ရခိုင်ပြည်နယ် မောင်တောမြို့ပေါ်တွင် ကျပ်သိန်းပေါင်း ၁၉၅၀၀ တန်ဖိုးရှိ စိတ်ကြွ ဆေးပြားများကို နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေ ၃ နာရီကျော် အချိန် ဖမ်းဆီးရမိကြောင်း သတင်း ရရှိသည်။
အဆိုပါ ဆေးပြားများကို မောင်တောမြို့ ဗိုလ်မှူးရွာ ရပ်ကွက်နေ အသက် ၂၅ နှစ်အရွယ် အန်နာယော့ တူလာထံမှ စတင် ရှာဖွေ ဖမ်းဆီးရမိခဲ့ရာမှနေ စစ်ဆေးထွက်ဆိုချက်တွေအရ နောက်ထပ် နေရာ ၁ ခုကလည်း ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဉာဏ်ဝင်းဦးက ပြောသည်။
ဒုတိယရဲမှူးကြီး ဉာဏ်ဝင်းဦးက “ ဒီနေ့ ညနေ ၃ နာရီ ကျော်လောက်မှာ ဖမ်းမိတာပါ ။ ဖမ်းတာကတော့ ကျနော်တို့ စောင့်ကြည့်တာတွေ ရှိတယ်။ နောက် သတင်းပေးချက်အရ သွားရောက် ရှာဖွေ ဖမ်းဆီးတာပါ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဖမ်းဆီးရမိသော WY စိတ်ကြွဆေးပြားများကို အန်နာယော့ တူလာ ဖွင့်လှစ်ရောင်းချသော ကွမ်းယာကုန်စုံဆိုင်အား ဝင်ရောက် ရှာဖွေခဲ့ရာ Nanxiang ခရီးဆောင် အိတ် ၂ အိတ်ထဲတွင် ကာလတန်ဖိုး ကျပ် ၅၈၅ ၀၀၀ ၀၀၀ ရှိသော ဆေးပြား ၂၉၂ ၅၀၀ ကို ဖမ်းဆီးရမိခဲ့ကြောင်း မောင်တောမြိုခရိုင် ရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။
ထိုနောက် တရားခံဖြစ်သူ၏ ထွက်ဆိုချက်အရ ကွင်းဆက်များကို လိုက်လံ ရှာဖွေ ဖမ်းဆီးခဲ့ရာ မောင်တောမြို့မ အရှေ့ရပ်ကွက်၊ ကင်ရီရွာရှိ အီးနူးစ်၏ ဂိုဒေါင်အား ဆက်လက် ရှာဖွေခဲ့ရာ Nanxiang ခရီးဆောင် အိတ် ၆ အိတ်အတွင်းမှ ကာလတန်ဖိုး ကျပ် ၁၃၆၅ ၀၀၀ ၀၀၀ ရှိ ဆေးပြား ၆၈၂ ၅၀၀ ကို ဖမ်းဆီးရမိခဲ့သောကြောင့် စုစုပေါင်း ကာလတန်ဖိုး ကျပ် ၁၉၅၀ ၀၀၀ ၀၀၀ ရှိ ဆေးပြားပေါင်း ၉၇၅ ၀၀၀ အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ WY စာတမ်းပါ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သတ်ပြီး တရားခံဖြစ်သူ အန်နာယော့ တူလာအား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော အက်ဥပဒေအရ အမှုဖွင့် စစ်ဆေးလျှက်ရှိပြီး ကွင်းဆက်တရားခံများကိုလည်း စစ်ဆေး ဖော်ထုတ်နေကြောင်း သိရသည်။
၂၀၁၇ ခုနှစ် ဇန်နဝါရီလမှနေ ဇူလိုင်လအထိ ၇ လအတွင်း ရခိုင်ပြည်နယ်အတွင်းက WY စိတ်ကြွ ရူးသွပ် ဆေးပြား ကာလတန်ဖိုး ၁၂ ဒသမ ၇၃၈၆ ဘီလီယံ ကျော် ဖမ်းဆီးရမိကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။
ရခိုင်ပြည်နယ်၏ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေမှုများကို နှိမ်နင်းရန် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက မေယုအမည်ရှိ စစ်ဆင်ရေးတရပ်ကို ဆင်နွဲကာ ဖမ်းဆီးခဲ့မှုများ ပြုလုပ်ခဲ့ သော်လည်း မူးယစ်ဆေးဝါးရောင်း ဝယ်မှုများမှာ လက်ရှိအချိန်ထိ တွင်ကျယ်နေဆဲ ဖြစ်သည်။