နေပြည်တော် လွှတ်တော် အနီးတွင် ဒရုန်းလွှတ်တင်သဖြင့် လေယာဉ် အက်ဥပဒေ ပုဒ်မ ၁၀ ဖြင့် ထောင်ဒဏ် ၂ လ ကျခံရပြီး ဖြစ် သည့် သတင်းထောက် အောင်နိုင်စိုး အပါအဝင် ၄ ဦးအား ပို့ကုန်သွင်းကုန် ဥပဒေဖြင့် ထပ်မံ အရေးယူ ထားခြင်းကို အကျိုးဆောင် ရှေ့နေများ က ကန့်ကွက်လိုက်ကြောင်း သတင်းရရှိသည်။
တူရကီ သတင်းဌာန TRT စင်္ကာပူရုံးခွဲမှ မလေရှား နိုင်ငံသူ Mok Choy Lin၊ စင်ကာပူနိုင်ငံသား Lau Hon Meng ၊ သတင်းထောက် နှင့် စကားပြန်အဖြစ် ဆောင်ရွက်သူ အောင်နိုင်စိုး၊ ယာဉ်မောင်း ဦးလှတင်တို့ကို အောက်တိုဘာလ ၂၇ ရက်နေ့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး နိုဝင်ဘာ ၁၀ ရက်နေ့တွင် ထောင်ဒဏ် ၂လစီ ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ပြစ်ဒဏ် ချမှတ်ခံထားပြီးသော ၄ ဦးကို ယနေ့ နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ် စစ်ဆေး ခြင်းဖြစ်ကြောင်း သိရသည်။
“ဒရုန်း လွှတ်တင်လို့ ထောင် ၂ လ ချပြီးပြီဆိုတာ သိတယ်လို့ တရားလို ရဲအရာရှိက ထွက်ဆိုပါတယ်။ အဲဒါကြောင့် ၎င်း ပြစ်မှုနဲ့ ဆင်တူသည့် ပြစ်မှုတခုကို ထပ်မံစီရင်ခြင်း မရှိရလို့ ဥပဒေမှာ ပြဌာန်းထားတဲ့ အတွက် လက်ရှိအမှုကို ရုပ်သိမ်း သင့်ပါကြောင်း လျှောက်လဲပါတယ်”ဟု စင်ကာပူနိုင်ငံသား Lau Hon Meng ၏ ရှေ့နေ ဦးမျိုးဝင်းက တရားရုံးတွင် ပြောသည်။
လျှောက်လဲချက်အား ဇမ္ဗူသီရိမြို့နယ် တရားသူကြီး ဦးဇော်ဝင်းထူးက လက်ခံပြီး ယင်းအမှုကို အစိုးရဘက်မှ လိုက်ပါဆောင်ရွက်သူ တရားလိုရှေ့နေ ဥပဒေအရာရှိ ဒေါ်မူမူဝင်းက စာဖြင့်ရေးသား တင်ပြရမည်ဟု မှတ်ချက်ပေးသဖြင့် တရားခံများ၏ အကျိုးဆောင် ရှေ့နေများကလည်း ယင်းဖြစ်စဉ်ကို စာရေး တင်ပြမည့်အပြင် နှုတ်ဖြင့် အကျယ်တဝင့် တရားရုံးတွင် တင်ပြမည်ဟု ပြောဆိုသည်။
ထို့ကြောင့် ထောင် ၂ လ ချခံပြီး ဖြစ်၍ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၇၁၊ ရာဇဝတ် ကျင့်ထုံး ၄၀၃(၁)တို့အရ ပို့ကုန် သွင်းကုန် ဥပဒေ ပုဒ်မ ၈ ဖြင့် ထပ်မံ တရားစွဲဆိုရန် သင့်မသင့်ကို လာမည့် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ထပ်မံ စစ်ဆေးမည် ဖြစ်ကြောင်း တရား သူကြီး ဦးဇော်ဝင်းထူးက ပြောသည်။
ယင်းအမှုတွေင် ပါဝင်သူ ကိုအောင်နိုင်စိုးက“အကောင်းဆုံးတော့ မျှော်လင့်ထားတာပဲ။ တရားသူကြီး စစ်တာလည်း ကောင်းတယ်။ ဒီစနစ်ကြီးလည်း တော်တော်လေး မျှတမှုရှိတယ်လို့ ခံစားရတယ်။ ဒါသည် မှားယွင်းတဲ့ ဖမ်းဆီးမှုတခုပဲ ဖြစ်ပါစေလို့ ဆုတောင်း တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ကိုအောင်နိုင်စိုး အပါအဝင် ၄ ဦး စလုံးသည် လေယာဉ် ပျံသန်းမှုဖြင့် အပြစ်ရှိကြောင်း ဝန်ခံချက်အရ ထောင်ဒဏ် ၂ လ ပြစ်ဒဏ် ချထားရာ ယင်းအပြစ်ပေးထားသည့် ပုဒ်မသည် ပျံသန်းရုံတင်မဟုတ်ဘဲ နိုင်ငံခြားမှ ဒရုန်း တင်သွင်းလာခြင်း၊ ပြန်ထုတ်ခြင်းနှင့် ဆောက်လုပ်ခြင်းတို့ အတွက်ပါ အကျုံးဝင်ပြီး ဖြစ်၍ ယခု ထပ်မံစွဲချက် တင်ထားသည့် ပုဒ်မဖြင့် ထပ်မံ အရေးယူရန် မလိုအပ်ဟု ထင်မြင်ကြောင်း ယင်းအမှုအတွက် အကျိုးဆောင် ရှေ့နေ ဦးခင်မောင်ဇော်ကလည်း ပြောဆို သည်။
ဦးခင်မောင်ဇော်က“ဥပဒေကို ပြန်ကြည့်ရင် ပုဒ်မ ၅၊ ၆၊ ၇ တို့ကို ချိုးဖောက်ရင် ပုဒ်မ ၁၀ နဲ့ အပြစ်ပေးရမယ် ဆိုတာ ပါတယ်။ ဒရုန်း ကို နိုင်ငံခြားက တင်သွင်းတဲ့ ကိစ္စအတွက်ပါ အပြစ်ပေးပြီးသား ဖြစ်နေတယ်။ အဲဒီ ၅၊ ၆၊ ၇ တို့ကို လွှမ်းခြုံလို့ အဲဒါတွေ အကုန်လုံး လွှမ်းခြုံပြီးတော့ ပေးထားတာ။ ဥပဒေမှာက လူတယောက်ကို ၂ ခါအပြစ်မပေးရဘူး ဆိုတဲ့ မူရှိတယ်”ဟုလည်း ရှင်းပြသည်။
ယနေ့တွင် တရားလို ရဲ ၃ ဦးကို စစ်ဆေးရန် ရှိသော်လည်း ရဲအရာရှိ ရဲအုပ် ထွန်းထွန်းဝင်း တဦးသာ လာရောက်၍ ၎င်းကို စတင် စစ်ဆေးခဲ့ပြီး တရားခံ ရှေ့နေများက စတင်မေးမြန်းမှုများ ပြုလုပ်ခဲ့ရာ ယခုအမှုကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ ညွှန်ကြားချက်အရ မှုခင်း ရဲတပ်ဖွဲ့(CID) ထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနတို့ထံ ထင်မြင်ချက်များ တောင်းခံခဲ့သည်ဟု တရားလို ရဲအရာရှိက ထွက်ဆိုခဲ့သည်။
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ အကောက်ခွန် ဦးစီးဌာနက ဒရုန်း ယူဆောင်လာသူများသည် မြန်မာနိုင်ငံသို့ အဝင် လေဆိပ် တွင် ယင်းဒရုန်း သယ်ဆောင်လာခြင်းကို PD ဖောင် ကြေညာချက် ရေးသွင်း၍ Declear လုပ်ခဲ့ခြင်း မရှိဟု အကြောင်းပြန်ခဲ့ကြောင်း သိရသည်။
အလှူမင်္ဂလာဆောင်များ၊ ကုမ္ပဏီ ဖွင့်ပွဲကြီးများတွင် ဒရုန်းဖြင့် ဓာတ်ပုံ၊ ဗီဒီယိုများ ရိုက်ကူးခြင်းကို သိပါသလားဟု အကျိုးဆောင် ရှေ့နေက မေးမြန်းရာ မသိကြောင်း၊ ဒရုန်းကို ဆိုင်များတွင် ရောင်းချခြင်းကိုလည်း မသိကြောင်း၊ ယခု ဒရုန်းမှာ ကလေး ကစားစရာ ဒရုန်း မဟုတ်ဘဲ အဆင့်မြင့် ဒရုန်းတခု ဖြစ်ကြောင်း တရားလို ရဲအရာရှိက ထွက်ဆိုခဲ့ သည်။