မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် ဟာနွယ်စဉ်ရပ်ကွက် ၃၆ လမ်း၊ ၇၀ လမ်းနှင့် ၇၁ လမ်းကြားတွင် ယနေ့ မနက် နံနက် ၁ နာရီခန့်က ဘတ္ထရီဆိုင်ကယ် အားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ငွေကျပ် ၃၁၂၀၀၀၀၀ ကျော် တန်ဖိုးရှိ ပစ္စည်းများ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း မန္တလေးခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။
” မီးသတင်းရရခြင်း Level 1 ပဲ ထွက်ခဲ့တာပါ။ မီးလောင်တဲ့နေရာက အဝင်အထွက်ခက်တာကြောင့် အခြားအိမ်တွေကိုပါ ထပ်ကူးမှာဆိုးတာကြောင့် Lavel 4 အထိဖြစ်တာပါ။ မီးငြိမ်းသတ်ရင်း မီးသတ်တပ်ဖွဲ့ဝင်တွေ ပိတ်မိတယ်ဆိုတာ မဟုတ်ပါ ဘူး။ ထိခိုက်မှုလည်းမရှိပါဘူး။ မီးလောင်တဲ့ရပ်ကွက်က လမ်းတွေကျဉ်းတော့ မီးသတ်ကားက လိုသလောက် ဝင်မရတာ ကြောင့် တပ်ဖွဲ့ဝင်တွေက မီးသတ်ပိုက်တွေနဲ့ အနီးဆုံးနေရာအထိ ဝင်ငြိမ်းခဲ့ကြရတာပါ” ဟု မန္တလေးခရိုင် မီးသတ်ဦးစီး ဌာနမှ မီးသတ်ဦးစီးမှှူး ဦးသန်းနိုင်က ပြောသည်။
ဖြစ်စဉ်မှာ အဆိုပါ ရပ်ကွက်နေ ဒေါ်မီးမီး ဆိုသူ ပိုင်ဆိုင်သော လျှပ်စစ်ပစ္စည်း သိုလှောင်သည့် ဂိုဒေါင်အတွင်း ဘတ္ထရီဆိုင်ကယ် အားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်ခဲ့ကြောင်း၊ ပတ်ဝန်းကျင်ရှိ RC လေးထပ် အဆောက်အအုံ တလုံးကိုပါ မီးကူးစက်ခဲ့ပြီး Level 4 အဆင့်ထိ ရောက်ရှိခဲ့ကြောင်း မနက် ၅ နာရီဝန်းကျင်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် ပေ ၂၀ ပတ်လည် သံဖရိန် အုတ်ညှပ် နှစ်ထပ်တိုက်တလုံး ဆုံးရှုံးမှုတန်ဖိုး သိန်း ၂၀ ကျပ်ခန့်၊ ပေ၂၀ ပေ ၅၀ Rc နှစ်ထပ်တိုက် ဆုံးရှုံးမှုတန်ဖိုး သိန်း ၅၀ ကျပ်ခန့်၊ SURF ကားတစီး အတွင်းခန်း ဆုံးရှုံးမှု တန်ဖိုး သိန်း ၈၀ ခန့်၊ ဘတ္ထရီဆိုင်ကယ် သုံးစီး ဆုံးရှုံးမှုတန်ဖိုး ၁၂ သိန်းခန့်နှင့် လျှပ်စစ်နှင့် ပတ်သက်သည့် အတွင်းပစ္စည်းများ ၁၅ သိန်းခန့် အပါအဝင် စုစုပေါင်း ၃၁၂ သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ အချက်အလက်များအရ သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ မီးငြိမ်းသတ်ယာဉ် ၅၀ စီး၊ မီးသတ်ရေသယ်ယာဉ် ၂၀ စီး၊ အုပ်ချုပ်မှုယာဉ် ၂ စီး၊ သန္ဓေတပ်ဖွဲ့ဝင် ၇၀ ဦး၊ အရန်တပ်ဖွဲ့ဝင် ၂၀၀ ဦးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုအပေါ် မဟာအောင်မြေမြို့နယ် အမှတ် ၉ ရဲစခန်းက ပိုင်ရှင်ဖြစ်သူ ဒေါ်မီးမီးကို ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိသည်။