ကျောင်းသားကျောင်းသူများသည် လက်များဝှေ့ယမ်းပြီး ဧည့်သည်တော် မွန်တေးဂီတအဖွဲ့က တီးခတ်နေသည့် လူသိများသော သီချင်းသံစဉ်အတိုင်း သီဆိုနေကြသည်။ စာသင်ခန်းမမှလည်း အခြားသော ကျောင်းသူကျောင်းသားများသည် ထိုသီချင်းကို ပျော်ရွှင်စွာ သီဆိုရင်း အဆုံးပိုင်းသို့ရောက်ရှိသွားသောအခါ သီဆိုသူများကို အားပေးသောအားဖြင့် လက်ခုပ်တီးကြသည်။
“မွန်ကျောင်းသားတွေ ဂီတကို လာခံစားပြီး စာကြိုးစားဖို့အားပေးချင်လို့ပါ” ဟု လူသိများသော မွန်အဆိုတော် နိုင်စပိုင်က ကျောင်းသားများကို ပြောသည်။ “ကျနော်တို့မှာ ပညာတတ်တွေ ပိုမို များပြားလာတဲ့တနေ့မှာ ကျနော်တို့ လွတ်လပ်ရမယ်” ဟုလည်း သူက မွန်ပြည်နယ်နိုင်ငံရေးအခြေအနေကို ရည်ညွှန်းပြောသည်။
မွန်အစိုးရကျောင်း အများစုကဲ့သို့ပင် အန်းဒင် အထက်တန်းကျောင်းသည် ရင်းမြစ်နှင့် ဘဏ္ဍာရေးထောက်ပံ့မှု မရှိခဲ့ပါ။ သို့သော် ယနေ့တွင်မူ မွန်အသိုင်းအဝန်းသည် ထိုကျောင်းသို့ လာရောက်လှူဒါန်းကြပြီး မွန်ကလေးငယ်များ၏ ပညာရေးကို ထောက်ပံ့ကြသောကြောင့် အခြားသောကျောင်းများနှင့် အနည်းငယ် ခြားနားလာသည်။
အအာသည် ဆရာတော် အဇ္ဇ ဘွဲ့အမည်ရှိ ဘုန်းတော်ကြီး တပါးဦးဆောင်သည့် အလှူဒါနပြုအဖွဲ့ဖြစ်သည်။ ထိုဘုန်းတော်ကြီးသည် အန်းဒင်ကျေးရွာ အထက်တန်းကျောင်းအတွက် အဖြူရောင် ပလပ်စတစ် သင်ပုန်းများ လာရောက် လှူဒါန်းသူလည်းဖြစ်သည်။
ဆရာတော် အဇ္ဇ သည် အဖြုရောင်သင်ပုန်း တဒါဇင်ခန့်ကိုလာရောက်လှူဒါန်းရင်း သူနှင့်အတူ မွန် အဆိုတော်များကိုလည်း ခေါ်ဆောင်လာခဲ့သည်။ မွန်ဖျော်ဖြေရေး အဖွဲ့များကလည်း ကျောင်းသားများကို ဖျော်ဖြေကြသည်။
သင်ပုန်းဖြူများအပြင် ဆရာတော်သည် ကျောက်သင်ပုန်းငယ်များကိုလည်း ကျောင်းသားများကို ပေးသည်။ ဆရာတော်သည် ထိုသို့ လာရောက်လှူဒါန်းသည်မှာ ယခု အကြိမ်နှင့်ဆိုလျှင် ၃ ကြိမ်ရှိပြီဖြစ်သည်။
“ဦးဇင်းက ကျောင်းသားတွေ ၈၀၀၀ လောက်ကို ကျောက်သင်ပုန်း လှူပြီးသွားပြီ။ သင်ပုန်းဖြူတွေကတော့ ကျောင်းတွေအတွက်ပဲ” ဟု ဆရာတော်က မိန့်သည်။ ယခုနှစ်အတွင်း စာရေးကိရိယာများအတွက် ငွေ ကျပ် ၄၅ သိန်းလှူဒါန်းပြီးဖြစ်သည်ဟုလည်း ပြောသည်။
ဆရာတော်သည် ယခင်က မွန်အမျိုးသား တက်ကြွလှုပ်ရှားသူဖြစ်ခဲ့ပြီး ထောင် ၁၅ နှစ်ချခံရဖူးသည်။ သမ္မတ ဦးသိန်းစိန်က တနိုင်ငံလုံးမှ နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးသောအခါ ဆရာတော် ထောင်တွင်းတွင် ၂ နှစ်ကြာ နေထိုင်ခဲ့ရပြီးသွားပြီဖြစ်သည်။
ဆရာတော်သည် ထိုင်း၊ မလေးရှားနှင့် အမေရိကန်ပြည်ထောင်စုတို့သို့လည်းသွားရောက်ခဲ့ဖူးပြီး ထိုဒေသများမှ မွန်အသိုင်းအဝန်းများက အလှူငွေများ ပေးအပ်ခဲ့သည်။ ထိုငွေကို ဆရာတော်က မြန်မာနိုင်ငံမှ မွန်ကျောင်းများကို ထောက်ပံ့ရန် အသုံးပြုသည်။
အဖွဲ့အစည်း၏ အမည်ဖြစ်သော အအာ ဟူသောဝေါဟာရ၏ အဓိပ္ပါယ်ကို ဆရာတော်က ရှင်းပြသည်။ ထိုဝေါဟာရသည် “ လှူကြ၊ သွားကြ” ဟု အဓိပ္ပါယ်ရှိသည်ဟု သူရှင်းပြသည်။ ပညာရေးနှင့် အခြားကိစ္စများအတွက် ငွေလှူဒါန်းလိုသော မွန်အမျိုးသားများနှင့်တွေ့ဆုံသောအခါ ထိုအလှူရှင်များ သူနှင့်အတူ လိုက်ပါဆောင်ရွက်ကြရန်လည်း ဆရာတော်က ဖိတ်ခေါ်သည်ဟု ဆိုသည်။ “သူတို့က ဆရာတော်ကို ဒီလိုပြောလာတာနဲ့ အလှူလိုနေတဲ့ ကျောင်းကို အတူသွားလိုက်ကြတာပဲ” ဟု ဆရာတော်က ရှင်းပြသည်။
ထိုရန်ပုံငွေကို ကျောင်းများ တည်ဆောက်ရန်နှင့်စစ်သင်တန်းတက်နေသော မွန်ရဲဘော်များအတွက် အစားအသောက်အလှူဒါန်း သွားရောက်လှူပေးသည်။
“အလှူရှင်ပေးချင်တဲ့ အကူအညီ အမျိုးအစားပေါ်မှာ မူတည်ပါတယ်” ဟု ဆရာတော်က ရှင်းပြသည်။
ထို အလှူရှင်များအပြင် မွန်အဆိုတော်များသည်လည်း ဆရာတော်ကို ကြည်ညိုလေးစားပြီး ဆရာတော်၏ လုပ်ရပ်များကို သဘောကျသောကြောင့် ထိုသို့သော ခရီးစဉ်များတွင် လိုက်ပါလိုကြောင်း ပြောကြသည်။
“မွန်ကလေးတွေအတွက် ပညာရေးက ပထမ ဦးစားပေးပဲ၊ တခြား ဖွံ့ဖြိုးပြီးနိုင်ငံတွေကို ကြည့်ဖို့ လိုတယ်။ သူတို့ဆီမှာ ပညာရေးက ပထမ ဦးစားပေးပဲ” ဟု ဆရာတော်က ရှင်းပြသည်။
ယနေ့ အန်းဒင် ကျေးရွာ အထက်တန်းကျောင်းသည် ၎င်းတို့၏ အမဲရောင် သင်ပုန်းဟောင်းများကို ဆရာတော်လှူဒါန်းသည့် အဖြူရောင်သင်ပုန်းသစ်များနှင့် လဲလှယ်ကြသည်။ သင်ပုန်းတခုလျှင် ၅ သောင်းကျပ် ကုန်ကျသည်။
ကျောင်းတွင် မူလတန်းအဆင့်မှ ၁၀ တန်းအဆင့်ရှိ ကျောင်းသား ၃၀၀ ခန့်ရှိသည်။ ထိုကျောင်းသည် ပညာရေးဝန်ကြီးဌာန၏ကျောင်း တစိတ်တပိုင်းဖြစ်သော်လည်း မွန်ပြည်သစ်ပါတီ၏ ထိန်းချုပ်မှုအောက်ရှိ မွန်အမျိုးသားပညာရေးဌာန ကြီးကြပ်မှုကို ခံယူသည်။ မွန်ပြည်သစ်ပါတီသည် ၁၉၉၂ ခုနှစ်တွင် ပြည်ထောင်စုအစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး ဖြစ်သော်လည်း ပြည်နယ်၏ တစိတ်တပိုင်းကို ထိန်းချုပ်ထားသည်။ မွန်ပြည်သစ်ပါတီသည် ၁၉၇၂ ခုနှစ်မှစတင်ပြီး မွန်အမျိုးသားပညာရေးဌာနအောက်တွင် ကိုယ်ပိုင်ကျောင်းများ ထားရှိသည်။ မွန်ပြည်သစ်ပါတီသည် ကျောင်းစုစုပေါင်း ၁၅၆ ကျောင်း ထူထောင်ထားပြီး ကျောင်းသား ၁ သောင်း ၇ ထောင်ခန့်ကို သင်ကြားရန် ဆရာ၊ ဆရာမ ၈၀၀ ခန့်ထားသည်။
“တပည့်တော်တို့ ကျောင်းကို လာလှူလို့ အရမ်းဝမ်းသာပါတယ်။ အရမ်းကို ကြီးမားတဲ့ အကူအညီပါ” ဟု ကျောင်းဆရာတဦးဖြစ်သူ နိုင်မဂျောက ဆရာတော်ထံသို့ လျှောက်သည်။
ကျောင်းတွင် လစာ ၉ သောင်းကျပ်စီ ရရှိသော ဆရာ၊ ဆရာမ ၁၈ ယောက်ရှိသည်။ ထိုလစာငွေသည် နည်းပါးသော်လည်း ဆရာ ဆရာမများသည် မွန်အသိုင်းအဝန်းကို ကူညီချင်ကြသောကြောင့် အဆင်ပြေသည်ဟုလည်း နိုင်မဂျောက ရှင်းပြသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ လဝီဝမ်၏ Give and Go: Foundation Connects Donors with Poor Mon Schools ကို ဘာသာပြန်သည်)