မြန်မာနိုင်ငံသည် ရိုဟင်ဂျာဟု ကိုယ့်ကိုယ်ကိုယ်ခေါ်ဆိုပြီး ဘင်္ဂါလီဟု မြန်မာနိုင်ငံသား အများစုက သတ်မှတ်ထားသော ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင်များကို လူမျိုးခွဲခြားဆက်ဆံသည့်စနစ်ဖြင့် ကာလကြာရှည်စွာ ခွဲခြားဆက်ဆံနေသည်ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International- AI) က အစီရင်ခံစာ ထုတ်ပြန်ဖော်ပြလိုက်သည်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့သည် “လူမျိုးခွဲခြားဆက်ဆံခြင်းနှင့်တူသော အစိုးရက ကမကထပြုသည့် အမြစ်တွယ်နေသော ပြင်းထန်သည့် ခွဲခြားဆက်ဆံမှုစနစ်”ကို မြန်မာနိုင်ငံမှ ကျင့်သုံးနေပြီး ရခိုင်ပြည် မြောက်ပိုင်းရှိ မွတ်ဆလင်များ မည်သို့နေထိုင်ကြရပြီး ဥပဒေကြောင်းအရ “လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု” မြောက်သည်ကို အစီရင်ခံစာ ထုတ်ပြန်ရန် ၂ နှစ်တာမျှ တွေ့ဆုံမေးမြန်းမှုများနှင့် အထောက်အထားများကို စုဆောင်းခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။
လွန်ခဲ့သော ၅ နှစ်အတွင်း ခွဲခြားဆက်ဆံမှု သိသိသာသာ ပိုမိုဆိုးရွားလာကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။
ရခိုင်ပြည်နယ်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများသည် ထပ်မံခွဲခြားဆက်ဆံရန် ကိရိယာ မဖြစ်စေသင့်ကြောင်းလည်း AI ၏ အစီရင်ခံစာက သတိပေးသည်။ မြန်မာနိုင်ငံသည် ဆင်းရဲနွမ်းပါးသော ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက်များကို ထောက်ခံကြိုဆိုထားသော်လည်း ထိုအကြံပြုချက်များတွင် ရိုဟင်ဂျာများ၏ အခွင့်အရေးများကို အကာအကွယ်ပေးနိုင်ရန် ၎င်းတို့ကို နိုင်ငံသားဖြစ်ခွင့်ပေးလည်း တိုက်တွန်းထားကြောင်း ထောက်ပြပြောဆိုသည်။
“နိုင်ငံတကာ အသိုင်းအဝန်းအနေဖြင့် ဒီလိုနေ့စဉ်အိပ်မက်ဆိုးတွေကို နားလည်သဘောပေါက်ပြီး ရခိုင်ပြည်နယ်မှာ နှစ်ပေါင်းများစွာ ဖြစ်ပျက်နေတဲ့ အမှန်တရားကို ရင်ဆိုင်ရမှာ ဖြစ်တယ်”ဟု AI ၏ သုတေသနဆိုင်ရာ အထက်တန်း ဒါရိုက်တာ အင်နာ နီးစတက်က ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။ “ဒီပြဿနာကို ဖြေရှင်းဖို့ ဖွံ့ဖြိုးတိုးတက်ရေးဟာ အရေးပါပေမယ့် ခွဲခြားဆက်ဆံမှုကို ပိုမိုအမြစ်တွယ်စေမယ့်ပုံစံနဲ့ တိုးတက်အောင်တော့ လုပ်လို့ မဖြစ်ဘူး။ နိုင်ငံတကာ အသိုင်းအဝန်း၊ အထူးသဖြင့် အလှူရှင်တွေ အနေနဲ့ သူတို့ရဲ့ထိတွေ့ဆက်ဆံမှုကြောင့် ချိုးဖောက်မှုတွေမှာ ကြံရာပါ ဖြစ်မသွားအောင် ဂရုစိုက်ရမယ်” ဟုလည်း ပြောဆိုသည်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့သည် ဩဇာကြီးသော ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီး ဖြစ်ပြီး စစ်အစိုးရလက်ထက် မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများအရေးတွင် ရှေ့တန်းမှ ပါဝင်ဆောင်ရွက်ခဲ့ဖူးသည်။ ၂၀၀၉ ခုနှစ်အတွက် အဖွဲ့၏ “ယုံကြည်မှုဆိုင်ရာ သံတမန်” ဆုကို ဒေါ်အောင်ဆန်းစုကြည်အား ရွေးချယ်ချီးမြှင့်ခဲ့သည်။