သတင်း

“မျိုးတုံးသတ်ဖြတ်မှု” လမ်းကြောင်းသုံးပြီး ကုလသမဂ္ဂ ဝင်စွက်မည်ကို အစိုးရ စိုးရိမ်

Want create site? Find Free WordPress Themes and plugins.

ကုလသမဂ္ဂက ရခိုင်ပြည်နယ် အကျပ်အတည်းတွင် ကြားဝင် ဆောင်ရွက်ရာ၌ ကာကွယ်စောင့်ရှောက်ရန် တာဝန် (Responsibility to Protect – R2P) ဟူသည့် လမ်းကြောင်း အသုံးပြုမည်ကို အစိုးရက စိုးရိမ်ပူပန်နေသည် ဟု အမျိုးသားလုံခြံရေး အကြံပေး အရာရှိ ဦးသောင်းထွန်း၏ အဆိုအရ သိရသည်။

ထိုသို့ ပူပန်ကြောင်း ပြောကြားချက်ကို ဦးသောင်းထွန်းက နိုင်ငံပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် တနင်္ဂနွေနေ့က ထုတ်လွှင့်သည့် စကားဝိုင်း ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာအစိုးရသည် ကုလသမဂ္ဂက R2P ကို အသုံးပြုပြီး ဝင်ရောက် စွက်ဖက်မည် ကို မြန်မာအစိုးရက စိုးရိမ်သောကြောင့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့သည် ရိုဟင်ဂျာ ပြဿနာကို ဖြေရှင်းနိုင်ရန် အကောင်းဆုံး လုပ်ဆောင်မည် ဖြစ်သည် ဟု သူက ပြောသည်။

ကုလသမဂ္ဂက မြန်မာနိုင်ငံကို အကျပ်အတည်း ရင်ဆိုင်နေရသော နိုင်ငံအဖြစ် အနီရောင်အဆင့် နိုင်ငံအဖြစ် သတ်မှတ် ထားသည်။ “သူတို့က ကျနော်တို့ကို အနီရောင်နိုင်ငံ အဖြစ် သတ်မှတ်ထားတယ်။ ဒါဟာ နိုင်ငံအတွက် အရမ်းကို အန္တရာယ် များတယ်” ဟုလည်း ဦးသောင်းထွန်းက ပြောသည်။

R2P မူဘောင် အရ အဆင့် ၃ ဆင့် ရှိသည်။ ပထမဆင့်မှာ အဝါရောင် ဖြစ်ပြီး စိုးရိမ်ပူပန်စရာ အခြေအနေများ ရှိနေ ကြောင်း ပြသည်။ နောက်တဆင့်မှာ လိမ္မော်ရောင် ဖြစ်ပြီး နိုင်ငံအတွင်း လူမျိုးတုံးသတ်ဖြတ်မှု၏ ကနဦး လက္ခဏာများ ရှိနေကြောင်းပြသည်။ အနီရောင် အဆင့်မှာမူ အကျပ်အတည်း ဖြစ်နေကြောင်း ပြသည်။

ကုလသမဂ္ဂသည် ယူဂိုဆလားဗီးယား၊ လစ်ဗျား၊ ရဝမ်ဒါနှင့် ဒါဖာတို့တွင် R2P ကို အသုံးပြုခဲ့ဖူးသည်။

“ကျနော်တို့ အနေနဲ့ ပြဿနာကို ဒီအတိုင်း ပစ်ထားလို့ မရဘူး။ အကောင်းဆုံး ဖြေရှင်းရမယ်။ သူတို့ကို ကျနော်တို့ ပြန် လက်ခံရမယ်။ အဲဒီလို ပြန်လက်ခံတဲ့ အခါ သူတို့ ဆန္ဒအလျောက် ပြန်လက်ခံရမယ်၊ အတင်းအကျပ် လုပ်လို့ မရဘူး” ဟုလည်း ဦးသောင်းထွန်းက ပြောသည်။

ယခင်က မြန်မာနိုင်ငံဘက်မှ အကြိမ်ကြိမ် ရပ်တည်ခဲ့သည့် အတိုင်း တရုတ်နှင့် ရုရှားနိုင်ငံတို့သည် မြန်မာနိုင်ငံဘက်မှ ရပ်တည်မည် ဖြစ်သော်လည်း ၎င်းတို့၏ အကျိုးစီးပွားအတွက်သာ လုပ်ဆောင်ခြင်း ဖြစ်သည် ဟုလည်း သူက ရှင်းပြသည်။

ကျောင်းသားများနှင့် တက်ကြွလှုပ်ရှားသူ များစွာ သေဆုံးစေခဲ့သော လူထုအုံကြွမှုကို အကြမ်းဖက် ဖိနှိပ်မှု အပြီး ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံသည် ပြင်းထန်သော နိုင်ငံတကာ ဖိအားကို ခံစားခဲ့ရသည်။ ၁၉၉၀ ခုနှစ်တွင်လည်း တပ်မတော်က ရွေးကောက်ပွဲ ရလဒ်များကို လေးစားလိုက်နာခြင်း မရှိသောကြောင့် အစိုးရသည် နိုင်ငံတကာ ဖိအား အများအပြားကို ရင်ဆိုင်ခဲ့ရသည်။

“အဲဒီတုန်းက နိုင်ငံတကာ ဖိအားက ကျနော်တို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို မထိခိုက်ဘူး။ ဒါပေမယ့် ဒီတခါ ထိခိုက်နိုင်တယ်။ တိုင်းပြည်ရဲ့ တည်ငြိမ်မှုကိုလည်း ထိခိုက်နိုင်တယ်” ဟု သူက ပြောသည်။

အမှားအယွင်းကို ငြင်းဆန်တတ်သော ယဉ်ကျေးမှုကြောင့် တပ်မတော်သည် နိုင်ငံတကာက တရားမျှတမှု ရရှိရေး အားထုတ်မှုများကို ဖြစ်စေသည် ဟု မြန်မာနိုင်ငံ၏ ပဋိပက္ခနှင့် ငြိမ်းချမ်းရေး လုပ်ငန်းများကို လေ့လာနေသူ ဒေးဗစ် မက်သီဆန်က ပြောသည်။

“လူ့အခွင့်အရေးတွေ ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်တယ် ဆိုတဲ့ သတင်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လုပ်ဆောင်ပြီး ယုံကြည်လက်ခံနိုင်တဲ့ စုံစမ်းစစ်ဆေးမှု လုပ်မယ်၊ ချိုးဖောက်သူတွေကို အပြစ်ပေးမယ် ဆိုရင် ဖိအားပေး တောင်းဆိုမှုတွေ ဒီလောက် ကျယ်ကျယ်လောင်လောင် မြန်မြန်ဆန်ဆန် ဖြစ်လာမှာ မဟုတ်ဘူး” ဟုလည်း သူက ပြောသည်။

“ပြီးတော့ ဘင်္ဂလားဒေ့ရှ် ဘက်ကို လူတွေ အများကြီး ထွက်ပြေးစေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေကို အစိုးရက အလေးထား ပြောဆိုမှု မပြုလုပ်ခဲ့တာကလည်း တပ်မတော်ရဲ့ လုပ်ရပ်ကို ထောက်ခံရာ ရောက်ပြီး စစ်မှန်တဲ့ စုံစမ်းစစ်ဆေးမှု လုပ်နိုင်မယ့် ယုံကြည် လက်ခံနိုင်တဲ့ လုပ်ငန်းစဉ်ကို လုပ်ဆောင်ဖို့လည်း အဆုံးအဖြတ်လည်း မပေးခဲ့ဘူး” ဟုလည်း သူက ပြောသည်။

တာဝန်ရှိမှု ဖော်ထုတ်ခြင်းနှင့် ဆိုင်သော နိုင်ငံတကာ အားထုတ်မှုများ၏ အကန့်အသတ်များနှင့် R2P ၏ သက်ရောက်မှု အကန့်အသတ်များကို မြန်မာနိုင်ငံအနေနှင့် နားလည်ရန် လိုသည် ဟုလည်း မက်သီဆန်က ပြောသည်။ R2P အသုံးပြုခြင်း သည် အမြဲတမ်း အောင်မြင်သည် မဟုတ်ကြောင်း၊ အထူးသဖြင့် ဒါဖာတွင် မအောင်မြင်ခဲ့ကြောင်းနှင့် ပဋိပက္ခကို တိကျသော အကဲဖြတ်ခြင်း အပေါ် အမြဲ အခြေခံခြင်း မရှိကြောင်းလည်း သူက ရှင်းပြသည်။

တာဝန်ရှိမှုကို ဖော်ထုတ်ရေး နိုင်ငံတကာ ဖိအားများကို ခုခံရန် တရုတ်နှင့် ရုရှားနိုင်ငံတို့ကို အကာကွယ် ယူခြင်းသည် နိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ထိခိုက်နိုင်သည် ကို မြန်မာနိုင်ငံအနေဖြင့် နားလည်သင့်သည် ဟုလည်း သူက ပြောသည်။ R2P က မြန်မာနိုင်ငံကို မည်မျှ ကျူးကျော်နိုင်သည် ကိုသာ မကြည့်ဘဲ မြန်မာနိုင်ငံကို သံတမန်ရေး အရ အကာအကွယ် ပေးရသောကြောင့် အကျိုးခံစားခွင့် ရသင့်သည် ဟု ယူဆသော တရုတ်နိုင်ငံနှင့် နီးကပ်စွာ ဆက်ဆံခြင်း သည် နိုင်ငံကို ရေရှည်တွင် မည်မျှအထိ ထိခိုက်နိုင်သည်ကိုလည်း ထည့်သွင်း စဉ်းစားရမည် ဟု သူက ပြောသည်။

ဦးသောင်းထွန်း အနေဖြင့် အကဲဖြတ်သင့်သည်မှာ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှု၏ လုပ်ဆောင်လာနိုင်သော အတိုင်းအတာ ဖြစ်ပြီး၊ R2P မျှသာမက ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့နှင့် အမေရိကန်က ၎င်းတို့၏ သီးခြား စုံစမ်းစစ်ဆေးမှု တို့ကိုလည်း ထည့်သွင်း စဉ်းစားရမည် ဟု မက်သီဆန်က ပြောသည်။

၁၉၉၀ ခုနှစ်များ အတွင်း နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်၏ စုံစမ်းစစ်ဆေးမှု နောက်ပိုင်းတွင် မြန်မာနိုင်ငံသည် ယခု တကြိမ်တွင် အဓိကကျသော နိုင်ငံတကာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးမှုနှင့် အနီးကပ်ဆုံး အနေအထားသို့ ရောက်လာ ခြင်း ဖြစ်သည် ဟုလည်း သူက ပြောသည်။

ကုလသမဂ္ဂအဖွဲ့ဝင် ဖြစ်သော အဖွဲ့ဝင် ၅၇ နိုင်ငံပါ အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) နှင့် ဥရောပသမဂ္ဂဝင် ၂၈ နိုင်ငံရှိသည်။ သြဂုတ်လတွင် တိုက်ခိုက်မှု ဖြစ်ပွားလာပြီးနောက် မြန်မာနိုင်ငံကို အရေးယူနိုင်သော ဆုံးဖြတ်ချက် ချရန် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် OIC က အဆိုပြုသည်။ အနောက်နိုင်ငံ အများအပြားက ထိုဆုံးဖြတ်ချက်ကို ထောက်ခံကြသည်။

မြန်မာနိုင်ငံ၏ အခြေအနေသည် အကျပ်အတည်း အဆင့် ရောက်နေပြီ ဟု ကုလသမဂ္ဂ အကြီးအကဲက မှတ်ချက်ချသည်။ ရခိုင်ဒေသ အတွင်း စစ်ဆင်ရေးများ ရပ်တန့်ရန်၊ ဆက်လက် ကျန်ရှိနေသော ဒုက္ခသည်များအတွက် လူသားချင်းစာနာမှု အကူအညီများပေးရန်၊ ထွက်ပြေးသွားသော ဒုက္ခများကို ပြန်လည် လက်ခံရန်နှင့် ကိုဖီအာနန်၏ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော်ရန် စသည့် အချက် ၄ ချက်ကို ကုလသမဂ္ဂက တောင်းဆိုထားသည်။

မြန်မာလုံခြုံရေး တပ်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအား ရှုတ်ချသော ကြေညာချက်တစောင်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက နိုဝင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်ခဲ့သော်လည်း ထိုစွပ်စွဲချက်များသည် အခြေအမြစ် မရှိဟု အစိုးရက ဆိုသည်။ လိုအပ်သော အချိန်တွင် မြန်မာနိုင်ငံကို အရေးယူမည် ဟုပင် ကုလသမဂ္ဂက ဆိုသည်။ ။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် အကြီးတန်း သတင်းထောက် လဝီဝမ်၏ Govt Frets UN Will Invoke Genocide Doctrine to Intervene in Rakhine  ကို ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading