သတင်း

ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးပြီးနောက် သေဆုံးမှု စုံစမ်းဆဲ ဟုဆို

Want create site? Find Free WordPress Themes and plugins.

ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးပြီးနောက် သေဆုံးသွားမှုနှင့် ပတ်သက်ပြီး ကာကွယ်ဆေးနှင့် ဆက်စပ်မှုရှိ/မရှိကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ဧရာဝတီသို့ ပြောသည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင် က “စုံစမ်းစစ်ဆေးဆဲပါ။ အများကြီးထိုးတဲ့အခါကျတော့ တိုက်ဆိုင်တာတွေလည်း ရှိတာပေါ့။ ဒါပေမယ့် အခုတော့ ဆက်ထိုးနေပါတယ်။ ဘာမှဆိုးဆိုးရွားရွားတော့ မဖြစ်ဘူး။ သေတဲ့ ကိစ္စကတော့ ထပ်ပြီးတော့ အကြောင်းအရင်းတွေ အဖြေပေါ်ပြီဆိုရင် တရားဝင်ထုတ်ပြန်ပေးမှာပေါ့”ဟု ဆိုသည်။

ရှမ်းပြည်နယ် ၊ ပင်လောင်းမြို့နယ်ရှိ အသက် ၁၃ နှစ်အရွယ် သတ္တမတန်းကျောင်းသူတဦးသည် ကာကွယ် ဆေးထိုးပြီးသည့်နောက်တွင် သေဆုံးသွားရမှုဖြစ်ပွားခဲ့သည်။

ထိုပြင် ဧရာဝတီတိုင်း ၊ သာပေါင်းမြို့နယ်၌ ကာကွယ်ဆေးထိုးပြီး ၃ ရက်အကြာတွင် ၇ နှစ်အရွယ် ကလေးငယ်တဦး သေဆုံးခဲ့မှုကို စစ်ဆေးခဲ့ရာ အခြားရောဂါဖြင့် သေဆုံးခြင်းဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်မန်နေဂျာ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းက ဧရာဝတီသို့ ပြောသည်။

“နေ့တိုင်း သေဆုံးနေတာ။ နာမကျန်းဖြစ်နေတဲ့ ကလေးတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဆိုင်ဆိုင် မဆိုင်ဆိုင် ဘာကြောင့် သေဆုံးလဲဆိုတာ ဖော်ထုတ်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ နံပါတ်တစ်က ကာကွယ်ဆေးထိုးတဲ့လုပ်ငန်းနဲ့ ပတ်သက်ပြီး အမှားအယွင်းမရှိရအောင်၊ အမှားအယွင်းမရှိတာကိုလည်း သေချာအောင်လို့ပါ” ဟု ၎င်းက ဆိုသည်။

ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး မထိုးမီတွင် သက်ဆိုင်ရာဆရာဝန်ကိုယ်တိုင် စစ်ဆေးပြီးမှသာ ကာကွယ်ဆေးထိုးပေးရန် ညွှန်ကြားထားကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင် က ဆိုသည်။

မြန်မာတနိုင်ငံလုံးရှိ အသက် ၉ လမှ ၁၅ နှစ်အတွင်း ကလေး ၁၄ သန်းကျော်ကို ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးနှံသည့်လုပ်ငန်းအား နိုဝင်ဘာ ၁၅ ရက်မှ စတင်ခဲ့ကာ နိုဝင်ဘာလ ၂၀ ရက်အထိ ကလေးငယ် ၅ သန်းကျော် ကာကွယ်ဆေးထိုးပေးခဲ့ပြီး မူးမော်၊ ဖျားနာသည့် ကလေးငယ် ၅၀၀၀ ခန့်ရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်၌ ဂျပန်ဦးနှောက်ရောင်ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း ၃၉၃ ဦးရှိခဲ့ပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာလကုန်အထိ ရောဂါပိုးတွေ့သူ ၃၀၆ ဦးရှိခဲ့သည်။ အဆိုပါပိုးတွေ့သူများထဲမှ ၃၀ ရာခိုင်နှုန်းမှာ အသက်ဆုံးရှုံးခဲ့ပြီး အသက်ရှင်ကျန်ရစ်သည့် ကလေးငယ်များမှာလည်း နာတာရှည် ကိုယ်လက်အင်္ဂါမသန်စွမ်းခြင်း၊ အပြုအမူပိုင်းဆိုင်ရာ၊ အသိဉာဏ်ပိုင်းဆိုင်ရာချို့ယွင်းခြင်းများ ဖြစ်ပွားနေရကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading