သတင်း

ပုံတောင်ပုံညာ ဒေသတွင် ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ တည်ဆောက်ရန် စီစဉ်

Want create site? Find Free WordPress Themes and plugins.

မကွေးတိုင်းဒေသကြီး ဂန်ဂေါမြို့နယ် ပုံတောင်ပုံညာ ဒေသတွင် သဘာဝ ဓတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ တခု တည်ဆောက်ရန် စီစဉ်နေကြောင်း မကွေးတိုင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဦးမြင့်ဇော်က ပြောသည်။

ပုံတောင်ပုံညာဒေသတွင် တူးဖော်လျက်ရှိသည့် ပုထိုးလုံ ၁ နှင့် ပုထိုးလုံ ၂ အမည်ရှိ သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းများမှ ထွက်ရှိလာမည့် ဓာတ်ငွေ့များကို အသုံးပြု၍ လုပ်ငန်းဆောင်ရွက်မည် ဖြစ်သည်ဟု သိရှိရသည်။

ပုထိုးလုံ ဒေသမှ လက်ရှိ ထွက်နေသည့် ဓာတ်ငွေ့ပမာဏ အပါအဝင် စက်ရုံ တည်ဆောက်ရေး အတွက် ရင်းနှီးမြှုပ်နှံမှု ကုန်ကျ စရိတ်နှင့် ထုတ်လုပ် ရရှိလာမည့် လျှပ်စစ် ပမာဏတို့ကိုမူ ဝန်ကြီးဌာနက အသေးစိတ် ထုတ်ပြန် ပြောဆိုခြင်း မရှိပေ။

တိုင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က “ပုထိုးလုံဒေသမှာ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းတာတွေလုပ် နေပြီ၊ ဘယ်လောက် ပမာဏ ထုတ်နိုင်မယ်ဆိုတာတော့ အသေးစိတ် မပြောနိုင်သေးဘူး။ ဒီဓာတ်ငွေ့နဲ့ နှစ်အတိုင်းအတာ တခု အထိတော့ လျှပ်စစ်ထုတ်လို့ ရနိုင်ပါတယ်၊ ရလာတဲ့ လျှပ်စစ်ကိုလည်း မဟာ ဓာတ်အားလိုင်းထဲကို ထည့်ပေး မှာပါ”ဟု ပြောဆိုသည်။

လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန အနေဖြင့်လည်း ဓာတ်အားပေး စက်ရုံ တည်ဆောက်ရေး အတွက် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း (MOGE) နှင့် ဓာတ်ငွေ့ ရရှိနိုင်မည့် အခြေအနေ အပေါ် ညှိနှိုင်းဆဲ အဆင့်သာ ရှိနေသေး ကြောင်း ဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန်(လျှပ်စစ်) ဦးစိုးမြင့်ကလည်း ပြောသည်။

ပုထိုးလုံ ၁ ရေနံရှာဖွေရေး ဆိုက်စမစ် တိုင်းတာခြင်း လုပ်ငန်းများကို တရုတ်ကုမ္ပဏီ တခုက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထွက်ရှိ နိုင်မည့် ပမာဏအနေဖြင့် စီးပွားဖြစ် တင်ပို့လုပ်ကိုင်ရန် တွက်ခြေကိုက်မှု မရှိသည့်အတွက် ပြန်အပ်နှံခဲ့ခြင်း ဖြစ်ပြီး MOGE က ပုထိုးလုံ ၁ အပြင် ပုထိုးလုံ ၂ ကိုပါ ဆက်လက် တူးဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မကွေးတိုင်းဒေသကြီး အတွင်း တွင်းတိမ် ရေနံ လက်ယက်တွင်းများ တူးဖော်လျက်ရှိသည့် ရေနံမှော်များ တွင် လည်း ဓာတ်ငွေ့များ ထွက်လျက်ရှိပြီး ထိုဓာတ်ငွေ့များကို စီးပွားဖြစ် ထုတ်ယူနိုင်ခြင်းမရှိဘဲ ကုန်ဆုံး နေရကြောင်း လက်ယက် ရေနံတွင်း တူးဖော်ရေး လုပ်သားများက ပြောသည်။

ရေနံ လက်ယက်တူးဖော်ရေး စက်သမား အဖြစ် လုပ်ကိုင်ခဲ့သူ ဦးအောင်စိုးက “ထွက်နေတဲ့ ဂက်စ်တွေကို အရည် ဖြစ် အောင်လုပ်ပြီး ဒေသတွင်း စီးပွားဖြစ် လုပ်နိုင်ရင် ကောင်းမယ်၊ ကျနော်တို့ကတော့ နည်းပညာမရှိဘူး၊ ပမာဏနည်း တယ် ဆိုပေမယ့် ဒေသတွင်း အသေးစား သုံးနိုင်အောင် လုပ်သင့်တယ်၊ အခုက အလကား ဖြစ်နေတာပေါ့”ဟု ပြော ဆို သည်။

ရေနံ လက်ယက်တွင်းများမှ ထွက်ရှိနေသည့် ဓာတ်ငွေ့များအား တွင်းဝမှတဆင့် ပိုက်လိုင်းများဖြင့် လေထုထဲသို့ ထုတ် ပစ်လျက် ရှိသည့်အတွက် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည့်အပြင် မီးဘေး အန္တရာယ်ကိုလည်း စိုးရိမ်းရကြောင်း သဘာဝ ပတ်ဝန်းကျင် အရေး လှုပ်ရှားသူများက ထောက်ပြကြသည်။

တိုင်းလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်ကမူ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်တို့ အတွင်းရှိ ရေနံ လက်ယက်တွင်းများ မှ ရေနံ၊ ဓာတ်ငွေ့နှင့် ရေများ ရောထွေး ထွက်လျက် ရှိပြီး ဓာတ်ငွေ့ထွက်ရှိမှု ပမာဏမှာ ဘူမိဗေဒ ပညာရှင်များ၏ တိုင်းတာ တွက်ချက်မှုများ အရ စီးပွားဖြစ် ထုတ်လုပ်နိုင်သည့် အခြေအနေ မရှိသည့်အတွက် အစိုးရအနေဖြင့် လက်ယက် တွင်းများမှ ဓာတ်ငွေ့များကို ထုတ်ယူရန် မရှိကြောင်း ပြောသည်။

ဦးမြင့်ဇော်က “ကျနော်တို့က ဒီအတိုင်း လွှတ်ထားတာ မဟုတ်ပါဘူး။ ပညာရှင်တွေနဲ့ ဆိုက်စမစ် တိုင်းတာပြီးမှ တွက် ခြေ မကိုက်နိုင်လို့ မလုပ်တာပါ၊ ပမာဏနည်းတယ်လို့ တိုင်းတာမှုတွေအရ သုံးသပ်ထားတဲ့ အတွက် ဒေသတွင်း သုံးဖို့ တောင် မရနိုင်လို့ ဒီနေရာမှာ ဓာတ်ငွေ့ထုတ်ဖို့ လုပ်ငန်းရှင်တွေလည်း အဆိုပြုထားတာ မရှိပါဘူး”ဟု ပြောဆိုသည်။

MOGE အနေဖြင့် မြိုင်မြို့နယ်အတွင်း ကျောက်ခွက်-လက်ပံတို ရေနံမြေနှင့် Pondong၊ Yaw နှင့် Shwezettaw ရေနံ မှော်များမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုမိုထုတ်ယူနိုင်မည့် အလားအလာကို သိရှိရန်နှင့် ပုထိုးလုံ ဒေသတွင် သဘာဝ ဓာတ်ငွေ့ထွက်ရှိမှု အနေအထားများအား ပိုမိုသိရှိနိုင်ရန် နှစ်ဖက်မြင် ဆိုက်စမစ် တိုင်းတာရေး လုပ်ငန်းများကို ဆောင် ရွက် လျက်ရှိပြီး ယခုနှစ် အောက်တိုဘာ ၉ ရက်နေ့ အထိ ဆိုက်စမစ်လိုင်း ၁၀ လိုင်း (လိုင်းကီလိုမီတာ ၁၅၈.၆) ကို တိုင်းတာခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်း ဒေသကြီး ပုံတောင်ပုံညာ ဒေသသည် နှစ်သန်းချီ သက်တမ်းရှိသည့် ကျောက်ဖြစ် ရုပ်ကြွင်းများ တူးဖော် တွေ့ရှိရာ ဒေသတခု ဖြစ်ပြီး နှစ်စဉ် ဘူမိဗေဒ ဆိုင်ရာ သုတေသန ပညာရှင်များနှင့် ကျောင်းသားများ လာရောက် လေ့လာ ရှာဖွေရာ နေရာဒေသတခု ဖြစ်သည်။

ဇူးဇူး ပူးပေါင်း ရေးသားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading