သတင်း

Yangon Water Bus မြစ်ကြောင်း တိုးချဲ့ ပြေးဆွဲရန် စီစဉ်နေ

Want create site? Find Free WordPress Themes and plugins.

Yangon Water Bus မြစ်ကြောင်းတိုးချဲ့ ပြေးဆွဲရန်အတွက် ယခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့နှင့် သက်ဆိုင်ရာ အစိုးရငှာနများသို့ တင်ပြသွားမည် ဖြစ်ကြောင်း တင့်တင့် မြန်မာ ကုမ္ပဏီမှ သိရသည်။

တင့်တင့်မြန်မာကုမ္ပဏီမှ Yangon Water Bus ပရောဂျက် မန်နေဂျာ ကိုထွန်းနိုင်လင်း က“နောက်ထပ် မြစ်ကြောင်း တိုးချဲ့ ဖို့ကိုတော့ လာမယ့် ဒီဇင်ဘာလနဲ့ ဇန်နဝါရီလလောက်မှာ အစိုးရကို တင်ပြသွားမှာ ဖြစ်တယ်။ ပြီးတော့ အခု လကုန်မှာလည်း လောလောဆယ် ရောက်ရှိထားတဲ့ သင်္ဘော ၄ စီး အသစ်ရောက်ထားတာ ရှိတယ်။ အဲ့ဒီ လေးစီးရယ် ကျန်တဲ့ တစီးရယ် ဒီလကုန်ရင် အခုလိုင်းထဲကို ပြေးဆွဲတော့မယ်။ သက်ဆိုင်ရာ ဌာနတွေက စစ်ဆေးရေးတွေ လုပ်နေ တယ်။ သူတို့ဆီကနေ ခွင့်ပြုမိန့် လုပ်ငန်းလိုင်စင် ကျပြီဆိုရင် စတင်ပြေးဆွဲလို့ရပြီ။ အဲဒီ ကျရင် စုစုပေါင်း ၁၃ စီး ဖြစ် သွားမှာပါ”ဟု ဧရာဝတီသို့ ပြောသည်။

Yangon Water Bus ကို Phase 2 အနေနှင့် ညောင်တန်း-မြောက်ဒဂုံ ဖြစ်သည့် ငမိုးရိပ် မြစ်ကြောင်းကို မြစ်ကြောင်း တိုးချဲ့ရန် အတွက် ပုဇွန်တောင်ချောင်းနှင့် သန်လျင် မြစ်ဘက်ကို ယခုလမှ စတင်ပြီး ဆာဗေးများ ကောက်ယူ နေပြီ ဖြစ်ကြောင်းလည်း ၎င်းက ပြောပြသည်။

ကိုထွန်းနိုင်လင်း က“ဒေသခံတွေရဲ့ နစ်နာမှုတွေ စလုပ်နေပြီ။ သင့်တော်မယ့် နေရာတွေ အဓိကတော့ အစိုးရက ယာဉ်ကြောကြပ်တည်းမှု တွေ ဖြေလျှော့နိုင်မယ့် နေရာတွေ ကြိုးစားနေတယ်။ အစိုးရကိုတင်ပြမယ်။ တင်ပြလို့ အစိုးရ က လက်ခံလို့ရှိရင် သက်ဆိုင်ရာ ဌာနတွေနဲ့ ညိုနိူင်း ဆောင်ရွက်လို့ရှိရင် အဲဒီကျရင်တော့ ပြန်ပေးမယ်။ အခုက လေ့လာမှု ပဲ ရှိသေးတယ်။ ဘယ်နား ဘယ်နား တွေဆိုတာ ပြောလို့မရသေးဘူး။ အတိအကျဖြစ်မှသာ ထုတ်ပြန်လို့ရ တာ”ဟုလည်း ပြောသည်။

လက်ရှိတွင် ပုဇွန်တောင်ချောင်းနှင့် သန်လျင်မြို့နယ်ဘက် ခြမ်းကို မြစ်ကြောင်း လေ့လာမှုများ ကုမ္ပဏီက စတင် လုပ် ဆောင် နေပြီး ဆိပ်ကမ်း မြေအနေအထား လေ့လာမှု အပြီးတွင် အပိုင်းလိုက်အနေနှင့် သင်္ဘော ဆိုက်ကပ်နိုင်မှု အခြေ အနေများ၊ ဆိပ်ကမ်း အခြေအနေများနှင့် ခရီးသွားများအတွက် အဆင်ပြေနိုင်မှု အခြေအနေများကို လေ့လာမှုများ ဆက်တိုက် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Yangon Water Bus ကို နေ့စဉ် ရုံးတက် ရုံးဆင်း လိုက်ပါ စီးနင်းသော ပုဇွန်တောင်မြို့နယ်မှ ဒေါ်စန်းစန်းက“အခုလို လမ်းကြောင်းသစ်ပြေးဆွဲမယ်ဆို ကောင်းပါတယ်။ ဒါပေမယ့် အချိန်အတိအကျ ဖြစ်တာကို သိချင်တယ်။ အခုက သူတို့ က ပြောတယ်ဈ နာရီဝက်လောက်စီးရုံနဲ့ မြို့ထဲရောက်တယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ အချိန်က ၂ ဆလောက် ပိုကြာနေတယ်။ ဒါကြောင့်အခုက အပျော်စီးတဲ့သူအတွက်က ပိုပြီးအဆင်ပြေနေတယ်။ ရုံးသမားတွေအတွက် အဆင် မပြေသေးဘူး။ နောက်တိုးမယ့်လမ်းတော့ အချိန်အတိကျလေးနဲ့ စီစဉ်တာဖြစ်စေချင်တယ်”ဟု ဧရာဝတီသို့ ပြော သည်။

ထို့အပြင် တချို့ဆိပ်ကမ်း နေရာများသည် ကားဂိတ်နှင့် သင်္ဘောဆိပ်ကမ်းနေရာ ဝေးသောကြောင့် အခက်အခဲများ လက်ရှိတွင် ကြုံတွေ့နေရပြီး ထပ်မံ အကောင်ထည်ဖော်မည့် Yangon Water Bus လမ်းကြောင်းများကို သေချာ ကွင်း ဆင်း စစ်ဆေးဆောင်ရွက်ပြီးမှသာ လုပ်ဆောင်သင့်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

Yangon Water Bus ကို လှိုင်သာယာ-အင်းစိန်-ဗိုလ်တထောင် မြစ်ကြောင်းမှ မှတ်တိုင် ၇ တိုင်၊ သင်္ဘော ၈ စီးဖြင့် စတင် ပြေးဆွဲနေပြီး ယခုလကုန်မှ စ၍ သြစတြေးလျ ၂ ထပ်သင်္ဘော ၂ စီးနှင့် ထိုင်းနိုင်ငံမှ ဝင်ရောက်လာသည့် စတီး ဘုတ် သင်္ဘော ၃ စီးတို့ဖြင့် စုစုပေါင်း ၅ စီးဖြင့် တိုးချဲ့ပြေးဆွဲသွားမည် ဖြစ်ကြောင်း ကိုထွန်းနိုင်လင်းက ပြောသည်။

အသစ်ပြေးဆွဲမည့် သင်္ဘောများသည် ထိုင်းနိုင်ငံမှ ဝင်လာသည့် စတီးဘုတ် ၃ စီးတွင် လူစီးထိုင်ခုံ ၆၀ ဆန့် သင်္ဘော နှင့် သြစတြေးလျ နိုင်ငံမှ ၂ ထပ် လူစီးထိုင်ခုံ ၁၀၀ နှင့် ၂၀၀ ခန့်ဆန့်သော သင်္ဘော ၂ စီးတို့ဖြင့် ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ယခုပြေးဆွဲနေသော လှိုင်သာယာ-အင်းစိန်-ဗိုလ်တထောင် မြစ်ကြောင်းရှိ မှတ်တိုင်များကိုလည်း ခရီးသွား ပြည်သူများ အဆင်ပြေစေရန် လိူင်သာယာဘက် အခြမ်းတွင် မှတ်တိုင် ၂ ခု ထပ်တိုးရန် အတွက် စတင်လုပ်ဆောင်နေ သည်ဟု ဆိုသည်။

ကိုထွန်းနိုင်လင်းက “လိူင် သာယာမြို့နယ် မှတ်တိုင်အလယ် ၂ ခုလောက်ပေါ့နော်။ အဲဒါတွေ လေ့လာမှု စတင် ပြုလုပ် နေပြီ ဖြစ်တယ်။ နေရာအတိကျတော့ ပြောလို့မရသေးဘူး ပေါ့နော်။ ကျနော်တို့က သက်ဆိုင်ရာ အစိုးရဌာနတွေကို တင်ပြရဦးမယ်။ သူတို့ဆီက အတည်ပြုချက်ရမှ ပြောလို့ရမယ်။ ဘာလို့လဲဆိုတော့ ဆရာ ဒေါက်တာ မောင်အောင်တို့ လေ့လာထားတဲ့ နေရာလေးတွေလည်း ရှိတယ်။ အဲဒါကျတော့ ဆက်ပြီး လေ့လာပြီးတော့မှ ဒါသင့်လျော်တယ် ဆိုပြီး စာထွက်ပြီးတော့မှ ပြောလို့ရမယ်”ဟု ပြောသည်။

ထို့အပြင် မြစ်ကြောင်းများကိုလည်း လေ့လာမှုများ ထပ်တိုးလုပ်ရန် ရှိနေပြီး နေရာအတိကျ ပြောနိုင်ခြင်း မရှိသေးပေ။

ပန်းလိူ်အိမ်ရာမှ စတင်၍ ရွှေပြည်သာဘက်ကမ်း အထိ ခရီးသွားများကို အကောင်းဆုံးနှင့် အဆင်ပြေနိုင်သော Yangon Water Bus ဖြင့် ဝန်ဆောင်မှု ပေးနိုင်ရန် လေ့လာမှုများ လုပ်ဆောင်သည်ဟု တင့်တင့်မြန်မာ ကုမ္ပဏီက ဆို သည်။

သင်္ဘောအသစ်များ ထပ်မံရောက်ရှိ ပြေးဆွဲနိုင်မည်ဆိုလျှင် လက်ရှိ သင်္ဘောအချိန်များ စိပ်လာမည်ဖြစ်ကြောင်း သိရ သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading