သတင်း

ရွှေကျောင်းကြီး မွမ်းမံထိန်းသိမ်းရေး လုပ်ငန်းများ ပြန်လည်စတင်

Want create site? Find Free WordPress Themes and plugins.

မန္တလေးမြို့၏ အထင်ကရ ရွှေနန်းတော်ကျောင်း မွမ်းမံထိန်းသိမ်းရေး လုပ်ငန်းများ ထောက်ပံ့ကြေး နှောင့်နှေးခဲ့သဖြင့် တနှစ်ကြာ ဆိုင်းငံ့ခဲ့ရပြီးနောက် ယခုအခါ ထိန်းသိမ်းရေး လုပ်ငန်းများ ပြန်လည် စတင်နေပြီ ဖြစ်သည်။

“ထောက်ပံ့ကြေးနှစ်ခု ကြားကာလမှာ တနှစ်လောက် ကျနော်တို့ ဆောင်ရွက်နေတဲ့ ထိန်းသိမ်းမွမ်းမံရေး လုပ်ငန်းတွေ ရပ်နား ထားခဲ့ရပါတယ်။ အခုတော့ စီမံချက် ပြန်စနေပါပြီ” ဟု အမေရိကန် အခြေစိုက် NGO အဖွဲ့တဖွဲ့ဖြစ်သည့် ကမ္ဘာ့ အမွေအနှစ်များ ရန်ပုံငွေ (WMF) အဖွဲ့မှ လုပ်ငန်းအစီအစဉ် ဒါရိုက်တာ ဂျက်ဖ်အာလင် (Jeff Allen) က ဧရာဝတီသို့ ပြောသည်။

ယင်း လုပ်ငန်းနှင့် စပ်လျဉ်း၍ အာလင်က ဗုဒ္ဓဟူးနေ့တွင် အီတလီမှ ကျွမ်းကျင်ပညာရှင်များက သစ်သားပန်းပု လက်ရာများ ထိန်းသိမ်းမွမ်းမံနေသည့် လုပ်ငန်းခွင်တွင် ရှင်းပြခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ အမွေအနှစ်များ ရန်ပုံငွေ (WMF) အဖွဲ့၏ အဆိုအရ ထိန်းသိမ်းမွမ်းမံရေး လုပ်ကိုင်နေမှု ၅၀ ရာခိုင်နှုန်း ဝန်းကျင်မှာ ပြီးခဲ့သည့် နှစ်အနည်းငယ် အတွင်း ပြီးစီးခဲ့ပြီ ဖြစ်သည်။

“ပျက်စီးနေတဲ့ ဝရံတာ အစိတ်အပိုင်းကိုလည်း ပြန်လည်မွမ်းမံဖို့လည်း ကျနော်တို့ ပြင်ဆင်နေပါတယ်။ ယဉ်ကျေးမှုဝန်ကြီးဌာနက ခွင့်ပြုချက် ကျပြီး မွမ်းမံဖို့ စတင်နိုင်ပြီလို့ ဆိုတာနဲ့ ပြင်တော့မှာပါ။ လာမယ့် ဇန်နဝါရီလောက်မှာ စပြင်နိုင်မယ် ထင်ပါတယ်” ဟု ဂျက်ဖ်အာလင်က ရှင်းပြသည်။

တချိန်တည်းမှာပင် တိုးနယား၊ အလှဆင် ဒဏ္ဍာရီလာ သတ္တဝါအရုပ်များ၊ ရွှေနန်းတော်ကျောင်း၏ စုလစ်မွမ်းချွန် အောက်ခြေများ မွမ်းမံရေး လုပ်ကွက်များကို အီတလီနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ၏ နည်းပညာ အကူအညီဖြင့် စတင်နေပြီ ဖြစ်သည်။

“နယားရုပ်တွေ သန့်ရှင်းရေးနဲ့ ထိန်းသိမ်းရေးဟာ အင်မတန်အနုစိတ်ပြီး သိမ်မွေ့ပါတယ်။ မူလလက်ရာ မထိခိုက် မပွန်းပဲ့အောင် သတိတကြီးနဲ့ လုပ်ရတာပါ” ဟု အီတလီ ကျွမ်းကျင်ပညာရှင် အာဇူလာစရူဂလာ (Urszula Strugala) က ပြောသည်။

“သန့်စင်နေတုန်းမှာ အဝါရောင် ဆေးအလွှာ၊ မြေကြီးဆီဆေးအလွှာကို တွေ့ရပါတယ်။ အဲဒီ အလွှာတွေက မူလသုတ်ဆေးတွေ မဟုတ်ဘဲ ၁၉၉၀ ပြည့်နှစ်လောက်က ပြန်သုတ်ထားတာပါ။ သစ်သားကြားထဲမှာ ရေငွေ့တွေ ခိုအောင်းပိတ်ဆို့ နေပြီး နယားကို ဆွေးစေပါတယ်” ဟု သူမက ရှင်းပြသည်။

ယခု ရှေးဟောင်း ပစ္စည်းထိန်းသိမ်းရေး စီမံချက်သည် အားလုံး ပြီးစီးသည် အထိ ၂ နှစ်ခန့် အချိန်ယူရမည် ဟု ခန့်မှန်းထားပြီး ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အမေရိကန်သံရုံးနှင့် WMF တို့အကြား ပူးပေါင်းဆောင်ရွက်မှုအဖြစ် ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလက စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ်၊ စက်တင်ဘာလက ယိုယွင်းနေသည့် စုလစ်မွမ်းချွန် အချို့ကို ကရင်နီနယ် (ကယားပြည်နယ်) မှ ရရှိသည့် ကျွန်းသစ်များဖြင့် အစားထိုး ပြုပြင်ခဲ့သည်။ သို့သော်လည်း ပြုပြင်ရေး လုပ်ငန်းစဉ်မှာ ထောက်ပံ့ကြေး ရပ်တန့်သွားသဖြင့် တနှစ်ခန့် နှောင့်နှေးသွားခဲ့ရသည်။

ရွှေကျောင်းတော်ကြီး အဓိက မွမ်းမံရေး လုပ်ငန်းမှာ ၂၀၁၆ ဇန်နဝါရီလတွင် ပြန်လည် စတင်နိုင်ခဲ့သော်လည်း ထောက်ပံ့ကြေး တုံ့ဆိုင်း သွားမှုကြောာင့် တဖန်နားခဲ့ရပြန်သည်။

စီမံကိန်းအတွက် အစောပိုင်း ထောက်ပံ့မှုများမှာ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းနိုင်ရန် အမေရိကန် သံအမတ်ထံမှ ရရှိခဲ့ခြင်း ဖြစ်ပြီး ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ချိတ်ဆက်ကာ ၁၉ ရာစုက ကျွန်းသစ်ဖြင့် တည်ဆောက်သည့် ရှေးလက်ရာကို ထိန်းသိမ်းခြင်း ဖြစ်သည်။ ယင်းကျောင်းတော်ကြီးကို ရွှေနန်းတော်ဟုလည်း ခေါ်ပြီး မင်းတုန်းမင်း လက်ထက်တွင် တည်ဆောက် ခဲ့သည်။

ထိုစဉ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဒဲရစ်မစ်ချယ်က ဝါရှင်တန်အခြေစိုက် WMF ထံသို့ ဒေါ်လာ ၅ သိန်း စီမံကိန်း အဖြစ် တင်ပြခဲ့ပြီး ဖြည့်စွက်ဘတ်ဂျက် အဖြစ် ထိန်းသိမ်းမှု နည်းစနစ်ပိုင်းတွင် မြန်မာဘက်မှ တာဝန်ရှိသူများနှင့် လက်သမားများကို လေ့ကျင့်သင်ကြားပေးရန် ပါဝင်သည်။

ရွှေနန်းတော်ကျောင်းကြီးကို မူလက ရွှေပြားနှင့် မှန်စီရွှေချစီခြယ်ခြင်းများဖြင့် တန်ဆာဆင်ထားပြီး ဗုဒ္ဓဝင်ဇာတ်တော်လာ ဇာတကများကို သရုပ်ဖော် ထုလုပ်ထားသည့် အနုစိတ် ပန်းပုလက်ရာများဖြင့် နံရံများနှင့် အတွင်းဘက်အမိုးကို ကာရံထားခြင်း ကြောင့့် အထူးထင်ရှားကျော်ကြားသည်။ ယင်းကျောင်းတော်ကြီးကို မင်းတုန်းမင်းတရား၏ တော်ဝင်တံခါး အဖြစ် တည်ဆောက်ခဲ့ ခြင်း ဖြစ်ပြီး မန္တလေးနန်းတွင်း၌ တည်ရှိသည်။

မင်းတုန်းမင်း၏ သားတော် သီပေါမင်း လက်ထက်တွင် နန်းမြို့အပြင်သို့ ရွှေ့ပြောင်းခဲ့ပြီး ဘုန်းတော်ကြီးကျောင်း အဖြစ် အသွင်ပြောင်းခဲ့သည်။ ဒုတိယကမ္ဘာစစ် ကာလတွင် မဟာမိတ်လေယာဉ်များ ဝေဟင်မှ ဗုံးကြဲသဖြင့် မန္တလေးနန်းမြို့အတွင်းရှိ သမိုင်းဝင် အဆောက်အဦအများစု ပျက်စီးခဲ့ရသော်လည်း ရွှေနန်းတော်ကျောင်း တခုတည်းသာ ၁၉ ရာစုလက်ရာ နန်းတော် အဖြစ် ကျန်ရှိခဲ့သည်။

၁၉၉၆ ခုနှစ်တွင် ရှေးဟောင်းသုတေသန ဦးစီးဌာနက ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် စာရင်းသို့ တင်ပြခဲ့ရာ ကုလသမဂ္ဂ ထိန်းသိမ်းစောင့်ရှောက်မှု အောက်သို့ ရောက်ရှိခဲ့သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် ဇာနည်မာန်၏ Project to Restore Shwe Kyaung Resumes ကို ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading