သတင်း

နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် လက်တွေ့ အလုပ်ဖြစ်အောင် ပြင်ဆင်ရေးဆွဲ

Want create site? Find Free WordPress Themes and plugins.

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အလုပ်ဖြစ်စေရန် ယခင်က စိတ်မှန်းဖြင့် ရေးဆွဲခဲ့ရသော နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်အစား လက်တွေ့ကျသည့် အတွေ့အကြုံများပေါ် အခြေခံ၍ အမှန်တကယ် အလုပ်ဖြစ်မည့် နိုင်ငံရေး ဆွေးနွေးပွဲမူဘောင်တခုကို မနေ့က နေပြည်တော် တွင် ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် အတည်ပြုလိုက်ကြောင်း သတင်းရရှိသည်။

မကြာမီ ကျင်းပနိုင်ရန် မျှော်လင့်ထားသည့် တတိယအကြိမ် ၂၁ ပင်လုံညီလာခံတွင် အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆက်လက်ပြုလုပ်ရန် ရှိသည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ယင်းမူဘောင်ကို အသုံးပြုသွားမည် ဖြစ်ကြောင်း၊ လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်း လုပ်ငန်းများကိုပါ ထည့်သွင်းဆွေးနွေးရန် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက သဘောတူလိုက် ကြောင်း မနေ့က ညပိုင်းတွင် ပြုလုပ်သည့် UPDJC ပွဲအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် တာဝန်ရှိသူများက ပြောသည်။

“အခု အစည်းအဝေးက အတည်ပြုတာကတော့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းပေါ့။ SOP (Standard Operating Procedure) ကတော့ အပြီးအပြတ် အတည်ပြု နိုင်တယ်။ ခေါင်းစဉ်တွေ အခြေခံမူမှာ ထည့်သွင်းခြင်း တချက်ပေါ့နော်။ ထည့်တဲ့ဟာက လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းရေးနဲ့ ပတ်သက်တဲ့ကိစ္စ။ အဲဒါကို ဆွေးနွေးမယ်ဆိုတာ အစိုးရရော၊ တပ်မတော်ရော၊ EAO ကရော သဘောတူတယ်”ဟု သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

ယခင်က အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှ တက်လာသည့် စာတမ်းများကို UPDJC လုပ်ငန်း ကော်မတီကို ပို့ကြောင်း၊ ယင်းလုပ်ငန်း ကော်မတီက စာတမ်းများနှင့် ပတ်သက်၍ မူဝါဒများ ညှိနှိုင်းရမည့်အစား ရုံးလုပ်ငန်းများသာ လုပ်နေရကြောင်း၊ ယခုအခါ ထိုအချက်ကို ပြင်ဆင်၍ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲမှ တက်လာသည့် စာတမ်းအားလုံးကို UPDJC အတွင်းရေးမှူးအဖွဲ့က တာဝန်ခံ၍ ကဏ္ဍအလိုက် ခွဲခြားသွားမည် ဖြစ်ကြောင်း UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ရဲဘော်မျိုးဝင်းက ပြောသည်။

“တက်လာတဲ့စာတမ်းတွေကိုလည်း ကဏ္ဍတွေ ခွဲခြားမယ်။ ဘယ်ဟာတော့ Principle ဖြစ်တယ်။ ဘယ်ဟာ ကတော့ Policy ဖြစ်တယ်။ ဘယ်ဟာကတော့ စီမံခန့်ခွဲမှု ဖြစ်တယ်ဆိုတဲ့ ကိစ္စတွေဟာ အဲဒါတွေကို ခွဲခြားမယ်။ ခွဲခြားပြီးရင် မှတ်တမ်းတွေ ပြုစုမယ်။ ဆိုလိုတာက အဆင့်တိုင်း၊ အဆင့်တိုင်းမှာ NCA မူနဲ့အညီ ကိုက်ညီဖို့အတွက် စိစစ်ရမှာ ဖြစ်တယ်”ဟု ABSDF မှ ဒုတိယ ဥက္ကဋ္ဌလည်း ဖြစ်သူ ရဲဘော်မျိုးဝင်းက ပြောသည်။

နိုင်ငံရေး ဆွေးနွေးမှု မူဘောင် ခေါင်းစဉ်အောက်ရှိ Terms of Reference (TOR) ၅ ခု၊ Standard Operating Procedure (SOP) ၇ ခု စုစုပေါင်း ၁၂ ခုတွင် ၃ ခု ဆွေးနွေးရန် ကျန်ရှိနေသေးကြောင်း၊ သက်ဆိုင်ရာ အစု အဖွဲ့အလိုက် ပြန်လည် ဆွေးနွေးရမည့် အကြောင်း အရာ ၁ ခု၊ အလွတ်သဘော ပြန်၍ ဆွေးနွေးရမည့် ကိစ္စ ၂ ခု ကျန်၍ ခြုံငုံသုံးသပ်ပါက မူဘောင် အားလုံး ပြီးစီးပြီဟုပင် ပြောနိုင်ကြောင်း UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဦးဇော်ဌေးက ပြောသည်။

“အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ SOP ဆိုတာ တပုံစံတည်းပဲ ဖြစ်ရမယ်။ SOP ဆိုတာ ဘယ်သူက ဘာလုပ်ရမလဲ၊ ဘယ်လို လုပ်ရမလဲ။ ဘယ်နှစ်ရက်အတွင်း အကြောင်းပြန်ရမယ်။ ဘယ်နှစ်ရက်အတွင်း ဘာတွေ လုပ်ရမလဲဆိုတာနဲ့ လုပ်ထုံးလုပ်နည်းတွေမှာ တိကျတဲ့ လုပ်ငန်းစဉ်တွေ ရှိသင့်တယ်ဆိုတာမျိုး တိုးမြင့်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်”ဟု ဦးဇော်ဌေးက ပြောသည်။

၂၁ ပင်လုံ ဒုတိယ အစည်းအဝေး မတိုင်ခင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို တနိုင်ငံလုံးရှိ နေရာ ၇ ခုတွင် ကျင်းပခဲ့ရာ ယင်းကျင်းပသည့် နေရာများထဲမှ CSO ဖိုရမ်မှလွဲ၍ နေရာ ၆ ခုမှ စာတမ်းများ တက်လာကြောင်း၊ ယင်းစာတမ်းများကို ဆွေးနွေးရမည့် လုပ်ငန်းကော်မတီများတွင် အချိန်လုံလောက်စွာ ရရှိရန် လိုကြောင်း၊ ပြီးခဲ့သည့် ၂၁ ပင်လုံတွင် အချိန်အခက်အခဲများ ရှိခဲ့ကြောင်း သိရသည်။

နိုင်ငံရေးဆွေးနွေးမှု မူဘောင် အတည်ပြုနိုင်ရန် ကြန့်ကြာနေရခြင်းနှင့် ပတ်သက်၍လည်း ဦးဇော်ဌေးက “ဝ၊ မိုင်းလား အပါအဝင် UNFC ၇ ဖွဲ့ ကျနော်တို့က ဖိတ်တယ်။ သူတို့တွေပါအောင် သူတို့ရဲ့ Owner Ship ရအောင် ဆိုပြီးတော့ သူတို့ ကို Review Meeting တွေမှာ ခေါ်လိုက်တယ်။ ဘာကြောင့် မပြီးလဲဆိုတော့ အဲဒီအဖွဲ့တွေ ပါလာအောင် Review လုပ်နေလို့။ အခု ပြီးခဲ့တဲ့ ဒုတိယ အစည်းအဝေးမှာ မူဘောင်နဲ့ လုပ်တဲ့အခါ စိတ်ကူးနဲ့လုပ်တာဆိုတော့ လက်တွေ့တည့်တာ ရှိတယ်။ မတည့်တာ ရှိတယ်”ဟု ရှင်းပြသည်။

ထို့ပြင် UPDJC တွင် ဒုတိယ ဥက္ကဋ္ဌ တာဝန်ယူထားသည့် KNU မှ ဖဒိုစောကွယ်ထူးဝင်းအစား KNU တွင် အတွင်းရေးမှူး တာဝန်ယူထားသူ ဖဒိုစောတာဒိုမူးနှင့် အစားထိုးလိုက်ပြီး တပ်မတော်ဘက်မှလည်း UPDJC အဖွဲ့ဝင် ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်အစား ဗိုလ်ချုပ် စန်းမြင့်နှင့် အစားထိုးလိုက်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading