကား ဖော်ပြခဲ့သည်။

ထိုအရာရှိ၏ အဆိုအရပင် မလေးရှားသည် ARSA ရန်ပုံငွေများကို စာရင်းရှင်းရန်နှင့် ၎င်း၏ မွတ်စလင် မျက်နှာသာပေး ပြည်ဝင်ခွင့် အစီအစဉ် အရ စစ်သွေးကြွ လှုပ်ရှားမှု၏ ကြားစခန်း ဖြစ်နေသည်။

အချို့သော မလေးရှားများသည် မြန်မာနိုင်ငံရှိ စစ်သွေးကြွ လှုပ်ရှားမှုများကို ပူးပေါင်းရန် ရောက်ရှိနေပြီး ဖြစ်သည်ဟု ဆွီဒင်သတင်းစာဆရာ ဘာတေးလစ်တနာက သတင်းရင်းမြစ်များကို ကိုးကားပြီး စက်တင်ဘာလက FMT သို့ ပြောသည်။

သို့သော် မည်သည့် မလေးရှား နိုင်ငံသားမျှ မြန်မာနိုင်ငံတွင် တိုက်ခိုက်နေသည် ဟု သတင်းမရကြောင်း မလေးရှား ရဲတပ်ဖွဲ့ စစ်ဆေးရေး အရာရှိချုပ် မိုဟာမက် ဖူဇီဟာရမ် (Mohamad Fuzi Harun) က လွန်ခဲ့သောလက FMT သို့ ပြောသည်။

ပြည်တွင်းရေး ဖြစ်သောကြောင့် ပြည်ပမှ တိုက်ခိုက်ရေးသမားများ၊ အထူးသဖြင့် နိုင်ငံတကာ အကြမ်းဖက် အုပ်စုများကို မကြိုဆိုကြောင်း ARSA က ပြောသော်လည်း အမှန်တကယ်တွင်မူ ကွာလာလမ်ပူရှိ ရင်းမြစ်များကမူ ARSA အဖွဲ့က အကြမ်းဖက်များကို ကြိုဆိုခဲ့ကြောင်းနှင့် နိုင်ငံခြားတိုက်ခိုက်ရေးသမားများကို ကမ်းလှမ်းခဲ့သည်ဟု ဆိုသည်။
“တကယ်တော့ ARSA က ပြည်ပ တိုက်ခိုက်ရေးသမား များများရလေ ကောင်းလေပဲ။ ၃၊ ၄ သောင်း လောက် ရလို့ကတော့ အရမ်းကို အထောက်အကူပြုတာ ပေါ့” ဟု ထိုသတင်းရင်းမြစ်က FMT သို့ ပြောသည်။

ဂျကာတာအခြေစိုက် ပဋိပက္ခဆိုင်ရာမူဝါဒ ခွဲခြမ်းစိတ်ဖြာရေး သိပ္ပံ (Ipac) ၏ အစီရင်ခံစာ တခုတွင်မူ ထေင်နှင့်ချီသော အင်ဒိုနီးရှားနှင့် မလေးရှား နိုင်ငံသားများသည် မြန်မာနိုင်ငံတွင် ဘင်္ဂါလီများ အတွက် ဘာသာရေးစစ် ဆင်နွဲရန် အဆင်သင့် ဖြစ်နေသော်လည်း သွားရောက်ရန် အဆင်ပြေအောင် ပြုလုပ်ပေးသော ယန္တရား မရှိသောကြောင့် အဟန့်အတား ဖြစ်နေသည် ဟု ဆိုသည်။

သို့သော် မြန်မာနိုင်ငံ အတွင်းတွင် အလားအလာရှိသည့် ပြည်ပ တိုက်ခိုက်ရေးသမားများကို ခိုးသွင်းနေသည့် ဘင်္ဂလားဒေ့ရှ်ရှိ ဘင်္ဂါလီများ ထံမှ အကူအညီ ရခဲ့သည်ဟု ထို သတင်းရင်းမြစ်က ပြောသည်။

“မလေးရှားကလူတွေ မြန်မာနိုင်ငံမှာ တိုက်ခိုက်ချင်ရင် မလေးရှားက လူတွေက သူတို့ကို ကူညီလို့မရဘူး။ မလေးရှားက လူတွေက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်ကြီးရုံး (UNHCR) ရဲ့ နိုင်ငံကူးလက်မှတ် ကိုင်ထားတော့ သူတို့ မလေးရှားက ထွက်ပြီး ARSA နဲ့ ပူးပေါင်းလို့ ရအောင် မကူညီနိုင်ဘူး။ ဘင်္ဂလားဒေ့ရှ်က လူ ၅ ယောက်၊ ၆ ယောက်က ကူညီတယ်” ဟုလည်း သူက ပြောသည်။

မလေးရှားတွင် ဒုက္ခသည်နှင့် ရွှေ့ပြောင်းလုပ်သား ၁ သိန်း ၃ သောင်း ရှိနေသော်လည်း ၅ သောင်း ၈ ထောင်သာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ စာရွက်စာတမ်း အထောက်အထား ရှိသည်။

ရခိုင်ပြည်နယ်မှ လက်နက်ကိုင် ပဋိပက္ခသည် အကြမ်းဖက်အုပ်စုများမှ စစ်သွေးကြွများကို ဆွဲဆောင်နေမည်ကို စိုးရိမ်သည် ဟု လုံခြုံရေး ဌာနများက ပြောကြားခဲ့ပြီး ဖြစ်သည်။
အစ္စလာမ်မစ် နိုင်ငံ (IS) အဖွဲ့ကမူ မြန်မာနိုင်ငံတွင် ဂျီဟတ်ဘာသာရေး စစ်ပွဲဆင်နွှဲရန် တိုက်တွန်းပြီး အယ်ကိုင်ဒါက ဘင်္ဂါလီများ အတွက် ပြန်လည် အပြစ်ပေးရန် အကြံပေးသည်။

အစ္စလမ်မစ်နိုင်ငံ (IS) အဖွဲ့နှင့် အချိတ်အဆက်ရှိသူ မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံသား နှစ်ဦးကိုမူ မြန်မာနိုင်ငံသို့ သွားရောက် ခုခံရန် ကြံစည်မှု အတွက် မလေးရှား အာဏာပိုင်များက ထိန်းသိမ်းထားပြီး ဖြစ်သည်။

ကိုးကား ။ ။ www.freemalaysiatoday.com

Did you find apk for android? You can find new Free Android Games and apps.
Loading