သတင်း

ဘဏ်လုပ်ငန်း ပြုပြင်ပြောင်းလဲရေး အကြွေးထဲ နစ်နေ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်များအနေဖြင့် ဇန်နဝါရီ်လ နောက်ဆုံးထားပြီး ချေးငွေစာရင်းများ ရှင်းရမည်ဟူသော တောင်းဆိုထားမှုကို ဗဟိုဘဏ်က ဆိုင်းငံ့ထားလိုက်ရကြောင်း ရိုက်တာသတင်းက ရေးလိုက်သည်။

ဘဏ်လုပ်ငန်းရှင်အချို့က ဘဏ္ဍာရေးစနစ်ကို မတည်မငြိမ်ဖြစ်လိမ့်မည်ဟု ပြောသော ချောက်ထဲ ကျလုကျခင် အခြေအနေကို ရှောင်လွှဲရန်ဟု သတင်းက ဆိုသည်။

ငွေထုတ်ချေးသော ဘဏ်များအနေဖြင့် ၎င်းတို့အလွန်အကျွံ ထုတ်ချေးထားသော ချေးငွေများကို ပြန်လည်သိမ်းယူရန် မူလက အချိန် ၆ လ ပေးထားသော်လည်း ယခု ၃ နှစ်အထိ အချိန်ပေးမည်ဟု ဗဟိုဘဏ် ဒုဥက္ကဌ ဦးစိုးသိန်းက Reuters သတင်းဌာနသို့ ပြောသည်။

နိုင်ငံတကာ စံနှုန်းများနှင့် ပိုမိုနီးစပ် တူညီလာစေရန် ဇူလိုင်လက ထုတ်ပြန်ခဲ့သော ထိုစည်းမျဉ်းနှင့် ပတ်သက်သည့် ရှည်လျှားလှသော အငြင်းပွားမှုသည် ယခုကဲ့သို့ အလျှော့အတင်း အပေးအယူနှင့် အဆုံးသတ်သွားသည်။ အထီးကျန် စစ်အုပ်ချုပ်ရေး ဆယ်စုနှစ်များစွာအပြီး မြန်မာ့ဒီမိုကရေစီ အကူးအပြောင်းကို ပြီးပြည့်စုံစေရန် ဒေါ်အောင်ဆန်းစုကြည်၏ အစီအစဉ်များတွင် ဘဏ်လုပ်ငန်း ပြုပြင်ပြောင်းလဲရေးသည် အဓိကကျသည်။

“အပြောင်းအလဲကာလမှာ သူတို့အတွက် ကျိုးကြောင်းဆီလျော်တဲ့ အချိန် လိုတယ်။ တခါတခါ နိုင်ငံတကာ အလေ့အထတွေဟာ ပြည်တွင်းမှာ အလုပ်မဖြစ်ဘူး။ အခြေအနေအပေါ် မူတည်ပြီး ကျနော်တို့ အရမ်းကို သတိထား ဆောင်ရွက်နေရတယ်” ဟု ဦးစိုးသိန်းက ရိုက်တာနှင့် တွေ့ဆုံမေးမြန်းခန်းတခုတွင် ပြောသည်။

“စီးပွားရေးက ခိုင်မာတဲ့ အခြေအနေမှာ မရှိဘူး။ ဒါကြောင့် ဘဏ္ဍာရေးကဏ္ဍကို တည်ငြိမ်စေချင်တယ်။ ဒါကြောင့် ဘဏ်တွေနဲ့ ဗဟိုဘဏ်အကြား နားလည်မှု တည်ဆောက်ထားရတယ်” ဟုလည်း ပြောသည်။

စည်းကမ်းချက်သစ်များတွင် ချေးငွေဆိုး သို့မဟုတ် အတိုးအရင်း ပြန်ပေးနိုင်ခြင်း မရှိသည့် ချေးငွေများအတွက် ပိုမိုတင်းကျပ်သော လမ်းညွန်ချက်များနှင့် ဆုံးရှုံးမှုများကို ထေမိစေရန် သီးခြားအရန် ဖယ်ထားရသော ရင်းနှီးမြှုပ်နှံငွေ ပမာဏ တိုးမြှင့်ခြင်းလည်း ပါသည်။

ပုဂ္ဂလိကဘဏ်များရှိ ချေးငွေဆိုး ပမာဏသည် အာဏာပိုင်များထံ တင်ပြထားသည်ထက် ပိုမိုများပြားနေမည်ကို ဗဟိုဘဏ်က စိုးရိမ်နေသည်ဟု ဆိုသည်။ သို့သော် ပြုပြင်ပြောင်းလဲရေးကို အလွန်လျှင်မြန်စွာ တွန်းအားပေးပါက ဘဏ္ဍာရေးစနစ် မတည်ငြိမ်မည်ကိုလည်း အာဏာပိုင်များ စိုးရိမ်ကြသည်။

“မလွယ်ဘူးဆိုတာ သဘောတူပါတယ်။ ဒါပေမယ့် ကြိုးစားရမှာပဲ” ဟု ဦးစိုးသိန်းက ပြောသော်လည်း ဆုံးရှုံးနိုင်ခြေရှိ ချေးငွေ မည်မျှကို ဘဏ်များက ထုတ်ချေးခဲ့သည်အား ခန့်မှန်းခြင်းသည် လွန်စွာ အန္တရာယ်များသဖြင့် ပြဿနာ၏ အတိုင်းအတာကို ခန့်မှန်းပြောကြားရန် ငြင်းဆန်သည်။

လက်လွန်ချေးငွေများ

မြန်မာနိုင်ငံ၏ ထုတ်ချေးနိုင်သော ငွေပမာဏ ဒေါ်လာ ၉ ဘီလီယံ၏ ၇၀ ရာခိုင်နှုန်းသည် ဖောက်သည်ကို စွဲဆောင်ရန် စည်းကမ်းလျှော့ပေါ့ပြီး ထုတ်ချေးကာ အချိန် အကန့်အသတ်မရှိသော လက်လွန်ချေးငွေ သို့မဟုတ် “အမြဲစိမ်း”ချေးငွေများဖြစ်သည်ဟု အာဏာပိုင်များနှင့် ဘဏ်အရာရှိများက ပြောသည်။

ထိုသို့သော အလေ့အထများကို တားဆီးရန် ဗဟိုဘဏ်သည် လွန်ခဲ့သော ဇူလိုင်လတွင် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၏ အကူအညီဖြင့် ရေးဆွဲသော လုပ်ထုံးလုပ်နည်းသစ်များ ချမှတ်ခဲ့သည်။ ထိုထိန်းချုပ်မှုကြောင့် ဘဏ်များသည် ကာလ အကန့်အသတ်မရှိသော ချေးငွေများကို ရပ်ဆိုင်းရမည်ဖြစ်ပြီး ထုတ်ချေးငွေများကို ဘဏ်တွင် တနှစ်လျင် ၂ ပတ်ပြည့်အောင် ပြန်လည်သိမ်းပြီးမှ ပြန်လည်ထုတ်ချေးနိုင်မည်ဖြစ်သည်။

စစ်အုပ်ချုပ်ရေးခေတ် နှစ်ပေါင်းများစွာ မှားယွင်းစီမံခန့်ခွဲမှုကို ပြင်ဆင်ရန်နှင့် စီးပွားရေးနှေးကွေးနေချိန်တွင် ချေးငွေ အားလုံးပြန်လည်သိမ်းဆည်းရန် အချိန် ၆ လသာရသဖြင့် ဘဏ်များက မကျေနပ်ကြပေ။

“ကျနော်တို့ရဲ့ဘဏ်စာရင်းတွေမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို ဗဟိုဘဏ်က သိတယ်။ ဒါပေမယ့် သူတို့ခိုင်းတာက မဖြစ်နိုင်ဘူး။ ပြည်တွင်းဘဏ်အားလုံး အခက်အခဲဖြစ်နေတယ်” ဟု အာရှ စိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်မှ နိုင်ငံတကာဘဏ်လုပ်ငန်းဆိုင်ရာ အမှုဆောင်ဒါရိုက်တာ ဦးပြည်စိုးထင်က ပြောသည်။

ဇူလိုင်လနောက်ပိုင်းတွင် သုံးကြိမ် ဆွေးနွေးပြီးနောက် ဗဟိုဘဏ်သည် ရက်အနည်းငယ်အတွင်း နောက်ဆက်တွဲ ညွန်ကြားချက်များ ထုတ်မည်ဟု ဦးစိုးသိန်းက ရိုက်တာသို့ ပြောသည်။ လက်လွန်ချေးငွေများကို ပုံမှန် ၃ နှစ်ချေးငွေအဖြစ် ခွင့်ပြုမည်ဖြစ်သဖြင့် မြန်မာနိုင်ငံမှ ပုဂ္ဂလိကဘဏ် ၂၄ ခု အသက်ရှူချောင်သွားသည်။

” ပြန်ဆပ်ရတဲ့သူတွေလည်း အဆင်ပြေပြီး ဘဏ်တွေလည်း ငွေပြန်သိမ်းလို့ရအောင် ချေးငွေ ပြန်လည်ပေးဆပ်ရေးစည်းကမ်းတွေကို နည်းနည်းလျှော့ပေးမယ်” ဟု ဦးစိုးသိန်းက ပြောသော်လည်း စည်းကမ်းချက် အသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

ချေးငွေအများအပြားကို ဇန်နဝါရီ်လ နောက်ဆုံးပြန်သိမ်းခိုင်းခြင်းသည် ဘဏ်များမှ ငွေကို လူအများအပြားက တပြိုင်နက် ထုတ်ယူမှု ဖြစ်စေနိုင်သည်ဟု ထွန်းသစ်စ ဘဏ္ဍာရေးကဏ္ဍမှ အချို့က ဆိုသည်။ မြန်မာနိုင်ငံရှိ ဘဏ်များသည် အချင်းချင်းကြားတွင်သာမက အိမ်ခြံမြေမှ လေကြောင်းလုပ်ငန်းအထိ လွှမ်းမိုးထားသော ယခင်အာဏာရ အထက်လွှာနှင့် နီးစပ်သော လုပ်ငန်းစုကြီးများနှင့်ပါ လွန်စွာ ယှက်နွယ်ပတ်သက်နေကြသည်။

“ဒါဟာ လူထုကို ထိတ်လန့်သွားစေမယ်။ မြန်မာလူထုက အရမ်း သတိထားကြတော့ ဘဏ်ကနေ ငွေတွေ ပြန်ထုတ်ယူကုန်ကြမယ်” ဟု Katalysts Investment Group ၏ မန်နေဂျင်း ဒါရိုက်တာနှင့် မြန်မာနိုင်ငံမှ အကြီးမားဆုံးဘဏ်၏ မိခင်ကုမ္ပဏီဖြစ်သော ကမ္ဘောဇအုပ်စု၏ ဘဏ္ဍာရေးအရာရှိချုပ်ဟောင်း ကင်ချောစုက ပြောသည်။

“ဘဏ်တခုလဲရင် နောက်ဆက်တွဲအနေနဲ့ ဘဏ်တွေ တခုပြီး တခု ပြိုမယ်။ ဘယ်လောက်အထိ တင်းကျပ်မယ်ဆိုတာကို သတိထားဖို့လိုတယ်” ဟုလည်း ပြောသည်။

ခေတ်မီ ပြုပြင်ပြောင်းလဲရေးကို အစိုးရက တည်ထောင်မည်ဟု ကတိပေးထားသည့် ဒေါ်အောင်ဆန်းစုကြည် အစိုးရ ရင်ဆိုင်နေရသော စိန်ခေါ်မှုများ မည်သို့ရှိသည်ကို ဗဟိုဘဏ်၏ အလျှော့အတင်း အပေးအယူက သက်သေ ပြသနေသည်။

ရခိုင်ပြည်နယ် အကျပ်အတည်းကြောင့် မြန်မာနိုင်ငံသို့ အကူအညီများကို ဆိုင်းငံံထားပြီး ရင်းနှီးမြှုပ်နှံသူများ လက်ရှောင်ကာ အရေးယူပိတ်ဆို့မှုအချို့ကို ပြန်လည်ထားရှိမည့် အလားအလာနှင့် ရင်ဆိုင်နေရသောကြောင့်လည်း ပြုပြင်ပြောင်းလဲရေးသည် ပိုမိုခက်ခဲလာသည်။

သေနေသော ချေးငွေများ

ဒေသတွင်းတွင် တိုးတက်မှု အနည်းဆုံး ဘဏ္ဍာရေးကဏ္ဍကိုသာ ပိုင်ဆိုင်သော်လည်း မြန်မာနိုင်ငံ ဘဏ်လုပ်ငန်း၏ စုစုပေါင်း ပိုင်ဆိုင်မှုသည် အရပ်သားတပိုင်းအစိုးရခေတ် ၂၀၁၁ ခုနှစ်တွင် စုစုပေါင်းပြည်တွင်းထုတ်ကုန် GDP ၏ ၁၅ ရာခိုင်နှုန်းသာရှိရာမှ ၂၀၁၆ ခုနှစ်တွင် ၅၅ ရာခိုင်နှုန်းသို့ ခုန်တက်လာခဲ့သည်ဟု ဂျာမန်အစိုးရဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ GIZ ၏ အဆိုအရ သိရသည်။

၂၀၁၁ ခုနှစ်တွင် ကျယ်ပြန့်သော နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်လဲမှုများ စတင်ပြိးနောက်တွင် ဘဏ်လုပ်ငန်းများသည် အဆက်အသွယ်ကောင်းသော ဖောက်သည်အုပ်စုငယ်များကို အကြီးအကျယ် မျက်နှာသာပေးသော ချေးငွေများ ဆက်လက် ထုတ်ချေးနေခဲ့ကြသည်။

“ ငွေတွေ အများကြီးရှိတဲ့ ဒီခရိုနီတွေဟာ ဘဏ်လုပ်ငန်းအတွေ့အကြုံ၊ ဗဟုသုတ ဘာမှမရှိဘဲ ဘဏ်တွေထောင်ကြတယ်” ဟု ပထမပုဂ္ဂလိကဘဏ် ဥက္ကဌ ဦးစိန်မောင်က ပြောသည်။ ဘဏ်များသည် ၎င်းတို့နီးစပ်ရာလူများကိုသာ ငွေများ မကြာခဏ ထုတ်ချေးသည်ဟုလည်း ပြောသည်။

ဇူလိုင်လက ထုတ်ပြန်ခဲ့သော စည်းမျဉ်းအသစ်များသည် လူတဦးချင်းဆီသို့ ချေးငွေထုတ်ချေးခြင်းကိုလည်း ပိုမိုတင်းကျပ်ခဲ့ပြီး စည်းကမ်းလျော့ရဲနေသော ဘဏ်စနစ်တွင် အန္တရာယ် ပိုမိုများပြားသော အခြား ချေးငွေထုတ်ပေးမှု အလေ့အထများကို ပြောင်းလဲရန် အားထုတ်ထားသည်။

ဗဟိုဘဏ်အနေဖြင့် ဘဏ်များ၏ အိမ်ခြံမြေ ပိုင်ဆိုင်မှုများကိုလည်း အကဲဖြတ်ရန် လိုအပ်နေပြီး ချေးငွေသေ ပမာဏ၏ အတိုင်းအဆကို သိရှိရန် လိုသည်ဟု ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောသည်။

အဓိက ဘဏ်များသည် ကောင်းမွန်သော အချိုးဖြစ်သည့် စုစုပေါင်းချေးငွေပမာဏ၏ ၅ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းအထိ ရှိသော အတိုး၊ အရင်းပြန်မရသော ချေးငွေ အချိုးကို ပုံမှန် အစီရင်ခံကြသော်လည်း လက်တွေ့တွင် ထိုထက်များနိုင်သည်ဟု သူက ပြောသည်။ သို့သော်လည်း အသေးစိတ် ရှင်းမပြပါ။

အတိုး၊ အရင်းပြန်မရသော ချေးငွေသေတွင် မည်သို့သောချေးငွေများ ပါဝင်သည်ကို သတ်မှတ်ရာတွင် ဗဟိုဘဏ်နှင့် ဘဏ်များအကြား သတ်မှတ်ချက်ချင်း ကွဲလွဲနေသည်ဟု ဗဟိုဘဏ် ဒုဥက္ကဌဟောင်းနှင့် ကမ္ဘောဇဘဏ်၏ အထက်တန်းအကြံပေး ဦးသန်းလွင်က ပြောသည်။ ဘဏ်များက ချေးငွေများကို ချေးယူသူ၏ နောက်ခံအခြေအနေနှင့် ပြန်လည်ပေးဆပ်နိုင်မည့် အလားအလာတို့ဖြင့် အကဲဖြတ်ကြသော်လည်း ဗဟိုဘဏ်ကမူ နိုင်ငံတကာ အလေ့အထအတိုင်း ကြွေးကျန်ရက် အရေအတွက်ကို တွက်ချက်သတ်မှတ်သည်။

မြန်မာနိုင်ငံ၏ ချေးငွေစနစ်ပြုပြင်ပြောင်းလဲရေး၏ တစိတ်တပိုင်းအဖြစ် ဘဏ်များသည် အန္တရာယ် ပိုမိုများသောချေးငွေများ ထုတ်ပေးခြင်းဖြင့် ငွေရင်းရှာနိုင်ရန် ဗဟိုဘဏ်သည် အမြင့်ဆုံး ထုတ်ချေးနိုင်သောနှုန်းကို ၁၃ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းသို့ မြှင့်တင်လိုက်သည်။

ဗဟိုဘဏ်သည် မြေနှင့် အဆောက်အအုံ အာမခံအပေါင်ကိုသာ လက်ခံသော စနစ်ကို အဆုံးသတ်ပြီး အပေါင်မလိုသော ချေးငွေထုတ်ပေးရေးကိုလည်း စဉ်းစားနေကြောင်းလည်း ဦးစိုးသိန်းက ပြောသည်။ မည်သည့်အချိန်ဆိုသည်ကိုမူ သူ ထုတ်ဖေါ်ပြောခြင်း မရှိပေ။

အိမ်ခြံမြေ အတိုင်ပင်ခံလုပ်ငန်း Colliers ၏ အဆိုအရ လွန်ခဲ့သော ၃ နှစ်အတွင် စီးပွားရေးအချက်အခြာ ရန်ကုန်တွင် အိမ်ခြံမြေဈေး ၂၀ ရာခိုင်နှုန်း ပတ်ဝန်းကျင် ကျဆင်းခဲ့သောကြောင့် ဘဏ်များအတွက် အန္တရာယ် ပိုသက်သာစေနိုင်သည်။

မကြာမီ ထုတ်ပြန်မည့် ဗဟိုဘဏ်၏နောက်ဆက်တွဲ ညွှန်ကြားချက်များသည် ဘဏ်များအနေဖြင့် လက်လွန်ချေးငွေများကို ယခုနှစ် ဇူလိုင်လမှ စတင်သည့် သက်တမ်း ၃ နှစ်ရှိ ချေးငွေများအဖြစ် သတ်မှတ်ခွင့်ပေးမည်ဖြစ်သည်ဟု ဦးစိုးသိန်းက ပြောသည်။ သို့သော် ထိုသက်တမ်းတိုးပေးမည့် ချေးငွေများတွင် ဘဏ်များက လက်ရှိကြေညာပြီးသော အတိုး၊အရင်းမရသည့် ချေးငွေသေများ ပါဝင်မည်မဟုတ်ဟုလည်း ဆိုသည်။

ထိုနောက်တွင် ဗဟိုဘဏ်သည် ဘဏ်များ၏ ချေးငွေအားလုံးကို အပြည့်အ၀ ထုတ်ဖေါ်ကြေညာရန် တောင်းဆိုမည်ဖြစ်ပြီး ဘဏ်တခုချင်းအရ လိုအပ်လျှင် ချေးငွေ ကျပ် ၅ ဘီလီယံကျော်လျှင် ၎င်းတို့၏ လက်ကျန်ငွေစာရင်းများကို မည်သို့ ရှင်းလင်းရမည်နှင့် ပတ်သက်ပြီး ထပ်မံဆွေးနွေးမည်ဟုလည်း ဆိုသည်။

သို့သော် ဗဟိုဘဏ်သည် ဘဏ်များနှင့် ညှိနှိုင်းရာတွင် တင်းကျပ်သော စည်းမျဉ်းများ ချမှတ်ခြင်းမှ နောက်ပြန်ဆုတ်လိုက်ပါက အရေးတကြီး လိုအပ်နေသော ပြုပြင်ပြောင်းလဲရေးကို ထိခိုက်စေမည်ဟု ဘဏ်လုပ်ငန်းအသိုင်းအဝန်းမှ အချို့သောသူများက ဆိုသည်။

“ ဗဟိုဘဏ်က အစ ကနဦး လုပ်ဆောင်ချက်တွေကို နှောင့်နှေးလို့ မရဘူး။ နှောင့်နှေးလိုက်တာနဲ့ ဘဏ်တွေပေါ် ဩဇာကျသွားမှာပဲ” ဟု အမည်မဖေါ်လိုသော ပြည်တွင်းချေးငွေ လုပ်ငန်းမှ ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူတဦးက ပြောသည်။

(Reuters သတင်းထောက်များဖြစ်သော Yimou Lee နှင့် Thu Thu Aung တို့ ရေးသားသည့် Tussle over Myanmar bank reform puts spotlight on debt pile ကို ဘာသာပြန်ဆိုဖော်ပြသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading