သတင်း

မအူပင်မြို့နယ်တွင် ငါးကန်လုပ်သား ၂ ဦးအား ခေါင်းဖြတ်သတ်မှုဖြစ်ပွား

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ တလုပ်လပ်အနောက် ၄ မိုင်ကျေးရွာတွင် အပြန်အလှန် စကားများရာမှတဆင့် အိုင်ပက်နေသည့် ငါးကန်လုပ်သား ၂ ဦးအား ကန်နီးချင်းဖြစ်သူမှ ကိုင်းခုတ်ဓားဖြင့် ခုတ်ထစ်၍ ခေါင်းဖြတ်သတ်ဖြတ်မှု ယမန်နေ့ညနေ ၆ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ တလုပ်လပ်အနောက် ၄ မိုင်ကျေးရွာတွင်နေထိုင်သည့် ဦးစိမ်းညိုမှာ ၎င်းလုပ်ကိုင်နေသည့် ငါးကန်နှင့် ကပ်လျက် ငါးကန်ပိုင်ရှင်နှင့် အမှုအခင်းဖြစ်ပွားခဲ့သည်ကို မကျေနပ်သည့်အတွက် သတ်ဖြတ်ရန် ကိုင်းခုတ်ဓား ယူဆောင်ကာ လမ်းခုလတ်တွင် အိုင်ပက်နေသည့် ငါးကန်လုပ်သား ဦးလင်းလင်း၊ ဦးမောင်ထူးတို့နှင့် တွေ့ဆုံပြီး စကားများရာမှ ကိုင်းခုတ်ဓားဖြင့် ခုတ်၍ ခေါင်းဖြတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

“ငါးကန်အလုပ်သမား ၂ ယောက်နဲ့ စကားများပြီး လက်ထဲအသင့်ပါလာတဲ့ ကိုင်းခုတ်ဓားဖြင့် ခုတ်ပြီး ခေါင်းဖြတ်သတ်ခဲ့တာပါ။ သတ်ပြီးခေါင်းတွေကို ယူပြီးသခွားခင်းထဲမှာ သွားပစ်ထားပြီးအိမ်ကို ပြန်သွားတာမှာ ရဲတပ်ဖွဲ့ဝင်တွေက ည ၁၀ နာရီလောက်မှာ ဖမ်းမိခဲ့တာပါ” ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီးခင်မောင်လတ်ကပြောသည်။

ငါးကန်လုပ်သား ၂ ဦးကို ခေါင်းဖြတ်သတ်ခဲ့သည့် ဦးစိမ်းညိုကို ၎င်း၏ နေအိမ်တွင် ရဲတပ်ဖွဲ့က ညတွင်းချင်း သွားရောက်ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးပြီးကတည်းက မူးနေသည့်အတွက် သတ်ဖြတ်သည့် အကြောင်းအရင်းကို အမူးပြေမှ စစ်ဆေး၍ ရမည်ဖြစ်ကြောင်း၊ အခင်းဖြစ်ပွားရာ နေရာသည် လမ်းသွားလမ်းလာ မရှိဘဲ သေဆုံးသူ ၂ ဦးနှင့် သတ်သူသာ ရှိနေခဲ့ကြောင်း မအူပင်မြို့မ ရဲစခန်းမှ သိရသည်။

လက်ရှိတွင် ဦးစိမ်းညိုကို မအူပင်မြို့မရဲစခန်းမှ (ပ) ၅၄၆/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading