သတင်း

ဒုက္ခသည်အရေး ဘင်္ဂလားဒေ့ရှ်နှင့် သဘောတူညီမှုရမည်ဟု မြန်မာ မျှော်လင့်

Want create site? Find Free WordPress Themes and plugins.

ရခိုင်မြောက်ပိုင်းမှ ထွက်ပြေးသွားသည့် မွတ်စလင်များ ဘေးကင်းလုံခြုံရေးနှင် ဆန္ဒအလျှောက် ပြန်လာနိုင်ရေး ဘင်္ဂလားဒေ့ရှ်နှင့် နားလည်မှု စာချွန်လွှာကို ယခုရက်သတ္တပတ်၌ လက်မှတ်ရေး ထိုးနိုင်ရန် မျှော်လင့်ကြောင်း နိုင်ငံအတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ပြောသည်ဟု Reuters သတင်း က ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရဲစခန်းများကို ARSA အကြမ်းဖက် အဖွဲ့က တိုက်ခိုက်ရာ တပ်မတော်မှ နှိမ်နင်းရေးများ လုပ်ခဲ့ချိန်မှ စ၍ ရခိုင်မြောက်ပိုင်းမှ မွတ်စလင် များ ထွက်ပြေးသွားခြင်းဖြစ်သည်။

အနောက်နိုင်ငံများနှင့် လူ့အခွင့်ရေးအဖွဲ့များကမူ မြန်မာစစ်တပ်သည် လူမျိုးတုံး သုတ်သင်မှုများ ပြုလုပ်နေသည်ဆိုသည့် စွပ်စွဲမှုများ ရှိခဲ့သည်။

နိုင်ငံအတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “အဲဒါတွေဖြစ်ခဲ့သလား၊ မဖြစ်ခဲ့ဘူးဆိုတာ ကျမတို့ မပြောနိုင်ပါဘူး။ အစိုးရရဲ့တာဝန်တရပ်အနေနဲ့ ဒါမျိုးမဖြစ်အောင် သေသေချာချာကိုင် တွယ်ရမှာပါ” ဟု ယနေ့ နေပြည်တော်၌ ကျင်းပသည့် အာရှ- ဥရောပ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး နောက်ဆုံးနေ့တွင် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ပတ်သက်၍ မေးမြန်းမှုများကို ပြန်လည်ဖြေကြား ရာ၌ ထည့်သွင်း ပြောကြားခြင်းဖြစ်ကြောင်း သိရသည်။

အာဏာရ NLD အစိုးရမှာ ထိုအကျပ်အတည်းကိုင်တွယ်မှုနှင့် ပတ်သက်၍ နိုင်ငံတကာမှ ပြင်းထန် သည့် ဝေဖန်ထိုးနှက်မှုများဖြင့် ရင်ဆိုင်နေရပြီး၊ ယင်း မွတ်စလင်များ နေရပ်ပြန်ရေးနှင့် ပတ်သက်၍ လာမည့် ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့တို့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေဆုံမည် ဖြစ်ကြောင်း ပြောသည်။

“ဘေးကင်းလုံခြုံရေးနဲ့ သူတို့ဆန္ဒအလျှောက် နယ်စပ်ဖြတ်ကျော်ပြီး ပြန်နိုင်ရေး စတင်နိုင်ဖို့ အဲဒီဆွေး နွေးပွဲ ရလာဒ်အနေနဲ့ ကျမတို့ နားလည်မှု စာချွန်လွှာ(MoU)ကို ခပ်မြန်မြန်ပဲ လက်မှတ်ရေးထိုးနိုင်မယ် လို့ မျှော်လင့်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းကို သုံးစွဲသွားခြင်းမရှိဟု သိရသည်။

ဘင်္ဂလားဒေ့ရှ် ဘက်သို့ ထွက်ပြေးသွားသည့် မွတ်စလင်များအား လက်ခံရေးနှင့် ပတ်သက်၍ ၁၉၉၃ ခုနှစ် စစ်အစိုးရလက်ထက် မြန်မာ- ဘင်္ဂလားဒေ့ရှ် သဘောတူညီချက်အတိုင်း လက်ခံမည်ဟု ၎င်းက ပြောသည်။

“ဒါဟာ နေထိုင်မှု အပေါ်မှာပဲ အခြေခံပါတယ်၊ အရင်အစိုးရ ၂ ဆက်မှာလည်း အောင်အောင်မြင်မြင်နဲ့ပဲ ဒါကိုသဘောတူညီခဲ့ပါတယ်။ ကျမတို့လည်း ဒီအတိုင်း လိုက်နာသွားဖို့ ချမှတ်ထားပြီး ဖြစ်ပါတယ်” ဟု ၎င်းပြောသည်။

အဆိုပါ သဘောတူညီချက်တွင် ရိုဟင်ဂျာဟု မိမိကိုယ်မိမိ ခေါ်ဆိုနေသူများကို နိုင်ငံသားဖြစ်ရန် ဖြေ ရှင်းပေးထားခြင်းမရှိဘဲ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေဖြင့် ၎င်းတို့ကို ပြန်ပို့ခြင်း လုပ်ငန်းစဉ်အတွက်သာ အထောက်အကူပြုရန် ဖြစ်ကြောင်း Reuters ကဆိုသည်။

နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ရခိုင် ပြည်နယ်တွင် လုံခြုံရေး ထိန်းသိမ်းထားနိုင်မှု သေချာစေရန် ဆောင်ရွက်စရာရှိသည့် ကိစ္စရပ်များကို ဆောင်ရွက်နေကြောင်း၊ သို့သော် ယင်းကိစ္စရပ်များ ဖြေရှင်းနိုင်ရန် အချိန်ယူရန်လိုကြောင်း ပြောသည် ဟု သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading