သတင်း

ဆလုံလူမျိုးများ တိမ်ကော မပျောက်ကွယ်ရေး အထူးကော်မတီ ဖွဲ့ရန်လိုဟု တိုင်းရင်းသားရေးရာ ဝန်ကြီး ပြော

Want create site? Find Free WordPress Themes and plugins.

တနင်္သာရီတိုင်းဒေသကြီးရှိ ဆလုံတိုင်းရင်းသားလူမျိုးစုများ တိမ်ကော မပျောက်ကွယ်ရေး ထိန်းသိမ်း ရန် ရံပုံငွေနှင့် မနုဿ ဗေဒပညာရှင်များ ပါဝင်သည့် အထူးကော်မတီတရပ် ဖွဲ့စည်းရန် လိုအပ်ကြောင်း တိုင်းရင်းသား လူမျိုးများ ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်က ပြောသည်။

ယမန်နေ့ နေပြည်တော်၌ ကျင်းပသည့် အမျိုးသားလွှတ်တော်၌ တနင်္သာရီတိုင်း ဒေသကြီး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်မောင်ဝင်းက “ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် ဆလုံခေါ် မော်ကင်းလူမျိုး များအား ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်းကို မည်ကဲ့သို့ ဆောင်ရွက် နေသနည်းဟူသည့် မေးခွန်းကို ဦးနိုင်သက်လွင်က ဖြေဆိုရာတွင် ထိုသို့ ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဦးနိုင်သက်လွင်က “လူမျိုးစု မတိမ်ကော မပပျောက်ရေးတို့အတွက် အကောင်အထည်ဖော်ခြင်းက ရေရှည်အချိန်ယူ ဖြေရှင်းရမယ့် လုပ်ငန်းများဖြစ်တဲ့အပြင် စဉ်ဆက်မပြတ် အောင်မြင်အောင် အကောင်အထည် ဖော်ဖို့ လုံလောက်တဲ့ ရံပုံငွေများ လိုအပ်ခြင်းနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ မနုဿဗေဒပညာရှင်ကဲ့သို့ ကျွမ်းကျင်ပညာရှင်များပါဝင်တဲ့ အထူးကော်မတီတရပ် ဖွဲ့စည်းရန်လည်း လိုအပ်လျက်ရှိပါတယ်”ဟု ဆိုသည်။

လတ်တလောတွင် ဆလုံလူမျိုးများ ပျောက်ကွယ်မှု မရှိစေရန် ကာကွယ်ထိန်းသိမ်းသည့် အနေဖြင့် တနင်္သာရီတိုင်း ဒေသကြီး အစိုးရက ဆလုံလူမျိုးများ ပညာသင်ကြားခွင့် ပိုမိုရရှိစေရန်အတွက်ဟု ရည်ရွယ်ကာ အခြေခံကျောင်းများ ဖွင့်ပေးခြင်း၊ ယခုနှစ်အတွင်းမှာပင် ဘော်ဒါဆောင် တဆောင် ဆောက်လုပ် လှူဒါန်းပေးခြင်း၊ တိုင်းဒေသကြီး အစိုးရ အစီအစဉ်ဖြင့် ဆလုံ ရိုးရာပွဲများ ကျင်းပနိုင် ရန်လည်း ၂၀၁၆ ခုနှစ်မှ စ၍ ထောက်ပံ့ပေးခြင်းအပြင် ဆလုံမိသားစု များကို အစိုးရမှ လစဉ် ဆန်ဖိုးထောက်ပံ့ပေးခြင်းများ ရှိသည်ဟု ဦးနိုင်သက်လွင်က ဆိုသည်။

မေးခွန်းမေးမြန်းသည့် ဒေါက်တာ ခင်မောင်ဝင်းက “ဒီလူမျိုးတွေက အင်မတန်မှ စိတ်ဝင်စားစရာ ကောင်းပြီးတော့ ရှေးပဝေသဏီတည်းက ဒီကျွန်းတွေမှာ အခြေချပြီး နေခဲ့ကြတာပါ။ သူတို့တွေကို ဆလုံလူမျိုးလို့လည်း ခေါ်သလို မော်ကင်းလို့လည်း ခေါ်ပါတယ်။ အဓိပ္ပယ်ကတော့ ရေမှာ ပျော်မွေ့သူလို့ ဖြစ်ပါတယ်” ဟု ပြောသည်။

ဆလုံတိုင်းရင်းသားလူမျိုးစုများသည် ယခင်က ပင်လယ်ပြင်တွင် လှေများဖြင့် လှည့်လည် သွားလာ ကာ မိသားစု လိုက်နေထိုင်ကြပြီး မိုးတွင်းအခါမှသာ ကျွန်းစုများတွင် နေထိုင်ကြကာ ရေကူး ရေငုပ် ကျွမ်းကျင်သူများအဖြစ် လူသိများသည်။

ဆလုံတို့သည် ပင်လယ်ပြင်တွင် ရေငုပ်ကာ လှံတံရှည်ဖြင့် ငါးဖမ်းခြင်း၊ ပင်လယ်ရေထွက်ပစ္စည်းများ ရှာဖွေခြင်း အလုပ်များကိုလည်း ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်သည်ဟု လူသိများသည်။

ယခုအခါ ဆလုံတိုင်းရင်းသားလူမျိုးစုများသည် ပင်လယ်ပြင်၌ နေထိုင်ကြသူများ မရှိသလောက် နည်းပါးလာပြီး ခေတ်စနစ်အရ နေထိုင်မှု ပြောင်းလဲလာကာ ကျေးရွာများတွင်သာ နေထိုင်ကြကြောင်း လက်ရှိ ဆလုံ မျိုးဆက် များသည် ရှေးယခင်က ဆလုံဘိုးဘေးများကဲ့သို့ပင် ပင်လယ်တွင်းနေထိုင်ရန် လှေများ ဆောက်လုပ်တတ်ခြင်း မရှိတော့ဟု ကော့သောင်း ဒေသခံ ကိုမော်ကင်းက ပြောသည်။

“ဆလုံတွေရဲ့ သမိုင်းကြောင်းကို ကြည့်ရင် တရုတ်တွေ ပသျှူးတွေက သူတို့ဆီက ပင်လယ်ထွက် ပစ္စည်းတွေ ယူ တယ်။ သူတို့ကို အစားအသောက် အဝတ်အထည်နဲ့ ဘိန်းတွေ ပြန်ပေးတယ်။ သူတို့က အရင်တည်းက မူးယစ်ဆေးကို ကြိုက်တယ်။ လွန်ခဲ့တဲ့ ၁၀စုနှစ်တခုကဆို အရွယ်ရောက်တဲ့ ယောင်္ကျားလေး တော်တော်များများ ကုန်သလောက် တောင် ဖြစ်ခဲ့ဖူးတယ်” ဟု ကိုမော်ကင်းက ပြောသည်။

ဆလုံတိုင်းရင်းသားလူမျိုးစုများသည် “ပင်လယ်စောင့်နတ်”ကို ယုံကြည်ကိုးကွယ်ကြသူများဖြစ်ကာ ဆလုံ တိုင်းရင်း သားဘာသာစကားများ ပြောဆိုကြသည်ဟု ကိုမော်ကင်းက ဆိုသည်။

ဦးနိုင်သက်လွင်က သက်ဆိုင်ရာအစိုးရအာဏာပိုင်အဖွဲ့များအနေဖြင့် ပင်လယ်ပြင်တွင် ဆလုံတိုင်းရင်းသား လူမျိုးစုများ ငါးဖမ်းခြင်းများကို တားမြစ်ခြင်းမရှိပဲ ခွင့်ပြုထားပြီး ဆလုံလူမျိုးများကို ထိန်းသိမ်းသည့် အနေဖြင့် ပင်လယ်ပြင် အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းမရှိစေရန်လည်း ဆောင်ရွက်လျက်ရှိပါသည် ဟု ဆိုသည်။

တိုင်းရင်းသားရေးရာ လူမျိုးများ ဝန်ကြီးဌာနက ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ရံပုံငွေဖြင့် တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာန၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ် စောင့် ရှောက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးများ ဖွင့်လှစ်ပြီး တနင်္သာရီတိုင်းဒေသကြီး အစိုးရနှင့် ပူးပေါင်းကာ ဆလုံ တိုင်းရင်းသားလူမျိုးစုများ၏ ယဉ်ကျေးမှုရိုးရာဓလေ့များနှင့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက် သွားမည်ဟု လည်း ဦးနိုင်သက်လွင်က ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများတွင် ဆလုံလူမျိုးသီးသန့် မဟုတ်ပဲ သွေးနှောထား သည့် ဗမာဆလုံ၊ ကရင်ဆလုံ၊ မွန်ဆလုံ၊ ပအို့ဝ်ဆလုံ ဟူ၍ အိမ်ထောင်စု ၄၄၀ စု၊ လူဦးရေ ၁၈၁၉ ဦး ရှိသည်ဟု ဦးနိုင်သက်လွင်က ဆိုသည်။

တနင်္သာရီတိုင်းဒေသကြီးတခုလုံးတွင် သွေးနှောခြင်းမရှိသည့် ဆလုံလူမျိုး အိမ်ထောင်စု ၁၄၅ စု၊ လူဦးရေ ၆၃၅ ဦး ရှိကာ ထိုထဲမှ ၂၀၄ ဦးမှာ ကော့သောင်းခရိုင်တွင် နေထိုင်ပြီး ၄၃၁ ဦးမှာ မြိတ်ခရိုင်တွင် နေထိုင်သည်ဟု ၎င်းကရှင်း ပြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading