သတင်း

ဒေါက်တာအေးမောင် ANP ပါတီမှ နုတ်ထွက် စာတင်

Want create site? Find Free WordPress Themes and plugins.

ရခိုင်အမျိုးသား ပါတီ ( ANP ) ဥက္ကဌ ဒေါက်တာအေးမောင် သည် ပါတီဥက္ကဌ ရာထူးမှ လည်းကောင်း ၊ ပါတီဝင်အဖြစ်မှ လည်းကောင်း နုတ်ထွက်ရန် ပါတီသို့ နိုဝင်ဘာ ၂၇ရက်နေ့က စာဖြင့် အကြောင်းကြားခဲ့ကြောင်း သတင်းရသည်။

ဒေါက်တာအေးမောင်၏ နုတ်ထွက်မှုနှင့် ပတ်သက်၍ ပါတီအထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်ကလည်း ဧရာဝတီသို့ အတည်ပြုပြောကြားသည်။

“ဒေါက်တာအေးမောင် နုတ်ထွက်စာ တင်ထားပါတယ်၊ ပါတီဗဟိုနဲ့ လွှတ်တော်အမတ်တွေ အားလုံး ကိုလည်း မိတ္တူပေး ထားတယ်လို့ ပြောသံတွေကြားပါတယ်၊ ကျနော်ကတော့ လတ်တလော ပြင်ဦးလွင်ကို ရောက်နေတဲ့အတွက် စာပါ အကြောင်း အရာ အသေးစိတ်ကို မသိရသေးပါဘူး”ဟု ၎င်းက ဆိုသည်။

လူူမှုကွန်ရက် Facebook တွင် ပျံ့နှံ့နေသည့် ANP ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်၏ နုတ်ထွက်စာတွင် ပါတီခေါင်း ဆောင်များကြား ညီညွတ်မှုမရှိခြင်း၊ အစည်းအဝေး၌ သာမက ပြင်ပတွင်ပါ ခေါင်းဆောင်များ၏ တပည့်များမှ နည်းမျိုးစုံနှင့် တိုက်ခိုက်ခြင်း၊ ဆိုရှယ်မီဒီယာပေါ်၌ အုပ်စုဖွဲ့ စော်ကားခြင်း၊ အတူလက်တွဲကြသည့် ရဲဘော်များ ဖြစ်သော် လည်း ၇နှစ်တာ ဖြတ်သန်းမှုတွင် မိတ်ဖက်မဖြစ်ဘဲ ရန်ဘက်အသွင်သာ ရန်စောင်နေသည်ကို တွေ့ရ၍ ဝမ်းနည်းကြောင်း ဖော်ပြထားသည်။

ထို့အပြင် လစ်လပ်နေသည့် ရခိုင်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ခန့်ထားရေး နှင့် ပတ်သက်၍ အုပ်စုကွဲများ အကြား ပါတီမှ ရည်ရွယ်သူကို မခန့်အပ်မှု၊ စစ်တွေမြို့နယ် ပါတီကိစ္စ၌ ဥက္ကဋ္ဌဖြစ်သူ ၎င်းထံသို့ စစ်ဆေးမည့်အကြောင်း အသိမပေးခြင်း၊ ဖြေရှင်းပုံ မမှန်ကန်ခြင်း တို့လည်း ပါရှိသည်။

ANP ပါတီအထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က “သူ့ရဲ့စာထဲမှာ ဘယ်ဟာတွေ ပါတယ်ဆိုတာ သေချာ မဖတ်ရသေးဘူး၊ ကျနော်ပြောချင်တာက ဥက္ကဋ္ဌ နဲ့ ပါတီကြားမှာ ပုဂ္ဂိုလ်ရေးအရ ကြီးကြီးကျယ်ကျယ် ပြဿာနာ မရှိဘူး။ ကျနော်တို့ အထဲမှာ ဒီလို အချေအတင် ဖြစ်တာတွေ မရှိပါဘူး၊ ဒါပေမယ့် မူဝါဒပိုင်းကိစ္စနဲ့တော့ အစည်းအဝေးမှာ ပြောကြ၊ ဆိုကြတာတွေရှိ တယ်၊ အမြင်ချင်း မတူတာတော့ ရှိတာပေါ့၊ အလုပ်လုပ်ကိုင်နေတဲ့ အပိုင်းမှာတော့ ကြီးကြီးကျယ် ကျယ် တယောက်နဲ့ တယောက် ကွဲပြားတာ ဘာမှ မရှိပါဘူး”ဟု ပြောသည်။

ANP ပါတီအနေဖြင့်မူ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင် နုတ်ထွက်စာနှင့် ပတ်သက်၍ ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မ တီ အစည်းအဝေး၌ ဆုံးဖြတ်ချက် ချမှတ် ပြီးမှသာ ပြောဆိုမည်ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ ပါတီက လူပုဂ္ဂိုလ် တဦးတယောက်ရဲ့ လမ်းညွှန်ချက်နဲ့ သွားနေတာမဟုတ်ဘူး၊ ပါတီဗဟို အလုပ်အမှုဆောင် ကော်မတီရဲ့ စုပေါင်းခေါင်းဆောင်မှုနဲ့ သွားနေတဲ့ပါတီ ဖြစ်တဲ့အတွက် ဒီနုတ်ထွက် စာတင်တာကို CEC အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ သဘောထားရယူဖို့ လိုတဲ့အတွက် အဲဒီအချိန်မှ ပြောနိုင်မယ်”ဟု ဦးထွန်းအောင်ကျော်က ပြောသည်။

ဒေါက်တာအေးမောင်ကမူ ပါတီမှ နုတ်ထွက်ပြီး နောက်ပိုင်း မပြီးဆုံးသေးသည့် ရခိုင်အမျိုးသားရေး တာဝန်များကို အမျိုးသားရေး ဝါဒီ တဦးပီပီ မိတ်ဆွေများနှင့် လက်တွဲလျှက် ကိုယ်စွမ်း ဉာဏ် စွမ်း ရှိသမျှ အသက်ထက်ဆုံး ကြိုးစားဆောင်ရွက် သွားမည်ဟု သံဓိဌာန် ချမှတ်ထားကြောင်း သူ၏ နှုတ်ထွက်စာတွင် ဖော်ပြထားသည်။

ANP ပါတီအနေဖြင့် ယခုကဲ့သို့ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် နုတ်ထွက်စာကြောင့် ပါတီအပေါ် ပြင်းထန်သည့် ရိုက်ခတ်မှု တခု မလွဲမသွေ ပေါ်ပေါက်လာနိုင်ကြောင်း၊ ထိုအပြင် ပါတီကို ထောက်ခံသည့် ပြည်သူများအကြား စိတ်ပျက်အားငယ်မှု များ ပြင်းပြင်းထန် ဖြစ်ပေါ်လာမည်ဟု ထင်မြင်ကြောင်း ပါတီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

ဒေါက်တာအေးမောင်သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော် နေရာအတွက် မာန်အောင် မဲဆန္ဒနယ် မှ ဝင်ရောက် ယှဉ်ပြိုင်သော်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီကိုယ်စားလှယ်ကို ရှုံးနိမ့်ပြီးနောက် ၂၀၁၇ ခုနှစ် ဧပြီလတွင် ကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲတွင်မူ အမ်းမြို့မဲဆန္ဒနယ် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့သည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဖြစ်သည်။

ANP ပါတီသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၁၂ နေရာ၊ အမျိုးသား လွှတ်တော် ၁၀ နေရာ၊ ပြည်နယ်လွှတ်တော် ၂၃ နေရာ စုစုပေါင်း ၄၅ နေရာ အနိုင်ရရှိခဲ့သလို ၂၀၁၇ ကြား ဖြတ် ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ၁ နေရာ ထပ်မံ အနိုင်ရရှိထားသော ပါတီ တခု ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading