အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်က မြန်မာ့တပ်မတော်သည် ရခိုင်ပြည်နယ် မြောက်ပိုင်း စစ်ဆင်ရေးများတွင် ရိုဟင်ဂျာ (ခေါ်) ဘင်္ဂလီများကို ရည်ရွယ်ပြီး “လူမျိုးစု သန့်စင်မှု” (Ethnic Cleansing) ပြုလုပ်ခဲ့သည်ဟု ပြောဆိုချက်များသည် ရခိုင်ပြည်နယ် ရေရှည် ငြိမ်းချမ်းရေးအတွက် မြန်မာနိုင်ငံအတွက် အကူအညီ မဖြစ်ကြောင်း သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောသည်။
ဦးဇော်ဌေးက “ဒီထုတ်ပြန်ချက်ဟာ ရေရှည်အတွက် အဖြေရှာဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံကို ကူညီရာ မရောက်ပါဘူး။ ထုတ်ပြန်ချက်မှာ ဟိန္ဒူဘာသာဝင်တွေနဲ့ အပြစ်မဲ့အရပ်သားတွေ ARSA ရဲ့ အသတ်ဖြတ်ခံခဲ့ရတာတွေကို ထည့်သွင်း ဖော်ပြထားတာ မတွေ့ရပါဘူး။ သက်သေ အထောက်အထားခိုင်လုံတဲ့ အချက်အလက်တွေ မရှိဘဲ ကောက်ချက်ချထားတာ တွေ့ရပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အမေရိကန်ပြည်ထောင်စုသည် အထက်ပါ ဖြစ်ရပ်များအတွက် တာဝန်ရှိသူများကို လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များ အတွက် အလားအလာရှိသော ပစ်မှတ်ထား အရေးယူခြင်း အပါအဝင် အမေရိကန်တရားဥပဒေဖြင့် အရေးယူမည်ဟုလည်း ရက်စ်တေလာဆန်၏ ကြေညာချက်တွင် ဖော်ပြထားရာ အမေရိကန်အစိုးရသည် ဥပဒေပြု ကွန်ဂရက်၏ ဖိအားပေးမှုကို ခံနေရသောကြောင့် တပ်မတော်နှင့် အစိုးရကို ဖိအားပေးရန် ၎င်းတို့ရပ်တည်ချက်ကို ယခုကဲ့သို့ ရွေးချယ်ခဲ့ခြင်းဖြစ်ပုံရကြောင်း သုံးသပ်မှုများ ရှိနေသည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်စ်တေလာဆန်၏ မြန်မာပြည် ခရီးစဉ်အတွင်း အစိုးရ၊ တပ်မတော် ခေါင်းဆောင် များနှင့် တွေ့ဆုံခဲ့ရာ ရခိုင်အရေးပေါ်တည် ရပ်တည်မှု မတူညီသည်ကို သိရှိပြီးနောက် ယခု ကြေညာချက်ကို ထုတ်ပြန်လာခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့မှ သတင်းစာဆရာ ဦးသီဟသွေးက ပြောသည်။
“အစိုးရကတော့ ရခိုင်မှာ မဟုတ်တာ လုပ်တာတွေရင်တော့ အရေးယူမှာပဲ။ တာဝန်လည်း ခံမှာပဲ။ ဒါပေမယ့် အမေရိကန် အနေနဲ့ စဉ်းစားတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ တာဝန်ခံသော်လည်း အောက်ခြေနဲ့ အတွင်းပိုင်းမှာ တကယ်ဖြစ်နေတာတွေကို သိရှိနိုင်ဖို့ အခုလို လုပ်တာ ဖြစ်နိုင်တယ်”ဟု ၎င်းက သုံးသပ်သည်။
မြန်မာ အစိုးရ အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိပါက သက်သေအထောက်အထားများ ပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း အတည်ပြုစစ်ဆေးမှုအတွက် အထောက်အကူဖြစ်စေမည့် အဓိပ္ပါယ်ရှိသည့် အချက်အလက်များ မရရှိခဲ့ကြောင်း၊ ထို့ကြောင့် ယခု ထုတ်ပြန်ချက်၏ ရည်ရွယ်ချက်ကိုတော့ အမေရိကန် အစိုးရပင် အသိဆုံးဖြစ်လိမ့်မည် ဖြစ်ကြောင်း သမ္မတရုံးက ပြောသည်။
“မြန်မာနိုင်ငံကတော့ ဒေါက်တာ ကိုဖီအာနန်အစီရင်ခံစာ အကြံပြုချက်တွေပေါ်မှာ အခြေခံပြီး ရခိုင်မြောက်ပိုင်း အတွက် ရေရှည် အဖြေတခုကို ရှာဖွေဖို့ ကြိုးစားသွားပါမယ်”ဟု မြန်မာအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးက ပြောသည်။
ထို့ပြင် ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ဘောရစ်ဂျွန်ဆင်ကလည်း နိုင်ဝင်ဘာလ ၂၁ ရက်နေ့က ရခိုင် မြောက်ပိုင်းတွင် တပ်မတော်၏ လူမျိုးတုံးသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်နိုင်ရန် အထောက်အထား အမြောက်အများ ရရှိထားကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။
နိုင်ငံတကာ ဖိအားပေးမှုများ ရှိနေသည့်ကြားမှာပင် မြန်မာ အစိုးရသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် “ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ လာသူများ ပြန်လာရေး အစီအစဉ်”ကို နိုဝင်ဘာလ ၂၃ ရက်နေ့က သဘောတူနိုင်ခဲ့ပြီး ၂ ပတ်အတွင်း ၂ နိုင်ငံ ပူးတွဲကော်မတီ ဖွဲ့စည်းရန်၊ ၂ လ အတွင်း ဒုက္ခသည် ပြန်လည်လက်ခံရန် သဘောတူခဲ့ပြီး ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်း က အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးသိန်းဆွေက ဧရာဝတီသို့ ပြောသည်။
သို့သော် ပြန်လာမည့်သူများသည် မိမိသဘောဆန္ဒ အလျောက် ပြန်လာရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဥပဒေချိုးဖောက်ခဲ့သူများ ဖြစ်ပါကလည်း တရားဥပဒေနှင့်အညီ အရေးယူခံရမည် ဖြစ်ကြောင်း၊ ဒုက္ခသည် လက်ခံသည့်နေရာတွင် NVC ကတ်များကို တခါတည်း ထုတ်ပေးရန် မူချထားကြောင်လည်း ဝန်ကြီး ဦးသိန်းဆွေက ရှင်းပြခဲ့သည်။
မြန်မာနိုင်ငံကို ရခိုင်အရေး အကြောင်းပြု၍ နိုင်ငံတကာမှ ဆက်တိုက် ဖိအားပေးမှုများ ပြုလုပ်ချက်ရှိရာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ကြေညာချက် ထုတ်ပြန် သတိပေးခြင်း၊ အထွေထွေ ညီလာခံ တတိယ ကေ်ာမတီက ဆုံးဖြတ်ချက်များ ချမှတ်ခြင်းနှင့် အမေရိကန်နှင့် အနောက်နိုင်ငံများမှ ပုံစံအမျိုးမျိုးဖြင့် ဖိအားပေးမှုများ ပြုလုပ်လျက်ရှိသည်။
ဆက်စပ်ဖတ်ရှုရန်- “လူမျိုးစု သန့်စင် ရှင်းလင်းမှု” အပေါ် သူတို့အမြင်များ
– ရခိုင်မြောက်ပိုင်း စစ်ဆင်ရေး “လူမျိုးစု သန့်စင်ရှင်းလင်းမှု”ဟု အမေရိကန် သတ်မှတ်