ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော မြို့နယ်များတွင် လူသားချင်းစာနာမှု အကူအညီပေးရေး ဆောင်ရွက် နေသည့် ပရဟိတ လူငယ်အဖွဲ့ တဖွဲ့သည် ၎င်းတို့ ဝတ်ဆင်ခဲ့သော အကျႌဒီဇိုင်းနှင့် ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ် လာမှု ကြောင့် ယင်း အကျႌ အသုံးပြုမှုကို တရားဝင် ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
လူသားချင်း စာနာမှု ဆိုင်ရာ ညှိနှိုင်းရေး လူငယ်အဖွဲ့ (HCYT)က စေတနာ့ ဝန်ထမ်း လူငယ်များ အတွက် ထုတ်ဝေ သော တီရှပ်နှင့် ဝစ္စကုတ် နောက်ကျောဘက်တွင် ရခိုင်ပြည်နယ် မြေပုံ ဒီဇိုင်းကို ရိုက်နှိပ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။
မြေပုံတွင် ဘူးသီးတောင်၊ မောင်တော ဒေသကို အနီရောင်ဖြင့် ဖော်ပြထားခြင်း၊ သံတွဲနှင့် ဂွနယ်မြေများ မပါဝင်ခြင်းတို့ အပေါ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့နောက် HCYT က ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် နိုဝင်ဘာ ၁၅ ရက်နေ့ ရက်စွဲဖြင့် အသုံးပြုမှု ရပ်ဆိုင်း ကြောင်း တရားဝင် ထုတ်ပြန်ခဲ့သည်။
နိုဝင်ဘာ ၁၃ ရက် ထုတ်ပြန်ချက်တွင်လည်း ရခိုင်ပြည်နယ် မြေပုံ ဒီဇိုင်းပါ ဘူးသီးတောင်၊ မောင်တော ဒေသကို အနီရောင်ဖြင့် ဖော်ပြထားခြင်း သည် စီမံကိန်း နယ်မြေကို ညွှန်းဆိုထားခြင်းသာ ဖြစ်ပြီး တခြားသော မည်သည့် အဓိပ္ပာယ် ဖွင့်ဆိုချက်ကိုမျှ ကိုယ်စား မပြုကြောင်း၊ တီရှပ်တွင် သံတွဲနှင့်ဂွ နယ်မြေများ မပါလာရခြင်းသည် ဒီဇိုင်း အခက်အခဲကြောင့် ဖြစ်ကြောင်း HCYT က ရှင်းလင်း ဖော်ပြထားသည်ကို တွေ့ရသည်။
HCYT ဗဟို လူငယ်တာဝန်ခံ ကိုထက်ပိုင်စိုးက “အကျႌရဲ့ကျောဘက် ဒီဇိုင်းဆွဲတဲ့အခါမှာ အရောင်ရွေးချယ်မှု၊ နောက် မြေပုံက မြို့နှစ်ခုမပါဘူး။ နေရာမဆံ့တာကြောင့် အောက်ပိုင်းပျက်နေတယ်။ အဲဒီလိုမျိုး ဒီဇိုင်း လိုအပ်ချက်တွေ ရှိခဲ့ တယ်။ ဒါကို အွန်လိုင်းမှာ ထောက်ပြနေတဲ့ အကြောင်းအရာတွေထဲက မှန်တဲ့ အကြောင်းအရာတွေလည်း ပါပါတယ်။ ဒီဟာအပေါ် ကျနော်တို့က သဘောဆိုး မရည်ရွယ်ခဲ့ပေမယ့် မလိုမုန်းထားသူတွေက ဒါကို အသုံးချလာမှာ စိုးတဲ့ အတွက် ဆက်မသုံးတော့ပါဘူး”ဟု ပြောသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ မကြေမလည်ဖြစ်မှုများ၊ မရည်ရွယ်သော်လည်း ထင်ယောင်ထင်မှား ဖြစ်စေခဲ့မှုများကြောင့် ရခိုင် သူပြည်သူများနှင့် နိုင်ငံတဝန်းရှိ ပြည်သူများကို နားလည်ပေးနိုင်ရန် မေတ္တာရပ်ခံ တောင်းပန်ကြောင်း HCYT ၏ ထုတ်ပြန် ချက်တွင်လည်း ဖော်ပြထားသည်။
“ရခိုင်ပြည်နယ်က ဒေသခံတွေ အပါအဝင် အားလုံးကို ပြောချင်တာက လူငယ်တွေ ဆောင်ရွက်တာ လုံးဝသဘောရိုး ပါ။ကျနော်တို့မှာ တခြားသော ပဋိပက္ခဖြစ်စေတဲ့ မကောင်းတဲ့ စိတ်ဆန္ဒ လုံးဝမပါဘူး။ ကျနော်တို့ကို ယုံကြည်ပေးပါ။ အကောင်းဆုံး ဆောင်ရွက်နေတယ်။ ဒါပေမယ့် အမှားတွေပါနိုင်တာမို့ ထောက်ပြပါ။ ပိုပြီးကောင်းအောင် ပူးပေါင်း ဆောင်ရွက်ဖို့ အဆင်သင့်ပါ။ ကူညီပေးပါ။ ဝေဖန် ထောက်ပြမှုကိုလည်း အလေးအနက် ခံယူပါတယ်”ဟု ကိုထက်ပိုင်စိုး က ပြောဆိုသည်။
HCYT အနေဖြင့် ၎င်းတို့၏ အဓိက စီမံကိန်းဖြစ်သော “ပြည်သူ့အတွက် လူငယ့် ရက်နှစ်ဆယ်” အမည်ရှိ စီမံကိန်း ပထမ အသုတ်ကို စတင်နေပြီဖြစ်ပြီး ယင်းအစီအစဉ်တွင် တနိုင်ငံလုံးမှ လူငယ်လုပ်အားပေး တကြိမ်လျှင် လူ ၄၀ နှုန်း ဖြင့် ရက် ၂၀ ကြာ ရခိုင်ပြည်နယ်အတွင်းရှိ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များသို့ လုပ်အားပေးခေါ်ယူလျက် ကယ်ဆယ်ရေး ပစ္စည်းများ ဖြန့်ဝေရေးနှင့် အချက်အလက် ကောက်ခံရေးများ ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း သိရ သည်။
ပထမအသုတ်တွင် ပါဝင်သည့် စေတနာ့ဝန်ထမ်း လူငယ်များနှင့် HCYT (Regional Team) မှ လူငယ်များ၊ ရခိုင် ပြည်နယ် ဒေသခံ လူမှုရေး အဖွဲ့အစည်းများမှ လူငယ်များသည် ၂၀၁၇ နိုဝင်ဘာ ၆၊ ၇၊ ၈ ရက်က ရန်ကုန်တွင် ၃ ရက် သင်တန်း တက်ရောက်ခဲ့ကြပြီး ထိုမှတဆက်တည်း နိုဝင်ဘာ ၂၅ ရက်နေ့အထိ ရခိုင်ပြည်နယ်တွင် လုပ်အားပေး လုပ်ငန်းများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း HCYT က သတင်း ထုတ်ပြန်ထားသည်။
HCYT ကို ပြည်ထောင်စု စီမံချက်ဖြစ်သော ရခိုင်ပြည်နယ်တွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ ပေး ရေး၊ ပြန်လည် နေရာ ချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) အတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ ရခိုင်၊ ကမန်၊ မြို၊ ဒိုင်းနက်၊ မရမာကြီး၊ ဗမာ၊ ဟိန္ဒူနှင့် မွတ်စလင် လူငယ်များ စုပေါင်း ပါဝင်လျက် ယခုနှစ် အောက်တိုဘာ တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါအဖွဲ့သည် ဒေသတွင်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များအား အထောက်အကူ ပြုနိုင် ရေး၊ ကယ်ဆယ်ရေး ပစ္စည်း ဖြန့်ဝေမှု အချက်အလက်များ ကောက်ခံ ပေးရေး၊ ဒေသတွင်း ပြည်သူများအား စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးနိုင်ရေး၊ ရေရှည် တည်တံ့သော လုံခြုံငြိမ်းချမ်းမှု ဖြစ်စဉ်များကို လူငယ်များက လက်ဆင့် ကမ်း ထိန်းသိမ်းထားနိုင်ရေး စသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။