သတင်း

ရခိုင်အရေး မြန်မာဘက်က ရပ်တည်ပေး၍ တရုတ်ကို ကျေးဇူးတင်ဟု တပ်ချုပ်ပြော

Want create site? Find Free WordPress Themes and plugins.

ရခိုင်အရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာက ဖိအား ပေးနေချိန်တွင် မြန်မာဘက်က ရပ်တည်ထောက်ခံ ပေးသည့် အတွက် တရုတ် အစိုးရကို ကျေးဇူးတင်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တရုတ် နိုင်ငံ သို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေစဉ် ပြောဆိုလိုက်သည်။

တရုတ်နိုင်ငံ ဗဟို စစ်ကော်မရှင် အဖွဲ့ဝင်နှင့် ပူးတွဲ စစ်ဦးစီးဌာန စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး လီကျူးဝေါချင်း (Gen. Li Zuocheng) နှင့် နိုဝင်ဘာ ၂၂ ရက်နေ့က တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယင်းသို့ ပြောဆိုခြင်း ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ထားသည်။

ထိုသတင်း ထုတ်ပြန်ချက်တွင် “ရခိုင်ပြည်နယ် အရေးကိစ္စတွင်လည်း နိုင်ငံ တကာ မျက်နှာစာ၌ တရုတ်နိုင်ငံက မြန်မာနိုင်ငံ ဘက်မှ ရပ်တည်ပေးသည့် အတွက် ကျေးဇူး အထူးပင်တင်ရှိကြောင်း ဆွေးနွေးပြောကြားသည်” ဟု ဖော်ပြပါရှိသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း အကြမ်းဖက်မှုကို ကိုင်တွယ်ရာတွင် ယင်းဒေသရှိ အရပ်သား မွတ်စလင်များ အပေါ် လူ့ အခွင့်အရေး ကျူးလွန်မှုများ ရှိသည်ဟု အမေရိကန်အစိုးရ အပါအဝင် အနောက်နိုင်ငံ တချို့က တပ်မတော် အပေါ် ဖိအားပေး ပြောဆိုမှုများ ရှိနေချိန်လည်း ဖြစ်သည်။

အထူးသဖြင့် အမေရိကန် နိုင်ငံခြားရေးဌာနက ရခိုင်ပြည်နယ် မြောက်ပိုင်း ဖြစ်စဉ်၌ ကိုင်တွယ် ဆောင်ရွက်ပုံသည် လူမျိုးစု ရှင်းလင်းမှု Ethnic Cleansing ဆိုသည့် အသုံးအနှုန်းကို သုံးစွဲလိုက်ပြီး ထိုကိစ္စနှင့် ပတ်သက်၍ အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ရန် အမေရိကန် လွှတ်တော် အမတ်များကလည်း တိုက်တွန်းလျက်ရှိသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ် ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး လီကျူးဝေါချင်း၏ ဖိတ်ကြားချက်အရ နိုဝင်ဘာလ ၂၁ ရက်နေ့က တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်နေခြင်းဖြစ်ပြီး ထိုခရီးစဉ်၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဂုတ်ပြု တပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ချစ်ကြည်ရေးခရီးစဉ် ဖိတ်ကြားမှုအတွက် ကျေးဇူးတင်ကြောင်း၊ ယခုကဲ့သို့တွေ့ဆုံ ဆွေးနွေးမှုမှ တဆင့် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်ကြား ဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်လာမည် ဖြစ်ကြောင်း၊ ထိုမှ တဆင့် နှစ်နိုင်ငံနယ်စပ် တည်ငြိမ် အေးချမ်းရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို များစွာ အထောက်အကူပြု နိုင် မည် ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ဗိုလ်ချုပ်ကြီး လီကျူးဝေါချင်း ကလည်း တပ်မတော်နှစ်ရပ်ကြား ဆက်ဆံမှုမှသည် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုတိုးတက်ရရှိ စေမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် များနှင့် သဘာ၀ ဘေးအန္တရာယ် ကျရောက် ချိန်များတွင်လည်း ကူညီထောက်ပံ့ ပေးခဲ့ပြီး အကူအညီများ ဆက်လက် ပေးသွားမည်ဟု ပြောဆိုကြောင်း သိရသည်။

နှစ်နိုင်ငံ အဆင့်အလိုက် နီးနီးကပ်ကပ် ဆက်ဆံ ဆောင်ရွက်ခြင်းဖြင့် နယ်စပ်ဒေသ ပြဿနာများအား အတတ်နိုင်ဆုံး ဖြေရှင်း ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းနှင့် တောင်တရုတ် ပင်လယ်အရေး ကိစ္စတွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ ဘက် မှ ရပ်တည်ပေးခဲ့သည့် အတွက် ကျေးဇူးတင်ရှိသည်ဟု ဆိုသည်။

ထို့အတူ တပ်မတော် နှစ်ရပ်ကြား လေ့ကျင့်ရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍနှင့် အားကစား ကဏ္ဍများ တွင် ပူးပေါင်းဆောင်ရွက်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်း ဆောင်ရွက်ရေး၊ တပ်မတော်ယဉ်ကျေးမှု အဖွဲ့များ အပြန်အလှန်စေလွှတ်ပြီး နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် ချစ်ကြည်ရင်းနှီးမှု ပိုမိုမြှင့်တင် ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းအရေးနှင့် ပတ်သက်၍ ဖိအားပေးခံနေရချိန်တွင် တရုတ်အစိုးရ၏ ထောက်ခံမှု ရရှိနေသကဲ့ သို့ ရုရှားနိုင်ငံကလည်း ကာကွယ် ပြောဆိုပေးမှုများ ရှိနေသည်ကို တွေ့ရသည်။

ရခိုင် အရေးနှင့် ပတ်သက်ပြီး လွတ်လပ်သည့် နိုင်ငံတကာ စစ်ဆေးရေး အဖွဲ့များ ဝင်ရောက်ရန် မလိုအပ်သလို၊ မြန်မာနိုင်ငံ အပေါ် ဖိအားပေးခြင်း၊ အပြစ်တင်ခြင်းနှင့် စွပ်စွဲခြင်းများသည် အလုပ်ဖြစ်လိမ့်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားသံအမတ်ကြီး ဒေါက်တာ နီကိုလိုင်း လစ်တိုပါဒေ့ါဗ် က ပြောဆိုကြောင်း Reuters သတင်း တရပ်တွင်လည်း ဖော်ပြထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading