သတင်း

နမ့်ဆန်ရှိ ၁၇ (၁) ကျောင်းသားအမှု ပြန်လည် စိစစ်ရန် လွှတ်တော်အထူးကော်မရှင်သို့ တောင်းဆို

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်အတွင်း မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရသည့် ၁၄ နှစ်အရွယ်ကျောင်းသား၏ အမှုကို ပြန်လည် စိစစ်ပေးရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအုန်းကျော်က ပြည်ထောင်စု လွှတ်တော်၏ အထူးကော်မရှင်သို့ စာပို့တောင်းဆိုထားသည်ဟု သတင်းရရှိသည်။

ဦးစိုင်းအုန်းကျော်က နိုဝင်ဘာလ ၂၃ ရက်တွင် ပြည်ထောင်စုလွှတ်တော်ရှိ အထူးကော်မရှင် တရပ်ဖြစ်သည့် “ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်” ကို စာပို့ထားခြင်း ဖြစ်ကြောင်း၊ ၁၇(၁) ပုဒ်မသည် မရှိသင့်တော့သည့် ဥပဒေပုဒ်မ တခုဖြစ်ကြောင်း သုံးသပ်သည်။

၎င်းက “စာက အမှုကို ပြန်လည် စိစစ်ပေးဖို့ ကျနော်တောင်းဆိုတဲ့ သဘောပါ။ အဓိက က တော့ ၁၄ နှစ် အသက်မပြည့်သေးတဲ့ ကျောင်းသားလူငယ်လေးကို ၁၇ (၁) နဲ့ တရားစွဲတယ် ဆိုတာ ကတော့ မဖြစ်သင့်တဲ့ ကိစ္စလေ ၊ အဓိက ကတော့ အဲဒါပါ”ဟု ဧရာဝတီကို ပြောသည်။

ဆက်လက်ပြီး ဦးစိုင်းအုန်းကျော်က “ကျနော် ကော်မရှင်ကို တင်ထားတယ်ဆိုတော့ ကော်မရှင်က စိစစ်သုံးသပ်ပြီးတော့ ပြောလာမယ်။ ကော်မရှင်က ပြန်လည်သုံးသပ်ပြီး အကြောင်းကြားလာမယ့် အပေါ် မူတည်ပြီး ကျနော့် အနေနဲ့ ဘယ်လို ပြင်ဆင်ရမလဲ ဆိုတာာတွေ ဆက်လုပ်သွားဖို့ ရှိပါတယ်”ဟုလည်း ဆိုသည်။

မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရသူမှာ ၁၄ နှစ်အရွယ် အဌမတန်းကျောင်းသား မိုင်းချိုမင်းထွေး (ခ) အိုက်ယန်းဖြစ်ပြီး တအောင်း တိုင်းရင်းသား တဦးဖြစ်ပြီး အောက်တိုဘာလ ၅ ရက်က ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ အပြင်ဘက်တွင် တပ်မတော် စစ်ကြောင်းများနှင့် တွေ့ရာ စစ်ဆေးခံခဲ့ရာမှ ၎င်း၏ ဖုန်းထဲတွင် တအောင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၏ ဓာတ်ပုံ တွေ့သဖြင့် ဖမ်းဆီးစစ်ဆေး ခံခဲ့ရခြင်း ဖြစ်သည်။

မိုင်းချိုမင်းထွေးကို နမ့်ဆန်မြို့အခြေစိုက် တပ်ရင်း ၃၂၄ က ၇ ရက်ကြာအောင် ဖမ်းဆီး စစ်ဆေးခဲ့ပြီး အောက်တိုဘာလ ၃၀ ရက်တွင် တပ်မ ၇၇ မှ ဗိုလ်မှူးမြင့်မောင်မောင်စိုးက တရားလို ပြုလုပ်ကာ မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

တရားရုံုးမှ အမှုကို တရက်တည်း အပြီး စစ်ဆေးကာ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ခြင်း ဖြစ်ပြီး တရားခွင်တွင် မိုင်းချိုမင်းထွေး၏ မိခင်တဦးတည်းသာ ကြားနာခွင့် ရခဲ့သည်။ ၎င်းဖမ်းဆီးစစ်ဆေးခံရစဉ်က နမ့်ဆန်းမြို့တဝိုက်တွင် တပ်မတော်နှင့် TNLA တို့အကြား စစ်ရေး မငြိမ်မသက်ဖြစ်ပွားထားသည့် အချိန်လည်း ဖြစ်သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအုန်းကျော်၏ စာထဲတွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေရာ ဒေသများတွင် အကြောက်တရားများဖြင့် နေထိုင်နေရသည့် ပြည်သူများကို နိုင်ငံတော်က အကာအကွယ်ပေးရန်၊ နိုင်ငံတော်အနေဖြင့် ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အလေးထားခြင်းအားဖြင့် မိုင်းချိုမင်းထွေး အမှုကို ပြန်လည် စိစစ်ပေးရန် အကူအညီ တောင်းခံကြောင်း ရေးသားထားသည်။

တအောင်းဥပဒေ အထောက်အကူပြုအဖွ့ဲ၊ တာဝန်ခံ မိုင်းမျိုးအောင်ကလည်း မိုင်းချိုမင်းထွေး၏ အမှုကို ကျောက်မဲခရိုင်တရားရုံးတွင် အယူခံဝင်ရန် ဆောင်ရွက်နေကြောင်း၊ ပြည်ထောင်စုလွှတ်တော် ကော်မရှင်မှ အမှုကို ပြန်လည်စိစစ်မည်ဆိုပါက ပိုမိုကောင်းမွန်မည်ဟု ပြောသည်။

“သူက မန္တလေးမှာ ရှိတဲ့ ကလေးသူငယ်ပြုစုထိန်းသိမ်းရေး သင်တန်းကျောင်းမှာ ပို့ထားတယ်။ နိုဝင်ဘာလ ၉ ရက်နေ့တည်းက ပို့လိုက်တာ။ အခုတော့ အဲဒီမှာပဲ ရှိတယ်။ ကျနော်တို့က သူ့အတွက် အယူခံဆက်တက်ဖို့ လုပ်နေတယ်။ လောလောဆယ် လူငယ်သင်တန်းကျောင်းက ကျောင်းအုပ်ကြီးက လက်မှတ်မထိုးပေးသေးတော့ ကျနော်တို့ အယူခံတက်ဖို့ မရသေးပါဘူး။ လက်မှတ်ရရင်တော့ အယူခံဆက်တက်ဖို့ ရှိပါတယ်” ဟု ပြောသည်။

လူငယ်ထိန်းသိမ်းရေးကျောင်းတွင် ရှိနေသည့် မိုင်းချိုမင်းထွေးက လက်ရှိတွင် စိတ်ပိုင်းဆိုင်ရာအရ ကြောက်လန့်နေသည့် အခြေအနေမျိုး ရှိနေသည်ဟုလည်း မိုင်းမျိုးအောင်က ပြောသည်။
“သူက အဖေ မရှိတော့ဘူး။ အမေပဲ ရှိတယ်။ သူ့အမေက ဗမာစကားမတတ်တာရယ်။ သွားဖို့ လာဖို့ ခရီးစရိတ် အခက်အခဲရှိတာရယ်ကြောင့် မန္တလေးရောက်ပြီးတဲ့ နောက်မှာတော့ သူ့အမေက သူနဲ့ သွားတွေ့ တာ မျိုး မရှိသေးပါဘူး”ဟု မိုင်းမျိုးအောင်က ဆိုသည်။

မိုင်းချိုမင်းထွေးအမှုနှင့် ပတ်သက်၍ တအာင်းကျောင်းသား လူငယ်များ အဖွဲ့ (TSYU) ကလည်း ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ချက် တစောင်ကို နိုဝင်ဘာလ ၁၀ ရက်က ထုတ်ပြန်ထားပြီး ထိုထုတ်ပြန်ချက်တွင် မိုင်းချိုမင်းထွေးသည် အသက်မပြည့်သေးသည့် ကလေးငယ် တဦးဖြစ်သည်ကို တပ်စခန်းတွင် ရက်ရှည် ထိန်းသိမ်းစစ်ဆေးခြင်း၊ တရားခွင်အတွင်း ခံစားခွင့် ရရှိရမည့် အခွင့်အရေးများ ဆုံးရှုံးခြင်း အပြင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ်ထိုးထားသည့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာစာချုပ် (Convention on the Rights of the Child ) ပါ အပိုဒ် ၃၇ (ခ) ကိုလည်း ချိုးဖောက်သည်ဟု ရေးသားထားသည်။

စာချုပ်၏ အပိုဒ် ၃၇ (ခ)တွင် မည့်သည့်ကလေးမှ သူ/သူမ၏ လွတ်လပ်မှုကို မတရားသော ဥပဒေနှင့် ဖမ်းဆီးခြင်း၊ ချိုးဖောက်ခြင်း မရှိစေရ၊ ကလေးသူငယ်များကို ဥပဒေနှင့် ညီညွတ်သော ၊ ကလေးအတွက် ဖွံ့ဖြိုးမှုဖြစ်စေသော အချိန်ကာလ ကြာရှည်မဟုတ်သော ပြစ်ဒဏ်သာ ဖြစ်စေရမည်ဟူ၍ ပြဌာန်းထားသည်။

အမျိုးသားလွှတ်တော်အမတ် ဦးစိုင်းအုန်းကျော်မှ စာပို့ အကူအညီတောင်းခံထားသည့် ပြည်ထောင်စု လွှတ်တော် ၏ ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်သည် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်က ပြည်သူ့လွှတ်တော်၌ ဖွဲ့စည်းထားပြီး ၂၀၁၆ ခုနှစ်၊ မတ်လ ၁ ရက်တွင် ပြည်ထောင်စု လွှတ်တော်၏ ကော်မရှင်အဖြစ် ပြောင်းလဲ ပြင်ဆင် ဖွဲ့စည်းထားပြီး အထူးကော်မရှင် တရပ်လည်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading