တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုနိုင်ရေး အစိုးရနှင့် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တပ်ပေါင်းစု တို့ကြား တရားဝင် တွေ့ဆုံညှိနှိုင်းရန် ပြင်ဆင်ထားမှု ပျက်ပြယ် သွားကြောင်း သတင်းရရှိသည်။
UNFC က ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး အဖွဲ့ (DPN) နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် (PC) တို့ ကြား ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ရုံးတွင် နိုဝင်ဘာ ၁၆ ရက်နေ့ တရားဝင် တွေ့ဆုံ ဆွေးနွေးကြရန် ပြင်ဆင်ထားမှု ပျက်ပြယ်သွားခြင်း ဖြစ်သည်။
“DPN အဖွဲ့တွေကတော့ ရန်ကုန်ရောက်လာတယ်။ ဒါပေမယ့် တရားဝင် ဆွေးနွေးပွဲကတော့ မလုပ်ဖြစ်ဘူး။ အစည်းအဝေး ကို ရွှေ့ဆိုင်းလိုက်တယ်။ ဘယ်တော့ ပြန်တွေ့မယ်ဆိုတာ အတိအကျ မသိရသေးဘူး” ဟု ထိုဆွေးနွေးပွဲနှင့် နီးစပ်သည့် သတင်းရင်းမြစ် တဦးက ဧရာဝတီသို့ ပြောသည်။
NCA လက်မှတ် ရေးထိုးနိုင်ရေး အတွက် UNFC က အဆိုပြုချက် ၈ ချက် တင်ပြ တောင်းဆိုခဲ့မှု အပေါ် ညှိနှိုင်းနေကြသည် မှာ ၁၅ လ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ယခုလ ၈ ရက်၊ ၉ ရက်နေ့က NRPC ရုံးတွင် ပြုလုပ်သော ၈ ကြိမ်မြောက် တရားဝင် ဆွေးနွေးမှုတွင် ၉၀ ရာခိုင်နှုန်း ပြေလည်မှု ရရှိပြီးမှ ယခုကဲ့သို့ ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။
အစိုးရနှင့် DPN တို့၏ ၈ ကြိမ်မြောက် အစည်းအဝေးတွင် ဆွေးနွေးရန် အချက် ၁ ချက်သာ ကျန်ခဲ့ခြင်းဖြစ်ပြီး ထိုအချက် သည် NCA စာချုပ်တွင် ပါရှိပြီးဖြစ်သော “ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသော ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်နှင့် အညီ” ဆိုသည့် ဝေါဟာရ အပေါ် အပြင်းပွားနေခြင်း ဖြစ်ကြောင်း သိရသည်။
“အခုဟာက ဆင်ပြောင်ကြီး အမြီးကြမှ တစ် ဆိုသလို ဖြစ်နေတယ်။ UNFC က ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဆိုတဲ့ စကားလုံးကိုပဲ သူက လိုချင်တယ်။ အစိုးရ၊ တပ်မတော်၊ လွှတ်တော် ဘက်က ပြောနေတာက NCA မှာ ပါတဲ့ ဒီမိုကရေစီ နှင့် ဖက်ဒရယ်ကို အခြေခံသော ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်နှင့်အညီ ဆိုတဲ့အပေါ်မှာ ရပ်တည်တယ်” ဟု အစိုးရ သတင်းရင်းမြစ် တဦးက ပြောသည်။
၎င်းက ဆက်၍ “နိုင်ငံရေးဆွေးနွေးပွဲက ထွက်တဲ့ဟာ မဟုတ်ဘဲနဲ့ ကျော်ပြီး လာချည်တဲ့ ဟာမျိုး ဖြစ်သွားတယ်။ ဒါကြောင့် မလို့ ဒီဘက်က NCA အတိုင်းပဲ ဆောင်ရွက်ပေးမယ့် သဘောဖြစ်သွားတယ်။ တကယ်တော့ စကားလုံးပေါ်မှာ တစ်ဆို့နေ ကြတာပါ။ အရေးကြီးတာက အနှစ်သာရနဲ့ တကယ်သွားလို့ ရသလား ဆိုတာက အရေးကြီးတာ။ အဲဒီလိုသာ စကားလုံး တွေ နဲ့ ချည်ပြီး တွက်နေမယ်ဆိုရင် NLD တောင် ရွေးကောက်ပွဲနိုင်ပြီး အာဏာရလာစရာ အကြောင်းမရှိဘူး” ဟု ပြောဆို သည်။
အစည်းအဝေး ပျက်ပြယ်သွားမှုနှင့် ပတ်သက်ပြီး အစိုးရနှင့် DPN အဖွဲ့ တာဝန်ရှိသူများကို ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပါ။
DPN သည် UNFC ၏ နိုင်ငံရေး ဆွေးနွေးရေး အဖွဲ့တခု ဖြစ်ပြီး UNFC အဖွဲ့ဝင် များဖြစ်သည့် မွန်ပြည်သစ် ပါတီ (NMSP) ၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ၊ ရခိုင် အမျိုးသား ကောင်စီ (ANC) နှင့် လားဟူ ဒီမိုကရက်တစ် အစည်း အရုံး (LDU) တု့ိမှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည်။