မြန်မာ့တပ်မတော်၏ ရခိုင်ပြည်နယ် မြောက်ပိုင်းစစ်ဆင်ရေးသည် ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီများကို ရည်ရွယ်ပြီး “လူမျိုးစု သန့်စင်ရှင်းလင်းမှု” (အင်္ဂလိပ်လို Ethnic Cleansing) ဟု အမေရိကန် အစိုးရက သတ်မှတ်လိုက်ပြီး ၎င်းတို့အခေါ် “ရက်စက်ကြမ်းကြုတ်မှုများ” အတွက် တာဝန်ရှိသူများကို ပစ်မှတ်ထား အရေးယူရန် ခြိမ်းခြောက်လိုက်သည်။
“ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အခြေအနေများသည် ရိုဟင်ဂျာများကို လူမျိုးစု သန့်စင်ရှင်းလင်းမှုဖြစ်သည်”ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်စ်တေလာဆန်က ယမန်နေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ထုတ် ကြေညာချက်တွင် ဖေါ်ပြသော်လည်း လွန်ခဲ့သောအပတ်က မြန်မာနိုင်ငံ လာပြီး အရပ်ဘက် စစ်ဘက် ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် သူသည် ထိုအသုံးအနှုန်းကို ရှောင်ရှားခဲ့သည်။
“အမေရိကန်ပြည်ထောင်စုသည် ထိုဖြစ်ရပ်အတွက် တာဝန်ရှိသူများကို ထို ချိုးဖောက်မှု စွပ်စွဲချက်များအတွက် အလားအလာရှိသော ပစ်မှတ်ထား အရေးယူခြင်းအပါအဝင် အမေရိကန်တရားဥပဒေဖြင့် အရေးယူမည်”ဟုလည်း ရက်စ်တေလာဆန်၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။
အမေရိကန်အစိုးရသည် ဥပဒေပြု ကွန်ဂရက်၏ ဖိအားပေးမှုကို ခံနေရသောကြောင့် မြန်မာ့တပ်မတော်နှင့် အရပ်သားအစိုးရကို ဖိအားပေးရန် ၎င်းတို့ရပ်တည်ချက်ကို ယခုကဲ့သို့ ရွေးချယ်ခဲ့ခြင်းဖြစ်ပုံရသည်။
လူ့အခွင့်အရေး အဖွဲ့အစည်းများက မြန်မာလုံခြုံရေးတပ်ဖွဲ့များသည် ဩဂုတ်လ ၂၅ ရက်တွင် ရိုဟင်ဂျာ စစ်သွေးကြွများက ရဲကင်း ၃၀ နှင့် တပ်မတော်စခန်း တခုကို တိုက်ခိုက်မှုအပြီး နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးအတွင်း အရပ်သားများကို သတ်ဖြတ်မှု၊ အစုလိုက် အပြုံလိုက် အဓမ္မပြုကျင့်မှုနှင့် မီးရှို့မှုများ အပါအဝင် ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်ခဲ့သည်ဟု စွပ်စွဲသည်။
ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံများက လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကို တောင်းဆိုနေခဲ့ကြသော်လည်း မြန်မာ့တပ်မတော်က မိမိဘာသာ စုံစမ်းစစ်ဆေးမှု ပြုကာ တပ်မတော်သားများတွင် အပြစ်လုံးဝ မရှိကြောင်း ထုတ်ပြန်ခဲ့သည်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း စွပ်စွဲချက်များမှာ ချဲ့ကားလွန်းကြောင်း ပြောဆိုနေခဲ့ပြီး မြန်မာ အရပ်ဘက် စစ်ဘက်ခေါင်းဆောင် အများစုက စစ်သွေးကြွများ၏ တိုက်ခိုက်မှုကို အကျပ်အတည်း၏ မီးပွားဟု သတ်မှတ်ခံယူနေကြသည်။
စစ်သွေးကြွတိုက်ခိုက်မှုကို အမေရိကန်ပြည်ထောင်စုက ရှုတ်ချသော်လည်း တေလာဆန်က ” မည်သည့်ရန်စမှုကိုမှ နောက်ဖြစ်လာသော ရက်စက် ကြမ်းကြုတ်မှုအတွက် တရားမျှတမှု အကြောင်းအရင်းအဖြစ် သတ်မှတ်ရန် မဖြစ်နိုင်” ဟုလည်း ဖော်ပြသည်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ၂ နှစ်သားအစိုးရသည် အာဏာခွဲဝေယူထားရသည့် ဗိုလ်ချုပိကြီးများကို မထိန်းချုပ်နိုင်ဘဲ ရခိုင်မြောက်ပိုင်း အကျပ်အတည်းကို ကိုင်တွယ်ပုံအား နိုင်ငံတကာက အပြင်းအထန်ဝေဖန်ကြသည်။
လူမျိုးစု သန့်စင်ရှင်းလင်းခြင်းဆိုသည့် ဝေါဟာရကို အမေရိကန်နှင့် နိုင်ငံတကာဥပဒေတွင် လတ်တလော အဓိပ္ပါယ် အတိအကျ ဖွင့်ဆိုထားခြင်း မရှိကြောင်းနှင့် ထို့ကြောင့် လတ်တလော အကျိုးဆက်ရှိမည် မဟုတ်ကြောင်း အမေရိကန်အရာရှိတဦးကို ကိုးကားပြီး ရိုက်တာသတင်းတပုဒ်က ရေးသားထားသည်။