ဘင်္ဂလား ပင်လယ်အော် အနောက် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် မှ ဖြစ်ပေါ်လာသည့် တိမ်တိုက် များ ကြောင့် တိုင်းနှင့်ပြည်နယ် ၄ ခုတွင် မိုးများနိုင်ကြောင်း သိရသည်။
အဆိုပါမုန်တိုင်းငယ်သည် မြန်မာနိုင်ငံသို့ ရွေ့လျားလာမည့် အခြေအနေမရှိသော်လည်း မုန်တိုင်းအရှိန်ကြောင့် ဖြစ်ပေါ်မည့် တိမ်တိုက်များသည် မြန်မာနိုင်ငံသို့ ဝင်ရောက်လာကာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်း ဒေသကြီး တို့တွင် မိုးပိုမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) မှ ဒု ညွှန်ကြားရေးမှူး ဦးလှထွန်း က ဧရာဝတီသို့ ပြောသည်။
ဦးလှထွန်းက “မြန်မာနိုင်ငံဘက်ကို မုန်တိုင်း မဖြတ်သော်လည်းပဲ မုန်တိုင်းကြောင့် ဖြစ်တဲ့တိမ်တိုက်တွေက မြန်မာနိုင်ငံ ဘက်မှာ ရှိနေတယ်။ မုန်တိုင်းကနေ ထွက်လာတဲ့ တိမ်တိုက်တွေက ချင်းပြည်နယ်တို့၊ စစ်ကိုင်းတိုင်းဒေကြီး၊ ကချင်ပြည် နယ်၊ ရခိုင်ပြည်နယ်မှာ ရောက်နေတာပေါ့။ အဲဒီနေရာတွေကတော့ မိုးရွာမယ်”ဟု ဆိုသည်။
နောက် ၂ ရက်အတွင်း အထက်ပါ မိုးများနိုင်သည့် တိုင်းနှင့် ပြည်နယ် ၄ ခုအပြင် ရှမ်းပြည်နယ်၊ နေပြည်တော်၊ မန္တလေး တိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့ တွင်လည်း မိုးရွာသွန်းနိုင်ကြောင်း မိုး/ဇလ က ထုတ်ပြန်ထားသည်။
ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ္တနမ် (Visakhapatnam) မြို့၏ တောင်-အရှေ့တောင်ဘက် မိုင် ၅၀ ခန့်၊ ဂိုပါလ်ပူ (Gopalpur) မြို့၏ အနောက်တောင်ဘက် ၁၁၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်းလည်း မိုး/ဇလ ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။
မိုး/ဇလ ၏ ခန့်မှန်းချက်အရ အဆိုပါ မုန်တိုင်းငယ်သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး နောက် ၃၆ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် ကမ်းခြေမြောက်ပိုင်းနှင့် သြရိဿ ကမ်းခြေ တောင်ပိုင်းအနီးသို့ ရောက်ရှိ ကာ တဖြည်းဖြည်း အားလျော့သွားမည်ဟုလည်း သိရသည်။
မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင် ကလည်း မုန်တိုင်း၏ အကျိုးသက်ရောက်မှု မြန်မာနိုင်ငံပေါ်တွင် လျော့နည်းနိုင် ကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။