ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ ရက္ခိုင့်တပ်မတော် (AA) နှင့် တပ်မတော် တိုက်ပွဲများ ဖြစ်ပွားရာမှ နေရပ်စွန့်ခွာ ထွက်ပြေး နေကြရသော အရပ်သားများ၏ စားဝတ်နေရေးနှင့် လုံခြုံရေး အကူ အညီများ ပေးရန် အစိုးရက စီစဉ်နေကြောင်း သိရသည်။
ချင်းပြည်နယ် အစိုးရအဖွဲ့ စည်ပင်၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဆလိုင်း အိုက်ဇက်ခင်က “အရပ်သားတွေ ထိခိုက်မှုနဲ့ ပတ်သက်ပြီး ကျနော်တို့ တရားဝင်လည်း ထုတ်ပြန်ပြီးသား ဖြစ်ပါတယ်။ ပလက်ဝ မြို့နယ်မှာ ဖြစ်ပွား နေသော တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ချင်းပြည်နယ် အစိုးရ အဖွဲ့အနေနဲ့ အရပ်သားများရဲ့ လိုအပ်တဲ့ စားဝတ်နေရေး၊ လုံခြုံရေး အကူအညီများကို တတ်နိုင်သမျှ ပံ့ပိုး ကူညီပေးသွားဖို့ အဆင်သင့် ဖြစ်ကြောင်း ပြောပြလိုပါတယ် “ဟု ပြောသည်။
နိုဝင်ဘာ ၁၆ ရက်က ချင်းပြည်နယ် ပလက်ဝ မြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများအား ထောက်ပံ့ ပေးအပ်ခြင်း အစီအစဉ် အခမ်းအနား အဖွင့်အမှာ စကားပြောကြားစဉ် ၎င်းက ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်မှ နိုဝင်ဘာ ၁၃ ရက်အထိ ပလက်ဝမြို့နယ် ကုန်ပြင်အုပ်စု၊ ကုန်ပြင် ကျေးရွာတွင် AA နှင့် တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် အိမ်ထောင်စု ၆၇ စု၊ လူဦးရေ ၃၃၄ ဦးသည် ရှင်းလက်ဝ ကျေးရွာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စစ်ဘေးရှောင် ပြည်သူများကို ချင်းပြည်နယ် အစိုးရအဖွဲ့က ဆန်အိတ် ၂၀၀ ထောက်ပံ့ ပေးသွားမည် ဖြစ်ပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ ဆန်အိတ် ၁၀၄ အိတ်၊ ဆီ ၆၇ ပိဿာ၊ ဆား ၆၇ ပိဿာ၊ ပဲ ၆၇ ပိဿာနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) တိုင်းမှူးကိုယ်စား စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) – ၅ စကခ မှူးက ဆန်အိတ် ၁၀ အိတ် စသဖြင့် ထောက်ပံ့ပေး သွားမည် ဖြစ်ကြောင်း ပလက်ဝ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံး က ပြောသည်။
ထို ထောက်ပံ့ပေးမည့် စားနပ်ရိက္ခာများကို အမြန်ဆုံး ပေးပို့သွားမည် ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ စည်ပင်၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင် က ပြောဆိုသည်။
“တိုက်ပွဲ စဖြစ်ပြီးကတည်းက ကျနော်တို့ ပြီးခဲ့တဲ့ အပတ်ထဲက ရေကြောင်း သွားလာရင်းနဲ့ သေဆုံးခဲ့တဲ့ သေဆုံးသူ တဦး၊ ဒဏ်ရာ ရရှိသူ သုံးဦး ဒီအတွက် တွေကိုလည်း ကျနော်တို့ ငွေကြေးတွေ ထောက်ပံ့ပေးပါတယ်။ သေဆုံးသူ တဦး အတွက် သုံးသိန်းပေါ့။ ဒဏ်ရာရရှိသူတွေ ကိုလည်း ထောက်ပံ့ပေးတယ်။ တိုက်ပွဲရှောင်သူများကို ဆန်၊ ဆီ၊ ဆား၊ ပဲတွေ တလစာ ထောက်ပံ့ပေးသွားဖို့ လုပ်နေပါတယ်”ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန ပလက်ဝ မြို့နယ်မှူး ဦးမြင့်မောင်ကလည်း ပြောသည်။
အဆိုပါ တိုက်ပွဲတွင် AA အဖွဲ့သည် အရပ်သားများ စီးနင်း လိုက်ပါလာသော စက်လှေကို တပ်မတော်သားများ လိုက်ပါ လာသည်ဟု ယူဆ၍ မှားယွင်း ပစ်ခတ်ခဲ့မှုကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့ရပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရ သည်။
အလားတူ တပ်မတော်သားများ ၁၀ ဦးကျော် ကျဆုံးခဲ့ရပြီး တချို့ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံ အဖွဲ့ အစည်းများ က ပြောပြသည်။
လက်ရှိတွင် တပ်မတော်မှ နယ်မြေ လုံခြုံရေးနှင့် အရပ်သားများ လုံခြုံရေး အတွက် နယ်မြေ ရှင်းလင်းရေးများ ဆောင်ရွက်လျက် ရှိကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
ပလက်ဝမြို့နယ်အတွင်း ဖြစ်ပွားနေသော တပ်မတော်နှင့် AA တိုက်ပွဲနှင့် ပတ်သက်ပြီး ချင်း အမျိုးသား တပ်ဦး (CNF)ကလည်း မိမိတို့အနေဖြင့် ချင်းပြည်နယ် အတွင်းရှိ ပြည်သူများ လုံခြုံရေးနှင့် အရပ်သားများကို အကာအကွယ် ပေးရေး အတွက် လုပ်ဆောင် သွားမည်ဟု နိုဝင်ဘာ ၁၅ ရက်က ထုတ်ပြန်ထားသည်။