မကွေးတိုင်းဒေသကြီးရှိ တွင်းတိမ်ရေနံလက်ယက်တွင်း လုပ်ကိုင်ကြသူများအနေဖြင့် လုပ်ကွက်များအား တရားဝင်လျှောက်ထားပြီးမှသာ ဥပဒေနှင့်အညီ လုပ်ကိုင်ကြရန် မကွေးတိုင်းဒေသကြီး သယံဇာတဝန်ကြီး ဦးမြင့်ဇော်က တိုက်တွန်းပြောကြားလိုက်သည်။
ပြည်ထောင်စုအစိုးရမှ ရေနံလက်ယက်တွင်းလုပ်ငန်းများအား ပေ တထောင်အထိသာ တူးခွင့်ပြုထား သော်လည်း ရေနံအထွက်နှုန်းပေါ် မူတည်၍ ပေနှစ်ထောင်ကျော်သည်အထိ တူးဖော်မှုများ ရှိနေသည့်အပြင် လျှောက်ထားဆဲလုပ်ကွက်အချို့တွင်လည်း တူးဖော်နေမှုများ ရှိနေကြောင်း သိရသည်။
ဝန်ကြီး ဦးမြင့်ဇော်က “ပေတထောင်နဲ့ မထွက်တော့ဘူးဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့တိုင်ပင်ပြီး ဥပဒေကို ပြင်နိုင်အောင် လုပ်ဆောင်ကြဖို့ပြောချင်ပါတယ်။ ကျနော်တို့ကတော့ ဥပဒေအရပဲ ကိုင်တွယ်သွားမှာ ပါ”ဟု ဧရာဝတီသို့ပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်း ရေနံလက်ယက်တွင်းလုပ်ငန်းများကို မင်းဘူးခရိုင်တွင်းနှင့် ပခုက္ကူခရိုင်တို့တွင် လုပ်ကိုင်လျှက်ရှိရာ ရေနံတူးဖော်ရေးလုပ်ကွက်အနေဖြင့် တဦးလျှင် ၅ ဧကအထိ လျှောက်ထား ခွင့်ပြု ထားသည်။
ထိုသို့လုပ်ကွက်လျှောက်ထားမှုအပေါ် မြေငှားရမ်းခအနေဖြင့် တိုင်းအစိုးရမှ တဧကလျှင် ကျပ်သုံးထောင်နှုန်း ဖြင့် ကောက်ခံလျှက် ရှိကြောင်းသိရသည်။
မြိုင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခင်ဝင်းက “ပေတထောင်ပဲ သတ်မှတ်ထားပေမယ့် အခုက အားလုံးအဆင်ပြေအောင် ညှိနှိုင်းပြီး လုပ်နေကြတဲ့သဘောပဲ၊ ဥပဒေကလည်း ပြင်ရမှာပါ၊ ကျနော်တို့ ညှိနှိုင်းဆွေးနွေးမှုတွေ ဆက်လုပ်ဖို့လိုပါတယ်”ဟု ပြောသည်။
လုပ်ကွက်လျှောက်ထားရာတွင် ဌာနဆိုင်ရာ လုပ်ငန်းစဉ်များကြန့်ကြာမှုကြောင့့် အခက်အခဲများ ကြုံတွေ့ ရကြောင်း၊ တူးဖော်ရာတွင်လည်း ပြည်ထောင်စုမှ သတ်မှတ်ထားသည့် အနက်ပေ အကန့်အသတ်နှင့် တင်းကြပ်သည့် ဥပဒေစည်းမျဉ်းအချို့ကို ဖြေလျော့ပေးစေလိုကြောင်း ဒေသခံလုပ်ကိုင်သူများက ပြောသည်။
လတ်တလောတွင် မြိုင်မြို့နယ် နှင့် ပေါက်မြို့နယ်အကြားရှိ လက်ပံတိုရေနံမှော်နှင့် ဆက်စပ်သည့် နေရာများတွင် ရေနံအထွက်နှုန်းကောင်း သည့်အတွက် တွင်းတိမ်ရေနံလက်ယက်တွင်း လုပ်ကိုင်သူ တသောင်းနီးပါးရှိနေပြီး တွင်းအရေအတွက်အနေဖြင့် တထောင်ခန့်ရှိကြောင်း လက်ပံတိုကျေးရွာမှ ရာအိမ်မှူး ဦးဖိုးဌေးကပြောသည်။
တရားဝင်ရေနံလက်ယက်တွင်း လုပ်ကွက်များအနေဖြင့် ယခင်အစိုးရလက်ထက် လုပ်ကွက် ၄၀ ထဲမှ လုပ်ကွက် ၂၀ ကို သက်တမ်းတိုးပေးခဲ့ပြီး လုပ်ကွက်အသစ်အနေဖြင့် ၁၉ ကွက်လျှောက်ထားခဲ့ရာတွင် အချို့ကို တူးဖော်ခွင့်အတွက် ထောက်ခံပေးထားပြီဖြစ်ကာ တခြားတင်ပြလာသည့်လုပ်ကွက်များကိုလည်း ဆက်လက်စိစစ်နေကြောင်း တိုင်းအစိုးရထံမှ သိရသည်။
တရားမဝင် ရေနံလက်ယက်တွင်း တူးဖော်လုပ်ကိုင်မှုများနှင့် ပတ်သက်၍ အမှုတွဲ ၁၂ တွင် လူ ၅၀ ကျော်ကို အမှုဖွင့် တရားစွဲဆိုမှုများ ပြုလုပ်ထားပြီး ရေနံများအား မျှောစာအတုဖြင့် သယ်ယူခြင်း၊ လိုင်စင်မဲ့ယာဉ်များဖြင့် သယ်ယူခြင်းများ ဖမ်းဆီးအရေးယူလျှက်ရှိကြောင်း သိရသည်။
မကွေးတိုင်းမှ ထွက်ရှိသည့် ရေနံစိမ်းများအား စစ်ကိုင်းတိုင်းဒေသကြီး ကျောက္ကာကျေးရွာရှိ ရေနံချက်စက်ရုံတွင် တင်ပို့၊ ချက်လုပ်လျှက်ရှိရာ မကွေးတိုင်းအစိုးရအနေဖြင့် ရေနံတပီပါလျှင် ကျပ်သုံးထောင်နှုန်းဖြင့် ဖွံ့ဖြိုးရေး ရံပုံငွေ ကောက်ခံလျှက်ရှိသည်။
မကွေးတိုင်းဒေသကြီးအတွင်း ရေနံထွက်ရှိသည့်အပြင် ကျောက်မီးသွေးနှင့် ခရိုမိုက်သတ္ထုများပါ ထွက်ရှိပြီး တရားဝင်ကျောက်မီးသွေးလုပ်ကွက်အနေဖြင့် ၄၀ ကိုခွင့်ပြုထားပြီး ကျောက်မီးသွေး ၁ တန်လျှင် တိုင်းအစိုးရမှ အခွန်ငွေ ကျပ်သုံးထောင်ကောက်ခံလျှက်ရှိကြောင်း သိရသည်။