သတင်း

ပလက်ဝ ဒေသခံ ၁ ဦး မိုင်းနင်းမိ၍ သေဆုံး

Want create site? Find Free WordPress Themes and plugins.

ချင်းပြည်နယ် ပလက်ဝမြို့နယ် ငရှား(အထက်) ကျေးရွာမှ ဒေသခံ ဦးမောင်ဖြူ(ခ) ဦးကျော်သာအောင်သည် နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းက မိုင်းနင်းမိ၍ သေဆုံးမှု ဖြစ်ပွားကြောင်း သတင်းရသည်။

ဦးမောင်ဖြူ သည် ရွာအနောက်ဘက် ၃ မိုင်ခန့်အကွာ ကားတောင် ခြေရင်းရှိ ၎င်း၏ တောင်ယာခင်း သို့ သွားနေစဉ် တောလမ်း၌ မိုင်းနင်းမိပြီး ညာဘက်ပေါင်ရင်း ပြတ်၍ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ထံမှ သိရ သည်။

ချင်းပြည်နယ် အစိုးရအဖွဲ့ စည်ပင်၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဆလိုင်း အိုက်ဇက်ခင်က “အခုထိတဲ့ မိုင်းက အရင် တုန်းက AA အဖွဲ့ ထောင်ထားတဲ့ မိုင်းလက်ကျန်တွေလား၊ ဒါမှမဟုတ် နောက်ထပ် အသစ်ထောင်တဲ့ မိုင်းတွေ လား မသိရသေးဘူး။ AA အဖွဲ့က ထောင်ထားတဲ့ မိုင်းတွေဖြစ်တယ်။ အဲ့ဒီရွာက ဒေသခံတွေဟာ တောင်ယာ စိုက်ခင်း တွေ လုပ်ကိုင်ကြသူတွေ ဖြစ်တယ်။ ဒီလိုဖြစ်တော့ တောထဲ တောင်ပေါ်ကို သွားလာဖို့ သူတို့အတွက် အခက်အခဲတွေ ဖြစ်လာတယ်။ ဒီလို မိုင်းတွေ ထောင်ထားတော့ ပလက်ဝမြို့နယ် အတွင်းမှာ ရှိတဲ့ လူထု အတွက်တော့ အင်မတန် စိတ် မကောင်းစရာ ဖြစ်စေတယ်။ အခက်အခဲတွေ ကြုံတွေ့ရတယ်”ဟု ပြောသည်။

ထို ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရက္ခိုင့် တပ်မတော် (AA) သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက မိမိတို့ ထောင်သော မိုင်းမဟုတ်ဘဲ တပ်မတော်က ထောင်သည့် မိုင်း ဖြစ်ကြောင်း ပြောသည်။
“အဲ့ဒီ ကိစ္စက ဗမာစစ်တပ်က ထောင်တဲ့ မိုင်းလို့ သိရတယ်။ ငရှားရွာမှာ ဖြစ်တဲ့ မိုင်းနင်းမှုက ကျနော်တို့ ထောင်တာ မဟုတ်ဘူး။ ဗမာတပ်မတော်က ထောင်တာ။ ရွာသားတွေနေတဲ့ နေရာနားမှာ ထောင်နေတာ။ အခု ကျနော်တို့ ထောင် တယ် ဆိုပြီး ဝါဒဖြန့်တယ်။ ပြီးတော့ သူတို့က လုပ်တယ်”ဟု ၎င်းက ပြောဆိုသည်။

မိုင်းနင်းမိ၍ သေဆုံးသွားသော ဦးမောင်ဖြူ၏ မိသားစုကို ငွေကျပ် ၃ သိန်းထောက်ပံ့ ပေးသွားမည်ဖြစ်ပြီး တပ်မတော် အကူအညီဖြင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင် က ပြောသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ် အတွင်း AA အဖွဲ့ လှုပ်ရှားနေခြင်းကြောင့် တပ်မတော်နှင့် AA ကြား နိုဝင်ဘာ ၁ ရက်မှ ၁၆ ရက်အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ကုန်ပြင်ကျေးရွာမှ ဒေသခံ ၃၃၄ ဦး ချင်းပြည်နယ် အစိုးရအဖွဲ့ ထိန်းချုပ်မှု အောက် ရှိ ရှင်းလက်ဝ ကျေးရွာဘက်သို့ တိုက်ပွဲရှောင်ခဲ့ကြရသည်။

ထို့နောက် နိုဝင်ဘာ ၂၅ ရက်မှ ၂၈ ရက်ထိ အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် မြိတ်ဝကျေးရွာ၊ စက်တင်ဝ ကျေးရွာ၊ ပကာဝ ကျေးရွာ၊ မြွီလိုက်ဝ ကျေးရွာ၊ အုန်းသီးဝ ကျေးရွာ၊ ကလပ်ချောင်း ကျေးရွာတို့တွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း၊ မိမိတို့တွင် တိုက်ပွဲရှောင် ၈၀၀ ကျော်ကို စောင့်ရှောက်ထားရကြောင်း AA သတင်းနှင့် ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားသည်။

နိုဝင်ဘာ ၈ ရက်က ငရှားကျေးရွာနှင့် ငဒဏ်သောင် ကျေးရွာကြား နှံဘူးကြီး ကျေးရွာတွင် AA အဖွဲ့က တပ်မတော် သား များ စီးနင်း လိုက်ပါလာသော စက်လှေကို တိုက်ခိုက်ခဲ့ရာမှ တပ်မတော်သားများ ထိခိုက် ကျဆုံးမှုနှင့် ဒဏ်ရာ ရရှိမှုများ ဖြစ်ပွားခဲ့ကြသည်။

အလားတူ AA အဖွဲ့သည် အရပ်သားများ စီးနင်းလိုက်ပါလာသော စက်လှေကို မှားယွင်း ပစ်ခတ်ခဲ့ခြင်းကြောင့် GTI ဒုတိယနှစ် ကျောင်းသား မောင်အောင်စိုးနှင့် ဒေါ်ကာလာ တို့ သေဆုံးခဲ့ရသလို အရပ်သား အမျိုးသမီး ၃ ဦး ဒဏ်ရာ များ ရရှိခဲ့ကြသည်။

AA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက “ကျနော်တို့ အရပ်သားတွေကို မထိခိုက်အောင် ဆောင်ရွက် နေပါ တယ်။ ဒီတိုက်ပွဲက ဗမာတပ်မတော်က အမြစ်ပြတ်ချေမှုန်းရေး ကြွေးကြော်ပြီး ဆောင်ရွက်နေလို့ ဖြစ်တာပါ။ ကျနော် တို့ နေရာတွေကို လာတိုက်တာ ကျနော်တို့ကတော့ ခုခံစစ်အနေနဲ့ပဲ တိုက်နေတာပါ” ဟု ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading