သတင်း

အနည်းဆုံး အခကြေးငွေ အမြန်ဆုံး သတ်မှတ်ရန် လက်ကမ်း ကြော်ငြာ လှုပ်ရှားမှု ပြုလုပ်မည်

Want create site? Find Free WordPress Themes and plugins.

အနည်းဆုံး အခကြေးငွေ တရက်လျှင် ကျပ် ၅၆၀၀ ထက်မနည်း အမြန်ဆုံး သတ်မှတ်ပေးရန် အတွက် လက်ကမ်း ကြော်ငြာ ဖြန့်ဝေသည့် လှုပ်ရှားမှုကို နိုဝင်ဘာ ၂၄ ရက်တွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ယင်း လက်ကမ်း ကြော်ငြာ လှုပ်ရှားမှုကို ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး နှင့် နေပြည်တော် တို့တွင် ပြုလုပ်မည် ဖြစ်သည်ဟု အလုပ်သမား အဖွဲ့အစည်းများက ပြောသည်။

လက်ကမ်း ကြော်ငြာများကို လူစည်ကားရာ နေရာများ ဖြစ်သည့် ကားမှတ်တိုင်များ၊ လမ်းဆုံများ၊ ဈေးများနှင့် အလုပ်သမား အများစုရှိသည့် စက်မှုဇုန်များတွင် ဖြန့်ဝေမည် ဖြစ်သည်ဟု ယခု လှုပ်ရှားမှုတွင် ပါဝင်သော အလုပ်သမား အရေး ကူညီ ဆောင်ရွက်နေသည့် WE Generation Network အဖွဲ့ကလည်း ပြောပြသည်။

WE Generation Network မှ ရုံးတာဝန်ခံ ကိုဝဏ္ဏစိုးက “လူစည်ကားတဲ့ ကားမှတ်တိုင်တွေ၊ ဈေးတွေ လိုနေရာတွေ မှာ ပေါ့။ မင်္ဂလာဒုံ ၊ မှော်ဘီ ၊ ဒဂုံဆိပ်ကမ်း တို့ တောင်ဒဂုံတို့မှာ ဝေမယ်။ ပဲခူးမှာဆိုရင် ရေတာရှည်၊ စွာ တို့၊ ပဲခူးမြို့ ပေါ်မှာ ရှိတဲ့ စက်မှုဇုံတွေမှာ ၊ မန္တလေးတိုင်းမှာဆို ပြည်ကြီးတံခွန်မှာ ဝေမယ်၊ နေပြည်တော်မှာဆို ရေတာရှည်မှာ ဝေမယ်”ဟု ပြောသည်။

အဆိုပါ လှုပ်ရှားမှုတွင် အလုပ်သမား အဖွဲ့အစည်း ၁၅ ဖွဲ့ခန့် နှင့် အလုပ်သမားအရေး လုပ်ကိုင်သူများ ပူးပေါင်း ဆောင်ရွက် ခြင်း ဖြစ်ကြောင်း သိရသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးအတွက် ဆောင်ရွက်ရာတွင် အလုပ်သမား၊ လူမှုဖူလုံရေးနှင့် လူဝင်မှု ကြီးကြပ် ရေး ဝန်ကြီးဌာန ၏ ဆောင်ရွက်ချက်များသည် ဥပဒေကို ကျော်လွန်နေပြီး နှောင့်နှေး နေသဖြင့် အဆိုပါ လှုပ်ရှားမှုကို ပြုလုပ်ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများ ကွန်ရက် မှ ဥပဒေအကြံပေး ဖြစ်သည့် တရား လွှတ်တော် ရှေ့နေ ဦးဌေးက ဧရာဝတီသို့ ပြောသည်။

ဦးဌေး က “အနည်းဆုံး အခကြေးငွေ ထုတ်ပြန်ရေး အတွက် အလုပ်သမား ဝန်ကြီးဌာနက ဆောင်ရွက်နေတာ တွေက အဓိက ကတော့ ဥပဒေကို ကျော်လွန်ပြီး ဆောင်ရွက်နေတာ တွေ့ရတယ်။ အနည်းဆုံး အခကြေးငွေ ဥပဒေအရ ၂ နှစ် အတွင်း အနည်းဆုံး တကြိမ် ပြင်ဆင် သတ်မှတ်ရမယ် ဆိုပေမယ့် ၂ နှစ်ကျော်သွားပြီးတော့ အခုအထိ သတ်မှတ်လို့ မပြီးသေးဘူး ဖြစ်နေတယ်။ အဲဒါကို မီးမောင်းထိုးပြတာ”ဟု ပြောဆိုသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးနှင့် ပတ်သက်ပြီး ဥပဒေအရ အမျိုးသား ကော်မတီကို လုပ်ပိုင်ခွင့် အပြည့်အဝ ပေးထားရာ ကော်မတီအနေဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ကို ရယူ၍ သတ်မှတ် ထုတ်ပြန် ရမည် ဖြစ်သော်လည်း ဝန်ကြီးဌာနက လွှတ်တော်တွင် အတည်ပြု သတ်မှတ်ရန် စီစဉ်နေခြင်းကြောင့် ကြန့်ကြာမှုများ ဖြစ်နေကြောင်းကိုလည်း ၎င်းက ပြောသည်။

“တကယ်တမ်း လုပ်ပိုင်ခွင့်က အမျိုးသား ကော်မတီကို လုပ်ပိုင်ခွင့် ပေးထားတာ။ ဒါပေမယ့် ဝန်ကြီးက အနည်းဆုံး အခ ကြေးငွေကို လွှတ်တော်ရဲ့ သဘောဆန္ဒယူပြီး ထုတ်ပြန်မယ်လို့ ပြောနေတယ်။ အဲဒါဆိုရင် ကြန့်ကြာမယ်။ အလုပ် သမားတွေမှာ လက်တွေ့ ကြုံနေရတာက လုပ်ခ မစားလောက်လို့ တောင်းဆိုနေတဲ့ အချိန်မှာ လွှတ်တော် အတည်ပြု ချက် ယူမယ်ဆိုတော့ ကြန့်ကြာနေမှာပေါ့”ဟု တရားလွှတ်တော ်ရှေ့နေ ဦးဌေး က ပြောဆိုသည်။

အနည်းဆုံး အခကြေးငွေ ယာယီနှုန်းထားနှင့် ပတ်သက်ပြီး အမျိုးသား ကော်မတီဝင် အလုပ်သမား အဖွဲ့အစည်းများ နှင့် ဝန်ကြီးဌာန ကြားတွင်လည်း သဘောထား ကွဲလွဲလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့တွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၌ ပြုလုပ်သည့် တတိယအကြိမ် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ အမျိုးသား ကော်မတီ အစည်းအဝေးတွင်မူ အနည်းဆုံး လုပ်ခလစာ နှုန်းထားသစ်ကို တရက်လျှင် ကျပ် ၄၀၀၀ နှင့် ၄၈၀၀ ကြားတွင် လျာထား အဆိုပြုခဲ့သည်။

အလုပ်ရှင်များဘက်က ၄၀၀၀ ကျပ်နှုန်းထား အဆိုပြုမှုများရှိပြီး အလုပ်သမားများ၏ တွက်ချက်မှုများအရ ၄၈၀၀ မှ ၆၆၀၀ ကျပ်ကြားတွင် သတ်မှတ်ပေးရန် တောင်းဆိုမှုများ ရှိနေသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading