သတင်း

လိပ်ကျွန်း လူသတ်မှု ထိုင်းအစိုးရ ရှေ့နေများ အယူခံ ထပ်တောင်း

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်း (Koh Tao) လူသတ်မှုနှင့် ပတ်သက်၍ မြန်မာ နိုင်ငံသား နှစ်ဦး၏ အယူခံကို ချေဖျက် နိုင်ရေး အတွက် ထိုင်းရှေ့နေများက ထိုင်းနိုင်ငံ၏ အမြင့်ဆုံး ဗဟိုတရားရုံး (High Court) ထံ အယူခံ တိုးပေးရန် တောင်းဆိုကြောင်း သတင်း ရရှိသည်။

အယူခံထပ်တိုး တောင်းဆိုချက်ကို ဗဟိုတရားရုံး က တလတိုးပေးလိုက်သဖြင့် ထိုင်းအစိုးရ ရှေ့နေများ အနေဖြင့် ဒီဇင်ဘာ ၂၄ ရက်တွင် ထပ်တင်ရမည်ဖြစ်ကြောင်း လိပ်ကျွန်းအမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသည့် ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (FED) ၏ အလုပ်သမား ရေးတာဝန်ခံ ဦးမင်းဦးက ပြောသည်။

ဦးမင်းဦး က “ဝင်းဇော်ထွန်းတို့ ဇော်လင်းတို့ ကို ချထားတဲ့ အမှုကို ပိုပြီးတော့ ကျိန်းသေအောင်လို့ ဆိုပြီးတော့ သူတို့ (ထိုင်းအစိုးရရှေ့နေများ) က မြန်မာနိုင်ငံသား ၂ ဦးဘက်က တင်ထားတဲ့ အယူခံတွေကို ချေဖျက်နိုင်မယ့် ဟာတွေကို ရှာပြီး ထည့်ပေးနေတာပေါ့။ တလ ထပ်တိုးပေးလိုက်တယ်။ နောက်လ ၂၄ ရက်နေ့မှာလည်း သူတို့ဘက်က အဆင်သင့် မဖြစ်သေးရင်လည်း နောက်ထပ် အယူခံရက် ထပ်တိုးတောင်းဦးမှာပဲ” ဟု ဧရာဝတီသို့ ပြောသည်။

လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား နှစ်ဦး၏ ရှေ့နေများက စာမျက်နှာ ၃၁၉ မျက်နှာ ပါရှိသော နောက်ဆုံး အယူခံလျှောက်ထားမှုအား ထိုင်းနိုင်ငံ၏ အမြင့်ဆုံး ဗဟိုတရားရုံး က ယခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့တွင် လက်ခံခဲ့ပြီး စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ထိုအယူခံတွင် အမှုသည် ပီပြင်ခိုင်လုံသော အထောက်အထားများ မရှိခြင်း၊ လူသတ်လက်နက်တွင် မျိုးဗီဇ (DNA) မတွေ့ရှိ ခြင်း၊ အဓမ္မပြုကျင့် ခံထားရသော အမျိုးသမီး၏ အဝတ်အစားများကို DNA စစ်ဆေးထားမှု မရှိခြင်း စသည့် အချက်များ ပါဝင်ကြောင်း သိရပြီး ထိုအခြေအနေများကို ထိုင်းအစိုးရ ရှေ့နေများ အနေဖြင့် ချေဖျက်နိုင်ရေး ကြိုးပမ်းနေကြခြင်း ဖြစ် ကြောင်း သိရသည်။

လိပ်ကျွန်းအမှု အထူးစုံစမ်းရေး အဖွဲ့၏ ရှေ့နေ ဦးအောင်မျိုးသန့် က “ထိုင်းအစိုးရ ရှေ့နေတွေ ဘက်ကနေပြီးတော့ အန်ကယ်တို့ တင်တဲ့ အယူခံ လျှောက်လွှာကို ဆန့်ကျင်တဲ့ အယူခံ ခုခံလျှောက်လဲချက် တင်ရမှာပါ။ အဲဒါကို မတင်နိုင်ဘဲနဲ့ အဆင်သင့် မဖြစ်ဘူး ဆိုပြီးတော့ ရက်ချိန်း ထပ်တောင်းတဲ့ အတွက် တလ ထပ်တိုး ပေးလိုက်တာပါ” ဟု ပြောသည်။

ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့သည် ထိုင်းထောင်အတွင်း ကျန်းမာရေး ကောင်းမွန်စွာ ရှိကြောင်း ထောင်ဝင်စာ သွားရောက် တွေ့ဆုံခဲ့သူများထံမှ တဆင့် သိရှိရကြောင်း ဦးမင်းဦးက ပြောသည်။

အမှု အလားအလာနှင့် ပတ်သက်၍ “ဒီဘက်က တင်ထားတဲ့ အချက်တွေကို ထိုင်းအစိုးရ ရှေ့နေတွေ ဘက်ကနေ ဘယ်လို ချေဖျက်မလဲ ဆိုတာ မသိရသေးဘူး။ နောက်ဆုံး တရားသူကြီးက အဲဒီ အချက်အလက်တွေ အပေါ်မှာ မူတည်ပြီးတော့ ဆုံးဖြတ်မှာ၊ ဒီအတိုင်း ခန့်မှန်းလို့တော့ မလွယ်ဘူး။ ရှေ့နေတွေတောင် မသိသေးဘူး” ဟု ဦးမင်းဦး က ပြောပြသည်။

မြန်မာနိုင်ငံသား နှစ်ဦးဖြစ်သည့် ကိုဝင်းဇော်ထွန်း နှင့် ကိုဇော်လင်း တို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေ တရားရုံးက လိပ်ကျွန်းကို အလည်လာသည့် ဗြိတိန် နိုင်ငံသား နှစ်ဦး သတ်မှုဖြင့် တရားစွဲဆို၍ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က သေဒဏ် ချမှတ်ထားခြင်း ဖြစ်သည်။

ယင်းသို့ သေဒဏ် ချမှတ်ထားခြင်း အပေါ် မြန်မာနိုင်ငံသား နှစ်ဦး ဘက်မှ ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီ၊ မြန်မာ ရှေ့နေ များ၊ မြန်မာသံရုံး တို့က ပူးပေါင်းပြီး ၂၀၁၆ ခုနှစ် မေလက အယူခံလွှာ တင်သွင်းခဲ့ရာ ထိုင်းအစိုးရ အယူခံ တရားရုံး က ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်တွင် ထပ်မံပယ်ချခြင်း ခံခဲ့ရသည်။

လူသတ်မှုနှင့်ပတ်သက်ပြီး ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့က ဝန်ခံခဲ့သည်ဟု ထိုင်းရဲများက ကနဦးထုတ်ပြန် ကြေညာ ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ထိုင်းရဲများ၏ နှိပ်စက် ဝန်ခံခိုင်းခဲ့ခြင်း တို့ကြောင့် ဝန်ခံခဲ့ရခြင်း ဖြစ်ကြောင်း၊ လူသတ်မှု မကျူး လွန်ကြောင်း ထွက်ဆိုထားသည်။

ဗြိတိန် နိုင်ငံသားနှစ်ဦး ဖြစ်သည့် အသက် ၂၄ နှစ်ရှိ ဒေးဗစ်မေလာ နှင့် အသက် ၂၃ နှစ်ရှိ ဟန်နာဝစ်သာရစ်ဂျ် တို့ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က လိပ်ကျွန်း ကမ်းခြေအနီးတွင် ဒဏ်ရာများနှင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး ထိုလူသတ်မှုနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့လည်း ဝေဖန်ခံနေရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading