သတင်း

ရခိုင်မြောက်ပိုင်း ကျောင်း ဆရာ၊ ဆရာမ ခန့်ထားရေး အရည်အချင်း လျှော့ပေါ့ပေးရန် လွှတ်တော်တွင် အဆိုတင်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောမြို့နယ်များ အပါအဝင် ဝေးလံခေါင်ဖျား ဒေသရှိ မူလတန်း ဆရာ၊ ဆရာမများ ခန့်ထားရာတွင် ပညာရေး ဝန်ကြီးဌာန အနေဖြင့် အရည်အချင်း သတ်မှတ်ချက် လျှော့ပေါ့စဉ်းစား ရန် အဆို ပြည်နယ် လွှတ်တော်တွင် တင်သွင်းကြောင်း သိရသည်။

ရခိုင်ပြည်နယ် အစိုးရမှ တဆင့် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း ယင်းအဆိုကို နိုဝင်ဘာ လ ၂၁ ရက်နေ့ က ကျင်းပသော ဒုတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော် အဋ္ဌမ ပုံမှန် အစည်းအဝေး ပထမနေ့တွင် ဘူသီးတောင် မဲဆန္ဒ နယ် အမှတ် (၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က တင်သွင်းခြင်း ဖြစ်သည်။

ဦးဇော်ဇော်မြင့်က “ကျနော်တို့ ဘူးသီးတောင်၊ မောင်တောဒေသမှာ သွားရေး လာရေးတွေလည်း ခက်ခဲတယ်။ နောက် ပြီးတော့ လုံခြုံရေး။ အသက်အန္တရာယ်ကို စိုးရိမ်ရလောက်တဲ့ လုံခြုံရေး အခြေအနေ ဆိုးဆိုးဝါးဝါးတွေက ဒီနေ့ ဒီအချိန် ထိ ရှိနေဆဲ ဖြစ်တယ်။ ဆိုတော့ ခန့်အပ်ထားတဲ့ ဆရာ၊ ဆရာတွေ အနေနဲ့ အဲဒီ ဝေးလံခေါင်ဖျားတဲ့ ခက်ခဲ့တဲ့ နေရာ တွေ ကို သူတို့တွေ မရောက်နိုင်ဘူး။ မသွားနိုင်ဘူး။ မသွားနိုင်တော့ အဲဒီက ကလေးတွေက ပညာရေး အခွင့်အလမ်းတွေ ဆုံးရှုံးတယ်” ဟု ပြောသည်။

ဘူးသီးတောင်အမတ် ဦးဇော်ဇော်မြင့်၏ အဆို အပြည့်အစုံမှာ ရခိုင်ပြည်နယ်အတွင်း ရခိုင်တိုင်းရင်းသားများ နေထိုင် သော လုံခြုံရေးနှင့် သွားလာရေး ခက်ခဲသည့် ဝေးလံ ခေါင်ဖျားဒေသရှိ မူလတန်းကျောင်းများ၊ ကျောင်းခွဲများတွင် ဒေသခံ ဆရာ၊ ဆရာမများ ခန့်အပ်ရေး၌ အထူးအစီအမံ တရပ် အနေဖြင့် ပညာအရည်အချင်း သတ်မှတ်ချက်အား လျှော့ပေါ့ စဉ်းစားပေးရန် ရခိုင်ပြည်နယ် အစိုးရမှတဆင့် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း ဖြစ်သည်။

ပညာရေး ဝန်ကြီးဌာနသည် တနိုငံလုံး အတိုင်းအတာဖြင့် လွမ်းခြုံပြီး မူလတန်း ဆရာ၊ ဆရာမများကို ခန့်အပ်ရာတွင် ဆယ်တန်းအောင်၊ ဘွဲ့ရ စသည်ဖြင့် မူဝါဒ ချမှတ်ထားသည်များမှာ ကောင်းမွန်သော်လည်း ရခိုင် မြောက်ပိုင်းဒေသ အပါအဝင် အလားတူ တိုင်းရင်းသား ဒေသများတွင် အရည်အချင်း သတ်မှတ်ချက်များကို လျှော့ပေ့ါ သတ်မှတ်ပေး နိုင်မယ်ဆိုလျှင် ဒေသခံ ကျေးရွာများတွင် ရှိသော ပညာအရည်အချင်း ၈တန်း၊ ၉ တန်း ရှိ လူငယ်များကို မူလတန်း ကျောင်းဆရာ ဆရာမများ အဖြစ် ခန့်အပ်ပေးနိုင်မည် ဖြစ်သည်ဟု ဦးဇော်ဇော်မြင့်က ပြောသည်။

ဒေသအတွင်းမှ ကလေးငယ်များသည်လည်း စာသင်ကြားခွင့် ပိုမို ရရှိသွားမည် ဖြစ်ကြောင်း၊ ဝေးလံခေါင်းဖျား ကလေး ငယ်များ ပညာသင်ကြားခွင့် ရရှိသွားမည် ဆိုလျှင် ဒေသအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများ လျော့နည်း သွားမည် ဖြစ်ပြီး တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကိုပါ အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

ထိုအဆိုနှင့် ပတ်သက်၍ မြေပုံ မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ထောက်ခံ ဆွေးနွေး ခဲ့ပြီး အဆိုကို ဆက်လက်ဆွေးနွေးရန် သင့်၊ မသင့် ဆန္ဒခံယူခဲ့ရာ ကန့်ကွက်မည့်သူ မရှိသဖြင့် လွှတ်တော်တွင် ဆက်လက် ဆွေးနွေး သွားမည် ဖြစ်ကြောင်း သိရသည်။

ပေါက်တော မဲဆန္ဒနယ် အမှတ် ၁ မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သည့် ဦးသာထွန်းအောင် က လည်း “ကျနော့်အနေနဲ့ ကတော့ အဆိုဟာ အင်မတန် သင့်လျော်တဲ့ အဆိုတခု အဖြစ် မြင်ပါတယ်။ အဲဒီ ဒေသကို အခြားနေရာတခုက ဆရာ ဆရာမ တွေအနေနဲ့ မရောက်နိုင်ဘူး။ ရောက်ရင်လည်း ကျောင်းပျက်တာ များမယ်။ ဒေသခံ တွေကို ခန့်အပ်လိုက်မယ် ဆိုရင် စာသင်ကြားမှု အပိုင်းမှာ ပိုပြီး ထိရောက်မယ်။ အတန်းပညာ အားနည်းချက် ဆိုတာကလည်း အဓိက လုပ်ငန်းခွင် စိတ်ဝင်စားမှုနဲ့ပဲ ဆိုင်ပါတယ်။ တချို့ ရွာတွေမှာ ဆိုလို့ရှိရင် ၈ တန်း၊ ၉ တန်း နဲ့ အငှား ဆရာအနေနဲ့ စာသင်ကြားနေတာတွေ ရှိတယ်။ အတန်းပညာ အားနည်းသော်လည်း စာသင်ပြတဲ့ အခါ တော် တဲ့ သူတွေ ရှိပါတယ်” ဟု ပြောသည်။

ဦးသာထွန်းအောင်သည် အငြိမ်းစား ကျောင်းဆရာ တဦး ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သော သြဂုတ်လအတွင်း အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်အတွင်းရှိ နယ်စပ်ဒေသ ကျေးရွာများမှ စာသင်ကျောင်းပေါင်း ၄၀၀ ကို ပိတ်ခဲ့ရပြီး ထိုပိတ်ထား ခဲ့ရသော စာသင်ကျောင်းများတွင် ကျောင်းသူ ကျောင်းသားပေါင်း ၁ သိန်း ၅ သောင်းကျော်ရှိကြောင်း၊ ဆရာ ဆရာမ ၂၄၈၂ ဦး ရှိကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading