အနာဂတ်တွင် ရိုက်နှိပ်ထုတ်ဝေမည့် ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ထည့်သွင်းရေး အဆိုကို ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ကာ အတည်ပြုလိုက်သည်။
ယင်း အဆိုကို မြိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ခင်ဝင်းက တင်သွင်းခဲ့ခြင်း ဖြစ်ပြီး မဲခွဲဆုံးဖြတ်ရာ တွင် တပ်မတော်သား ကိုယ်စားလှယ် ၁၀၈ ဦးနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုး ရေးပါတီမှ ကိုယ်စားလှယ် တဦးတို့ က ကန့်ကွက်ခဲ့သော်လည်း ထောက်ခံမဲ ၂၈၆ မဲဖြင့် အတည်ပြု ခဲ့ခြင်းဖြစ်သည်။
အဆိုရှင် ဦးအောင်ခင်ဝင်းက “အဆိုအောင်မြင်တာ အတော်ဝမ်းသာရပါတယ်၊ ပိုက်ဆံမှာ တိရစ္ဆာန် ပုံတွေပဲ ရှိနေတာက မသင့်တော်ပါဘူး၊ ကိုယ့်ရဲ့ အမျိုးသား ခေါင်းဆောင်ကြီးရဲ့ ပုံကို ပိုက်ဆံပေါ်မှာ ပြန်လည်ရိုက်နှိပ်ဖို့ ပြည်သူတွေရဲ့ ဆန္ဒ အတိုင်း အမျိုးသားရေး တာဝန် တရပ်ကို ထမ်းဆောင်လိုက် တာပါပဲ”ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော်သား ကိုယ်စားလှယ် တဦးကမူ နိုင်ငံ၏ စီးပွားရေး တိုးတက်မှု နှေးကွေးနေချိန်တွင် မဆောင်ရွက်သင့် ကြောင်း နှင့် ငွေကြေးစနစ်ကို ပုံဖော်ရာတွင် ငွေကြေးပေါ်မှ အမှတ်တံဆိပ်များ ပြောင်းလဲခြင်းထက် ငွေကြေး တန်ဖိုး ပိုမို ခိုင်မာ လာအောင် ပြုလုပ်ခြင်းကသာ ပိုပြီး အခြေခံကျကြောင်း ကန့်ကွက် ဆွေးနွေးခဲ့သည်။
ငွေစက္ကူ အသစ်များအား ဗိုလ်ချုပ်ပုံ ထည့်သွင်းရေး အဆိုအပေါ်တွင် လွှတ်တော်က အတည်ပြုပေးရန် ဗဟိုဘဏ် ဒုဥက္ကဌ ဦးစိုးမင်း ကလည်း ထောက်ခံ တင်ပြခဲ့သည်။
အသစ် ထပ်မံရိုက်နှိပ်မည့် ငွေစက္ကူများတွင် ဗိုလ်ချုပ်ပုံများ ထည့်သွင်းရေးခြင်းကြောင့် စီးပွားရေး ကဏ္ဍတွင် ငွေကြေး ဖောင်းပွမှုများ ဖြစ်လာမည် မဟုတ်သည့်အတွက် လွှတ်တော်၏ အတည်ပြုမှုကို ကြိုဆိုကြောင်း ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးသန်းလွင်က ပြောသည်။
ဦးသန်းလွင်က “ဗိုလ်ချုပ်ပုံပါတဲ့ ပိုက်ဆံတွေ ထပ်ထုတ်မှာမို့ ငွေကြေးဖောင်းပွမှု ဖြစ်လာနိုင်တယ် ဆိုတဲ့ ပြောကြားမှုတွေက မဆီမဆိုင်တာကို ပြောနေတာပါပဲ၊ အခုပုံတွေနေရာမှာ ဗိုလ်ချုပ်ပုံ အစားထိုးလိုက်တာပဲ၊ ဗိုလ်ချုပ်ပုံ ပိုက်ဆံတွေရိုက်ရင် လက်ရှိ ပိုက်ဆံကို လျှော့ချရမယ်၊ ဒါပါပဲ”ဟု သုံးသပ်ပြောသည်။
ပိုက်ဆံများ ရိုက်နှိပ် ထုတ်ဝေရာတွင်လည်း ပိုက်ဆံအရွယ်များအား တန်းတူတညီတည်း ဖြစ်နေစေရန် မလိုအပ်ဘဲ တန်ဖိုး အလိုက် ပိုက်ဆံ အရွယ်အစားကို လျှော့ချ ရိုက်နှိပ်ခြင်းဖြင့် ကုန်ကျစရိတ် သက်သာစေမည် ဖြစ်သကဲ့သို့ လုပ်ငန်း ဆောင် ရွက်ရာတွင်လည်း အရွယ်အစား ကွဲပြားသည့် အတွက် ပိုမို အဆင်ပြေနိုင်မည် ဖြစ်ကြောင်း ဦးသန်းလွင်က ထပ်မံပြော ကြားလိုက်သည်။
မိုးမိုး ပူးပေါင်း ရေးသားသည်။