သတင်း

AA ကို ရဟတ်ယာဉ်သုံး တိုက်ခိုက်မှု သမ္မတရုံး ခွင့်ပြုချက် မလိုဟု ဆို

Want create site? Find Free WordPress Themes and plugins.

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ဘူးသီးတောင် မြို့နယ် အတွင်း ရက္ခိုင့် တပ်မတော် (AA)နှင့် ဖြစ်ပွားလျက် ရှိသော တိုက်ပွဲ များတွင် မြန်မာ့ တပ်မတော်က စစ်ရဟတ်ယာဉ်သုံး တိုက်ခိုက်ခြင်းသည် နိုင်ငံတော် သမ္မတရုံးသို့ ခွင့်ပြုချက် တောင်းခံရန် မလိုဘဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်တွင် လုပ်ပိုင်ခွင့် ရှိကြောင်း အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောသည်။

“အဲဒါတွေက ခွင့်ပြုချက် မလိုပါဘူး။၂၀၀၈ဖွဲ့စည်းပုံအရ မလိုဘူး။ Constitution မှာ တပ်ကို အကုန် ပေးထားပြီးသား”ဟု သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုသည်။

ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင်လည်း စစ်ရဟတ်ယာဉ် အသုံးပြုခဲ့ခြင်း များ ရှိခဲ့ရာ ထိုစဉ်ကလည်း သမ္မတရုံးသို့ ခွင့်ပြုချက် တောင်းခံခဲ့ခြင်း မရှိကြောင်း သိရသည်။

နိုဝင်ဘာလ ၁၈ ရက်၊ ၁၉ ရက်များက ဘူးသီးတောင်မြို့နယ် နဟန်းကျေးရွာ အနီး တပ်မတော်နှင့် AA တို့ တိုက်ပွဲများ ဖြစ်ပွား ခဲ့သော်လည်း နောက်ပိုင်းတွင် တိုက်ပွဲများ ရပ်တန့် သွားခဲ့ကြောင်း၊ ပထမရက်တွင် တိုက်ပွဲမှာ ၄ နာရီ ကြာမြင့်ခဲ့ပြီး နောက်ရက်တွင် တိုက်ပွဲအတွင်း ပိတ်မိနေသည့် စစ်သားများကို ကယ်ထုတ်ရန် ရဟတ်ယာဉ် သုံးခဲ့ကြောင်း AA မှ ပြောရေး ဆိုခွင့်ရှိသူ ခိုင်သုခက ဧရာဝတီသို့ ပြောသည်။

ခိုင်သုခက “ကျောက်ဖြူ အခြေစိုက် တပ်နဲ့ ရက္ခိုင့် တပ်မတော်နဲ့ ဘူးသီးတောင်နားက နဟန်းဆိုတဲ့ ရွာနားမှာ ဖြစ်တာ။ အဲဒီ တိုက်ပွဲမှာ မြန်မာ့ တပ်မတော် ဘက်ကနေ အရာရှိအပါအဝင် ၇ ဦး ကျဆုံးတယ်။ ပြီးရင် အများအပြား ဒဏ်ရာ ရသွား တယ်။ အဲဒီနောက်ပိုင်း နောက်ရက်မှာ မနက် ၁၀ နာရီ ၅၀ ကနေ ၁၁ နာရီ ၂၀ အထိ ဟယ်လီကော်ပတာ ၂ စီးနဲ့ လာပြီး တော့မှ အရင် တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာကို ဗုံးကြဲတိုက်ခိုက်တယ်။ အဲဒီမှာ ပိတ်မိနေတဲ့ ခလရ ၅၄၃ က တပ်ဖွဲ့တွေကို လာပြီး ကယ်ထုတ်တဲ့ သဘောပါ”ဟုလည်း ပြောပြသည်။

ပြည်တွင်းစစ်တွင် ရဟတ်ယာဉ်သုံး တိုက်ခိုက်ခြင်းသည် ဂျနီဗာ ကွန်ဗန်းရှင်းကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း၊ နိုဝင်ဘာလ ၁ ရက်မှ ၉ ရက်နေ့အထိ ပလက်ဝဒေသ တိုက်ပွဲများအတွင်း မြန်မာ့တပ်မတော်က ကျေးရွာတချို့ကို မီးရှို့ခြင်း၊ တောင်ယာ များ ကို မီးရှို့ခြင်းများ ပြုလုပ်၍ AA အဖွဲ့ ရိက္ခာမရစေရန် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်ဟု AA က ပြော သည်။

“ကျနော်တို့ ရိက္ခာတွေ မရအောင်လို့ လုပ်တာပါ။ ကျနော်တို့ ဘက်ကတော့ နိုဝင်ဘာ တိုက်ပွဲတွေကနေစပြီး အခုချိန်ထိ ၂ ယောက် ကျဆုံးတာရှိတယ်။ အသေးစား ဒဏ်ရာရရှိတာတွေ ရှိတယ်”ဟုလည်း ခိုင်သုခက ဆိုသည်။

လက်ရှိတွင် ရခိုင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည့် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) နှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေဆဲ ဖြစ်ပြီး နောက်ပိုင်းရောက်မှသာ ပေါ်ပေါက်လာသည့် AA ကို အသိအမှတ်ပြုပါက အခြား တိုင်းရင်းသား အဖွဲ့ များကလည်း လက်နက်ကိုင် တပ်ဖွဲ့များ လုပ်လာနိုင်ကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် တိုင်းရင်းသားအဖွဲ့ များ နှင့် အတူ တန်းတူမထားသည့် တပ်မတော်၏ သဘောထားကို ထောက်ခံကြောင်း နိုင်ငံရေး လေ့လာသူတဦး ဖြစ်သူ ဦးရဲထွန်းက ပြောသည်။

ဦးရဲထွန်းက “သူတို့(AA)ကို အပြတ် တိုက်ပစ်လိုက်တာ ကောင်းတယ်။ အပြုတ် တိုက်ပစ်ရမယ်။ ရဟတ်ယာဉ် သုံးလည်း ကိစ္စ မရှိဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က ကြိုက်တာသုံးလို့ ရတယ်။ တကယ်လို့ အနုမြူဗုံးရှိရင် အနုမြူဗုံး ချပစ်လိုက်လည်း ရတယ်။ တပ်မတော်က ဖွဲ့စည်းပုံအရ သမ္မတကို ခွင့်တောင်းစရာ လိုတယ်လို့ မပါဘူး”ဟုလည်း ဆိုသည်။

တပ်မတော်မှ ဗိုလ်ချုပ်ကြီးဟောင်း ဦးလှဌေးဝင်း ကလည်း “ဂျနီဗာ ကွန်ဗန်းရှင်းက သူပုန်တွေအတွက် အကျူံးမဝင်ဘူး။ တို့ ရဟတ်ယာဉ် သုံးတာကလည်း နိုင်ငံအချင်းချင်း တိုက်လေယာဉ်လို ဟာမျိုး နယ်စပ်မှာ ဘယ်နှစ်မိုင်အတွင်း မသုံးရဘူး ဆိုတဲ့ သတ်မှတ်ချက်တော့ ရှိတယ်။ အဲဒါက နိုင်ငံချင်း စကားပြောရမယ့် ကိစ္စ၊ တပ်မတော်မှာ လုပ်ပိုင်ခွင့်ရှိတယ်။ AA ကို အကြမ်းဖက် အဖွဲ့လို့ ပြောထားပြီးသားပဲ”ဟု ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading