သတင်း

ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးပြီးနောက် ပုသိမ်မြို့မှ ကျောင်းသူလေး တဦးသေဆုံး

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ တက္ကသိုလ်ဝင်း အတွင်းရှိ အထက်တန်းကျောင်းမှ စတုတ္ထတန်း ကျောင်းသူ မရှင်းသန့်ဝေမှာ နိုဝင်ဘာလ ၂၀ ရက်နေ့က ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးနှံ ပြီးနောက် နိုဝင်ဘာ ၂၁ ရက်နေ့ ညနေပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း သတင်းရသည်။

မရှင်းသန့်ဝေမှာ နိုဝင်ဘာလ ၂၀ ရက်နေ့က စာသင်ကျောင်း၌ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးပြီး မကြာမီ ခေါင်းမူးပြီး ကိုယ်ပူလာသည့်အတွက် စာသင်ကျောင်းမှ မိဘများထံသို့ ဖုန်းဆက်ခေါ် ကာ အကြောင်းကြားခဲ့ကြောင်း၊ မိဘများမှ မရှင်းသန့်ဝေအား အိမ်ပြန်ခေါ်လာခဲ့ပြီးနောက် ယင်းနေ့ ညနေပိုင်းနှင့် ညပိုင်းတွင် အဝါရောင်အရည်များ အော့အန်နေသည့်အတွက် ကလေးအထူးကု ဆရာဝန် နှင့် ပြသခဲ့ရာ ဆရာဝန်မှ ဆေးရုံတက်ခိုင်းသဖြင့် နိုဝင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်းတွင် ပုသိမ်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင် ကုသခဲ့ကြောင်း သိရသည်။

ပုသိမ်ဆေးရုံကြီး၌ ဆေးကုသနေစဉ် မရှင်းသန့်ဝေမှာ အော့အန်မှုများ ဆက်လက်ဖြစ်ပွား နေခဲ့ပြီး နိုဝင်ဘာ ၂၁ ရက်နေ့ ညနေပိုင်း၌ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မရှင်းသန့်ဝေ၏ မိဘများက ပြောသည်။

“၂၀ ရက်နေ့က သမီးတို့ ကျောင်းမှာ ကာကွယ်ဆေးထိုးပြီး နေ့ခင်း ၁၁ နာရီလောက်မှာ ဆရာမက ဖုန်းဆက်တယ်၊ လာ ခေါ်ပါဆိုလို့ သွားခေါ်ခဲ့တယ်။ ညနေပိုင်းကျတော့ ကိုယ်ပူတွေတက်လာလို့ ဆေးခန်းလိုက်ပြတယ်။ ညဘက်ကျတော့ အန်တာတွေ ဆက်တိုက် ဖြစ်လာတယ်။ အဲဒါနဲ့ မနက်ကျ တော့ ကလေးအထူးကုနဲ့ ထပ်ပြတဲ့အချိန် ဆရာဝန်က ဆေးရုံတက်ခိုင်းတယ်။ အဲ့ဒါနဲ့ မနေ့က ဆေးရုံ တင်ပြီး ကုသပေးနေရင်းကနေ ညနေပိုင်း မှာ ၂ ခါလောက် တက်ပြီးတော့ သတိပြန်လည် မလာတော့ တာ”ဟု မရှင်းသန့်ဝေ၏ မိခင် ဒေါ်မူမူမြင့်က ဧရာဝတီကို ပြောသည်။

အဆိုပါ ကလေးငယ်၏ ရုပ်အလောင်းကို ကျွမ်းကျင်သည့် ဆရာဝန်များဖြင့် ခွဲစိတ်ပြီး ဂျပန်ဦးနှောက် ရောင် ကာကွယ်ဆေးကြောင့် သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးကာ သတင်းထုတ်ပြန်သွားမည် ဖြစ် ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ကျန်းမာရေးဌာနမှ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း တာဝန်ရှိသူ များက ပြောသည်။

ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်ကလည်း ဂျပန် ဦးနှောက်ရောင် ကာကွယ်ဆေးထိုးပြီးနောက် သေဆုံးနေခြင်းနှင့် ပတ်သက်၍ ကာကွယ်ဆေးနှင့် ဆက်စပ်မှု ရှိ/မရှိ ကို စုံစမ်းစစ်ဆေး ဆဲဖြစ်ကြောင်း နိုဝင်ဘာ ၂၁ရက်နေ့က ဧရာဝတီသို့ ပြောကြား ထားသည်။

ဂျပန် ဦးနှောက်ရောင် ကာကွယ်ဆေးများကို ပုသိမ်မြို့နယ်ရှိ အခြေခံပညာကျောင်းပေါင်း ၂၆၅ ကျောင်းမှ ကျောင်းသူ ကျောင်းသား ၅ သောင်း ၇ ထောင်ကျော်အား နိုဝင်ဘာလ ၁၅ ရက်နေ့မှ စတင်၍ ကျန်းမာရေးဌာနမှ အခမဲ့ထိုးနှံပေး နေခြင်းဖြစ်သည်။

နိုဝင်ဘာလ ၁၉ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် ကညင်ချောင်းရွာမှ ပထမတန်း ကျောင်းသား တဦး မှာ ဂျပန် ဦးနှောက်ရောင် ရောဂါ ကာကွယ်ဆေးထိုးနှံပြီး နောက်ပိုင်း နေမကောင်း ဖြစ်ကာ သေဆုံးမှုတခု ဖြစ်ပွားခဲ့ရာ ယခု မရှင်းသန့်ဝေသေဆုံးမှုမှာ ပုသိမ်ခရိုင်တွင် ဒုတိယမြောက် ဖြစ်စဉ်ဖြစ်သည်။

မြန်မာတနိုင်ငံလုံးတွင် ကာကွယ်ဆေးထိုးပြီး နောက်ဆက်တွဲ ပြင်းထန်သည့် လက္ခဏာဖြစ်ပွားသော ကလေး ၃ ဦး ရှိခဲ့ပြီး ကလေး ၂ ဦးမှာ ပကတိပြန်လည် ကျန်းမာခဲ့သော်လည်း ရှမ်းပြည်နယ် ပင်လောင်းမြို့မှ အသက် ၁၃ နှစ် အရွယ် ကျောင်းသူလေး တဦးမှာ ကာကွယ်ဆေးထိုးနှံပြီးနောက် သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ကြောင်း၊ သေဆုံးရသည့် အကြောင်းရင်းကို စစ်ဆေးနေဆဲဖြစ်ကြောင်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန် ထားသည်။

မွေးရာပါ (သို့မဟုတ်) ရောဂါကြောင့်လည်းကောင်း၊ ဆေးဝါးကြောင့်သော်လည်းကောင်း ခုခံအားစနစ် ကျဆင်းခြင်းနှင့် AIDS ရောဂါ လက္ခဏာများ ရှိနေသည့် ကလေးငယ်များ၊ ကုသမှုခံယူပြီး ဆေး သောက်နေသော်လည်း အတက်ရောဂါ မကြာခဏ ဖြစ်နေသူများ၊ နာတာရှည်ရောဂါကို လတ်တလော ပြင်းပြင်းထန်ထန် ခံစားနေရသူများ၊ ကိုယ်ဝန်ဆောင်များနှင့် ပထမအကြိမ် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးခဲ့စဉ်က ပြင်းထန်သော ဓာတ်မတည့်ခြင်းများ ဖြစ်ပွားခဲ့သည့် ကလေးငယ်များမှာ ကာကွယ်ဆေး လုံးဝမထိုးရမည့် သူများ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လတ်တလော အပူကြီးပြီး ဖျားနေသူများ၊ လတ်တလော ကူးစက်ရောဂါ ဖြစ်ပွားနေသူများ၊ တီဘီ ရောဂါ ဖြစ်ပွားနေပြီး ဆေးကုသမှု မခံရသေးခြင်း (သို့မဟုတ်) တီဘီဆေးစသောက်နေသည့် နှစ်လ မပြည့်သေးသူများ၊ နားအလယ်ခန်း ရောင်ရမ်းနေသည့် ကလေးငယ်များမှာ ရက်ရွှေ့၍ ဆေးထိုးရ မည့်သူများဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

“တိုးချဲ့ကာကွယ်ဆေး လုပ်ငန်းကနေ ထုတ်ပြန်ထားတဲ့ညွန်ကြားချက်တွေမှာ မထိုးရမယ့်သူ၊ ရက်ရွှေ့ ထိုးရမယ့်သူက အစ အတိအကျ ထုတ်ပြန်ထားတာကို မိဘတွေအနေနဲ့ လေ့လာထားစေချင်ပါတယ်။ တကယ်လို့ ကလေးက ဆေးတခုခု သောက်နေရရင် ရောဂါအခံတခုခုရှိနေရင် အရင်ဆုံး ဆရာဝန်နဲ့ တိုင်ပင်ပြီး ထိုးသင့် မထိုးသင့် အကြံဉာဏ် တောင်းသင့် တယ်။ ဆေးမထိုးခင် ရက်တွေမှာလည်း ရောဂါ တခုခု ခံစား နေရတာဖြစ်ဖြစ်၊ ဆေးထိုးမယ့်ရက်မှာ ကလေးက မအီမသာ ဖြစ်ပြီး နေမကောင်း ဘူးလို့ မသင်္ကာရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဒါမှမဟုတ် ရက်ရွှေ့ထိုးပါလို့ အကြံပြုချင်ပါတယ်”ဟု ပုသိမ်မြို့မှ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ သူရဇော်က ပြောသည်။

ကုသရန် ဆေးမရှိသေးသည့် ဂျပန်ဦးနှောက်ရောင် ရောဂါမှာ မြန်မာနိုင်ငံတွင် နှစ်စဉ်လူပေါင်း ၃၀၀၀ မှ ၆၀၀၀ အထိ ရောဂါကူးစက် ဖြစ်ပွားနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ – WHO က ခန့်မှန်းထား ကြောင်း၊ ရောဂါကူး စက်ခံရသူများ၏ ၉၀ ရာခိုင်နှုန်းကျော်မှာ အသက် ၁၅ နှစ်အောက်ကလေးများ ဖြစ်ကြောင်း၊ ရောဂါဖြစ်ပွားသူ အားလုံး၏ ၃၀ ရာခိုင်နှုန်းမှာ သေဆုံးကြပြီး အသက်ရှင် ကျန်ရစ်သူ ကလေးငယ်များမှာလည်း နာတာရှည် ကိုယ်လက်အင်္ဂါ မသန်စွမ်းခြင်း၊ အသိဉာဏ် ချို့ယွင်းခြင်းများ ခံစားရကြောင်း အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ထို့ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် အလှူရှင်အဖွဲ့အစည်းဖြစ်သော Gavi the Vaccine Alliance အဖွဲ့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ (Unicef) တို့၏ အကူအညီ ဖြင့် မြန်မာနိုင်ငံရှှိ အသက် ၉ လမှ ၁၅ နှစ်အတွင်းရှိ ကလေး ၁၅ သန်း ကျော်ကို ဂျပန် ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးနှံရန်စီစဉ်ခဲ့ရာ နိုဝင်ဘာ ၁၅ ရက်နေ့မှ ၁၇ ရက် နေ့အထိ နိုင်ငံတဝှန်းရှိ ကလေးငယ်ပေါင်း ၅ သန်း ကျော် ကို ထိုးနှံခဲ့ပြီးဖြစ်ကြောင်း နိုဝင်ဘာလ ၁၈ ရက်နေ့ ထုတ်ပြန်သည့် ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading