သတင်း

အိန္ဒိယတပ်မတော်နှင့်အတူ မြန်မာ့တပ်မတော် လေ့ကျင့်မှု စတင်

မြန်မာ့တပ်မတော်မှ အရာရှိ ၁၅ ဦးပါဝင်သော အဖွဲ့တဖွဲ့သည် တနင်္ဂနွေနေ့က အိန္ဒိယနိုင်ငံသို့ရောက်ပြီး မပ်ဂါလာဂျာပြည်နယ်ရှိ အမ်ရွိုင်းတွင် အိန္ဒိယတပ်မတော်နှင့် ၆ ရက်ကြာ ၂ နိုင်ငံပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို ယနေ့ စတင်ကြောင်း အိန္ဒိယမှ လာသော သတင်းတပုဒ်က ဆိုသည်။

The Indian Express သတင်း၏အဆို ယင်းပူးပေါင်းလေ့ကျင်မှုသည် အိမ်နီးချင်း ၂ နိုင်ငံအကြား ပထမဆုံးအကြိမ် ကြည်းတပ် ပူးတွဲစစ်ရေးလေ့ကျင့်မှုဟု သိရသည်။

ထို ပူးတွဲစစ်ရေးလေ့ကျင်မှု၏ ရည်ရွယ်ချက်မှာ မြန်မာအရာရှိများကို ကုလသမဂ္ဂ အလံအောက်ရှိ ငြိမ်းချမ်းရေးထိန်းသိမ်းမှု စစ်ဆင်ရေးများတွင် ပါဝင်နိုင်ရေးအတွက် လေ့ကျင့်ပေးရန် ဖြစ်သည်ဟု ဂူဝါဟတီ အခြေစိုက် ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးအရာရှိ ဒု ဗိုလ်မှူးကြီး ဆန်းနက် နယူတန်က ပြောကြောင်း သိရသည်။

“အခု ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့အကြား ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှု စစ်ဆင်ရေး – UNPKO အတွက် ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖြစ်ပါတယ်” ဟု ၎င်းက The Indian Express သတင်းဌာနကို ပြောသည်။

နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြည်နယ်မြို့တော် ရှီလောင်မှ ၃၀ ကီလိုမီတာအကွာ အမ်ရွိုင်းရှိ အိန္ဒိယတပ်မတော်လေ့ကျင့်ရေးစခန်းတွင် ပြုလုပ်နေကြောင်း သတင်းက ဆိုသည်။

အိန္ဒိယတပ်မတော် ကိုယ်စားလှယ်အဖွဲ့တွင် အရာရှိ ၁၆ ဦးပါဝင်သည်ဟုလည်း သိရသည်။

“အိန္ဒိိယတပ်မတော်ဟာ UNPKO မှာ တာဝန်ထမ်းဆောင်တဲ့ အတွေ့အကြုံ ကြွယ်တော့ ၆ ရက်ကြာ ဒီ ပူးတွဲစစ်ရေးလေ့ကျင့်မှုရဲ အဓိက ရည်မှန်းချက်က မြန်မာတပ်မတော် ကိုယ်စားလှယ်တွေကို UNPKO တပ်ဖွဲ့ဝင်တွေ လိုအပ်တဲ့ နည်းဗျူဟာတွေ၊ လုပ်ငန်းအဆင့်ဆင့်တွေ၊ ကျွမ်းကျင်မှုတွေနဲ့ နည်းလမ်းတွေကို လေ့ကျင့်ပေးဖို့ဖြစ်ပါတယ်” ဟု ဒု ဗိုလ်မှူးကြီး ဆန်းနက် နယူတန်က ပြောသေးသည်။

ယခု ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်သည်ဟု ဆိုကာ အနောက်နိုင်ငံများက မြန်မာ့တပ်မတော်နှင့် ဆက်ဆံရေး ဖြတ်တောက်ပြီး နိုင်ငံရေးဖိအားများ တိုးမြှင့်လာချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

ယခုလအစောပိုင်းကလည်း အမ်ရွိုင်းရှိ ပူးတွဲစစ်ရေးလေ့ကျင့်မှုစခန်းတွင် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတပ်မတော်အရာရှိများ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့သည်။

ထိုပူးတွဲစစ်ရေးလေ့ကျင့်မှု၏ ရည်ရွယ်ချက်မှာ တပ်မတော် ၂ ခုအကြား အပြုသဘောဆောင်သော ဆက်ဆံရေးတိုးတက်စေရန်ဖြစ်သော်လည်း ၂ နိုင်ငံအကြား စစ်ဆင်ရေးစွမ်းရည် တိုးတက်စေရန်နှင့် ပုန်ကန်မှု တိုက်ဖျက်ရေးနှင့် အကြမ်းဖက်ဝါဒ တိုက်ဖျက်မှု စစ်ဆင်ရေး အတွေ့အကြုံများကိုလည်း ဖလှယ်ကြသည်။

Loading