သတင်း

မြန်မာ့တပ်မတော်နှင့် AA တိုက်ပွဲကြောင့် နေရပ်စွန့်ခွာရသူများ အကူအညီ လိုအပ်နေ

Want create site? Find Free WordPress Themes and plugins.

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ရာနှင့်ချီသော နေရပ်စွန့်ခွာ ထွက်ပြေးရသူများသည် ကုလားတန်မြစ်အနီးရှိ ရှင်းလက်ဝကျေးရွာတွင် သောင်တင်နေပြီး အကူအညီများ လိုအပ်နေစဉ် ဒေသခံအချို့သည်လည်း မြန်မာ-အိန္ဒိယနယ်စပ် အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခိုလှုံနေကြရသည်ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်။

ယခုလအစောပိုင်းမှ စတင်ခဲ့သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) အကြား တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ် ကျေးရွာများမှ ချင်း၊ ရခိုင်နှင့် ဗမာ ၃၃၀ ကျော်တို့သည် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးလုပ်သားများက ပြောသည်။

မြန်မာနိုင်ငံသား ၁၂၀၀ ကျော်တို့သည် ရခိုင်ပြည်နယ်မှ နယ်စပ်ကိုဖြတ်ကျော်ပြီး အိန္ဒိယ အရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်တွင် ခိုလှုံနေရသည်ဟု Indian Express သတင်းစာက လွန်ခဲ့သော သောကြာနေ့က သတင်းဖေါ်ပြခဲ့သည်။

နယ်စပ်ဘက်ခြမ်းတွင် ယခုအပတ်အထိ သေနတ်သံများ ကြားနေရဆဲဖြစ်သည်ဟု ပလက်ဝဒေသခံ မြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ဦးကျော်ခင်က ပြောသည်။

ရှင်းလက်ဝရှိ နေရပ်စွန့်ခွာ ထွက်ပြေးရသူများကို နိုဝင်ဘာ ၂၃ ရက်က သွားရောက်တွေ့ဆုံခဲ့သူ ဦးကျော်ခင်က “ဒုက္ခသည်တွေက ကုလားတန်မြစ်ကမ်းမှာ သောင်တင်နေတုန်းပဲ။ ညဘက်ဆိုရင်တော့ သူတို့တွေက စာသင်ကျောင်းနဲ့ ကျန်းမာရေး အဆောက်အအုံတွေမှာ အိပ်ကြရတယ်” ဟု ဆိုသည်။

ထိုနေရပ်စွန့်ခွာရသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီ လိုအပ်နေသည်ဟု ဦးကျော်ခင်က ဆိုသည်။ မကြာသေးမီက အမျိုးသမီးတဦးသည် ကျန်းမာရေးဝန်ထမ်း အကူအညီ မပါဘဲ မီးဖွားခဲ့ရကြောင်းလည်း ၎င်းက ရှင်းပြသည်။ ကယ်ဆယ်ရေး အဖွဲ့များနှင့် ချင်းပြည်နယ် အစိုးရတို့က ဆေးဝါးအထောက်အပံံများ ပေးလှူထားသော်လည်း နေရပ်စွန့်ခွာရသူများကို စနစ်တကျ ကုသနိုင်ရန် ထိုဒေသတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်သား အလုံအလောက် မရှိပေ။

ပလက်၀ ကုန်းတွင်းပိုင်းနှင့် အိန္ဒိယနိုင်ငံအကြား နယ်စပ်ကို ဖြတ်သန်းသွားနိုင်သော ကလက်ချောင်း တဝိုုက်တွင် သွားလာမှုများကို နိုဝင်ဘာလ ၄ ရက်နေ့မှ စတင်ပြီး AA က ပိတ်ထားလိုက်သည်။ မြန်မာ့တပ်မတော်က “ရက္ခိုင့်တပ်မတော် လှုပ်ရှားနယ်မြေများအား ထိုးစစ်အရှိန်မြှင့်လာသောကြောင့် တိုက်ပွဲကြီးများ ဖြစ်ပွားလာနိုင်သည့်အတွက် နီးစပ်ရာဒေသခံရွာသူရွာသားများအနေဖြင့် ကုလားတန်မြစ်၊ ကလက်ချောင်းနှင့် ပီချောင်းတဝိုက်တွင် ခရီးသွားလာခြင်း မပြုလုပ်ကြရန်” AA က နိုဝင်ဘာလ ၅ ရက်နေ့တွင် သတိပေးစာ ထုတ်ပြန်ခဲ့သည်။

“နိုဝင်ဘာလ ၄ ရက်နေ့က စပြီး အဲဒီဘက်အခြမ်း နယ်စပ်ကျေးရွာတွေကို ဆက်သွယ်လို့လည်း မရတော့ဘူး၊ သွားလို့လည်း မရတော့ဘူး” ဟု ဦးကျော်ခင်က ပြောသည်။

ရေလမ်းခရီးကို ဆက်လက်အသုံးပြုသူများသည် နှစ်ဘက်တိုက်ပွဲများအကြား ကြားညပ်ခဲ့သည်။ နိုဝင်ဘာလ ဒုတိယပတ်အတွင်းတွင် ပစ်ခတ်မှုများကြောင့် ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့သည်။

နိုဝင်ဘာလ ၈ ရက်နေ့က လှေဖြင့် ခရီးသွားနေသော တက္ကသိုလ်ကျောင်းသားတဦး အပြင်းအထန်ဒ ဏ်ရာဖြင့် သေဆုံုးခဲ့ရပြီး၊ နိုဝင်လာလ ၁၁ ရက်နေ့တွင်မူ အသက် ၆၀ အရွယ် အမျိုးသမီးတဦး လှေအတွင်း ကျည် ထိမှန်သေဆုံးသည်။

AA ဘက်ကလည်း ထိခိုက်သေဆုံးမှုများရှိသည်။ ပလက်ဝနှင့် ဘူးသီးတောင် မြို့နယ်များတွင် ၎င်းတိုု့တပ်များနှင့် မြန်မာ့တပ်မတော် အကြား တိုက်ပွဲများအတွင်း အဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရသည်ဟု AA ပြောခွင့်ရသူက ယခင်အပတ်က ပြောဆိုုထားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် AA အကြား တိုက်ပွဲများသည် ဒေသခံ ရွာသားများအတွက် ပိုမို ဝန်ထုတ်ဝန်ပိုး ဖြစ်စေသည်။ ထိုဒေသသည် လွန်ခဲ့သော သြဂုတ်လ စစ်သွေးကြွ တိုက်ခိုက်မှုနောက်ပိုင်းမှ စတင်ပြီး မတည်ငြိမ်မှုများဖြင့် ကြုံတွေ့နေရပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုုင်ငံဘက်ခြမ်းသို့ ထွက်ပြေးသွားသူ ခြောက်သိန်းနှစ်သောင်းကျော် (၆၂၀၀၀၀) ရှိနေကြောင်း ကုလသမဂ္ဂက စာရင်းထုတ်ပြန်ထားသည်။

ထိုအချိန်က ရခိုင်နှင့် ရခိုင်လူမျိုးနွယ်စု သုံုးသောင်းခန့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရသော်လည်း အစိုးရ၏ အကူအညီဖြင့် နေရပ်သို့ ပြန်လည်ရောက်ရှိသွားကြပြီဟု ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။

မကြာသေးမီက အိန္ဒိယဘက်သို့ ထွက်ပြေးကြသူ အများစု ပလက်ဝမှ ဖြစ်နိုင်ပြီး ဘူးသီးတောင် ဒေသခံများ မဟုတ်နိုင်ဟုလည်း သူက ယူဆသည်။ ဘူးသီးတောင်တွင် AA နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများသည် လူသူမနီးသည့် တောဘက်ခြမ်းတွင် ဖြစ်ပွားခြင်းကြောင့် ရခိုင်ပြည်နယ်မှ အိန္ဒိယသို့ ထွက်ပြေးသူများ မဖြစ်နိုင်ကြောင်း ၎င်းက ပြောဆိုခြင်း ဖြစ်သည်။

ပလက်၀ ကျေးရွာသားများသည် ၂၀၁၅ ခုနှစ်ကလည်း မြန်မာ့တပ်မတော်နှင့် AA အကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ဖူးသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading