သတင်း

ပလက်ဝမြို့နယ်ရှိ တိုက်ပွဲရှောင် ကျောင်းသားတချို့ ပညာဆက်သင်ကြားနိုင်ရန် စီစဉ်

Want create site? Find Free WordPress Themes and plugins.

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကုန်ပြင်ကျေးရွာအတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် – AA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် တိမ်း ရှောင်လာခဲ့သော ကလေးငယ်များကို ရှင်းလက်ဝကျေးရွာရှိ အထက(ရှင်းလက်ဝ)ကျောင်းတွင် ပညာသင်ကြား ခွင့်ပြုသွားမည်ဖြစ်ကြောင်း အထက(ရှင်းလက်ဝ)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးရှိန်းအွမ်က ပြောသည်။

ကျောင်းအုပ်ဆရာကြီး ဦးရှိန်းအွမ်က “ ကုန်ပြင် ကျေးရွာ က ကလေးတွေနဲ့ ပတ်သက်ပြီး အထက(ရှင်းလက်ဝ) မှာ တွဲပြီးတော့ သင်မှာပါ။ လောလောဆယ်ကတော့ စာရေး ကိရိယာတွေရယ်၊ ထိုင်ခုံ ပရိဘောဂတွေ လိုမှာပေါ့နော်။ အဲဒါက ဒီမှာလည်း ကျောင်းသူကျောင်းသား အင်အားနဲ့ အတိပဲ ရှိတဲ့အခါ ကျတော့နည်းနည်း အခက်အခဲ ရှိနိုင်တယ်။ ဒါပေမယ့် အဆင်ပြေအောင် ကတော့ မိဘတွေနဲ့ အုပ်ချုပ်ရေးမှူးအဖွဲ့တွေနဲ့ ဆောင်ရွက်သွားမယ်” ဟု ပြောသည်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်က ကုန်ပြင်ကျေးရွာတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲများဖြစ်ပွားခဲ့ကြရာ ရှင်းလက်ဝကျေးရွာသို့ ကုန်ပြင်ကျေးရွာမှ အိမ်ထောင်စု ၆၇ စု လူဦးရေ ၃၃၄ ဦး ထွက်ပြေး တိမ်းရှောင်ခဲ့ကြ ရာ အမျိုးသား ၃၇ ဦး၊ အမျိုးသမီး ၃၀ ဦးနှင့် ကလေးငယ် ၆၇ ဦး တို့ ပါဝင်ကြသည်။

ထိုအထဲတွင် သူငယ်တန်းမှ စတုတ္ထတန်း အထိ ကျောင်းသားကျောင်းသူ ဦးရေ ၆၇ ဦး ရှိသည့်အတွက် ပညာသင်ကြားရေး အခက်အခဲဖြစ်နေရာ အထက(ရှင်းလက်ဝ)ကျောင်း၌ တက်ရောက်နိုင်ရေး ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ပညာရေး ဌာနမှ တာဝန်ရှိသူများ သဘောတူညီမှု ရယူခဲ့ကြသည် ဟု သိရသည်။

ကုန်ပြင်ကျေးရွာမှ တိုက်ပွဲရှောင် ကလေးငယ်များ အထက(ရှင်းလက်ဝ)ကျောင်းတွင် ပညာ ဆက်လက် သင်ကြား နိုင်ရေးအတွက် လိုအပ်သော ထောက်ပံ့မှုများကို ချင်းပြည်နယ်အစိုးရအဖွဲ့မှ ကူညီပေးသွားမည် ဖြစ်ကြောင်း ပလက်ဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမြင့်နိုင်ဝင်းက ရှင်းပြသည်။

လက်ရှိတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ အပါအဝင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန နှင့် ဝေဋုန်ကျော်ဖောင်းဒေးရှင်းတို့က ကုန်ပြင်ကျေးရွာမှ တိုက်ပွဲရှောင် ပြည်သူများကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်က ဆန်အိတ် ၁၀၄ အိတ်နှင့် ၉ ပြည့်အပြင် စောင်၊ အိုး၊ခွက်၊ ပန်းကန်နှင့် ကစားစရာ အရုပ် များကို ထောက်ပံ့ပေးခဲ့သည်။

ထို့ပြင် နယ်မြေ တည်ငြိမ်သွားသည့်အခါ နေရပ်သို့ ပြန်မည့် အချိန်တွင်လည်း သွားလာရေး ကုန်ကျစရိတ်များ နှင့် နေထိုင် စားသောက်နိုင်ရေးအတွက် ထောက်ပံ့မှုများ ပေးအပ်သွားရန်လည်း ပြင်ဆင်ထားကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများသည် နိုဝင်ဘာ ၁ ရက်မှ ၁၆ ရက်အထိ ပလက်ဝမြို့နယ်အတွင်း ဖြစ်ပွားခဲ့ကြသော်လည်း လက်ရှိတွင် တိုက်ပွဲ ဖြစ်ပွားမှုမရှိတော့ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading