သတင်း

ပလက်ဝဒေသတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ဟု AA ပြော

Want create site? Find Free WordPress Themes and plugins.

အိန္ဒိယ- မြန်မာ နယ်စပ်အနီး ချင်းပြည်နယ် ပလက်ဝဒေသရှိ ရက္ခိုင့်တပ်မတော် (AA) လှုပ်ရှားရာ ဒေသသို့ မြန်မာ့ တပ်မတော်က စစ်ဆင်ရေး ပြုလုပ်လာသဖြင့် လာမည့်ရက်ပိုင်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာမည်ဟု ခန့်မှန်းရကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဧရာဝတီသို့ ပြောသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့က နေရာ ၆ ခုတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ တပ်မတော်မှ ရဟတ်ယာဉ် ၂ စီး အသုံးပြု၍ တိုက် ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ပိတ်မိနေသည့် ၎င်းတို့၏ တပ်ဖွဲ့များကို ကယ်ထုတ်နိုင်ရန် ရဟတ်ယာဉ် အသုံးပြုခြင်း ဖြစ်ကြောင်း၊ AA အဖွဲ့ အနေဖြင့် ခုခံစစ်ပုံစံဖြင့် ပြန်လည် တုန့်ပြန်သွားမည်ဟု ၎င်းက ပြောသည်။

“တိုက်ပွဲ အကြီးအကျယ် ဖြစ်နေတာက အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ် ပလက်ဝဘက်မှာပေါ့။ တိုက်ပွဲက တော်တော်ပြင်းတယ်။ တပ်မတော်ဘက်ကလည်း အကျအဆုံးတွေ များတယ်။ သူတို့ဘက်က ဒီလိုပဲ ဆက်တိုက် လာရင်တော့ ကျနော်တို့ဘက်ကလည်း မဖြစ်မနေ ခုခံရမှာ ဖြစ်လို့ တိုက်ပွဲက ပိုပြင်းလာဖို့ပဲ ရှိတယ်”ဟု ခိုင်သုခက ပြောသည်။

နိုဝင်ဘာလဆန်းပိုင်းက စတင်ခဲ့သည့် ပလက်ဝဒေသတိုက်ပွဲများအတွင်း AA ဘက်မှ အနည်းဆုံး ၅ ဦးကျဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာ ရသူများလည်း ရှိကြောင်း၊ တပ်မတော်ဘက်မှ အကျအဆုံးကို စာရင်းတိတိကျကျ မသိနိုင်သော်လည်း အကျအဆုံး များနိုင်ကြောင်း၊ သို့သော် ၎င်းတို့အဖွဲ့ ပလက်ဝဒေသတွင် မည်သည့်အချိန်တွင် စတင်လှုပ်ရှားသည်ကိုမူ လုံခြုံရေးအရ မပြောနိုင်ကြောင်း AA အဖွဲ့က ပြောသည်။

မနေ့က ညနေပိုင်းတွင် တိုက်ပွဲများကြောင့် စိုးရိမ်ထိတ်လန့်နေသည့် ပလက်ဝဒေသခံ ၃၅၀ ခန့်သည် အိန္ဒိယဘက်ခြမ်းသို့ ထွက်ပြေးလာသဖြင့် ပြီးခဲ့သည့် တပတ်က ရောက်ရှိနေသည့် စစ်ရှောင် ဒုက္ခသည် ၁၅၀၀ နှင့် ပေါင်းပါက လူဦးရေ ၂၀၀၀ နီးပါး ရှိလာနေပြီ ဖြစ်ကြောင်း အိန္ဒိယဘက်ခြမ်းတွင် သီတင်းသုံးနေသည့် ဆရာတော် ဦးပညာဇောတက ဧရာဝတီသို့ မိန့်သည်။

“အကူအညီတွေ မရှိသေးဘူး။ ရခိုင်ရွာတွေကပဲ တတ်နိုင်သလောက် ကူညီနေကြတယ်။ အိန္ဒိယ အစိုးရက ပြီးခဲ့တဲ့ရက်က တအိမ်ထောင်ကို ဆန် ၁ ပြည်ဝေငှတယ်။ မနေ့က လူ ၃၅၀ လောက်ထပ် ရောက်လာတယ်။ အရင်က ၁၅၀၀ လောက်ရှိ တော့ တိုး လာတာပေါ့။ မနေ့က ညနေ ၄ နာရီခွဲလောက် မှာ ဗုံးကြဲတဲ့အတွက် မနေရဲလို့ ထွက်ပြေးလာကြတာ”ဟု ဆရာတော်က မိန့်သည်။

AA အဖွဲ့သည် ဒီမိုကရေစီ အစိုးရဟု ခေါ်သော သမ္မတဦးသိန်းစိန် လက်ထက်ရောက်မှ ပေါ်ပေါက်လာ သည့် အဖွဲ့ဖြစ်၍ ငြိမ်းချမ်းရေး ဆွေးနွေးရန် မရှိကြောင်း ၎င်းတို့၏ သဘောထားကို ၂၀၁၆ ခုနှစ်က အမျိုးသား လွှတ်တော်တွင် ကာကွယ် ရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောဆိုထား သည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ကလည်း ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝဒေသတွင် ရက္ခိုင့် တပ်မတော်(AA)၏ ခြုံခိုတိုက်ခိုက်မှု ကြောင့် မြန်မာ့တပ်မတော်မှ အရာရှိ ၂ ဦး၊ အခြားအဆင့် ၉ ဦး စုစုပေါင်း ၁၁ ဦး ကျဆုံးသွားပြီး ၁၄ ဦး ဒဏ်ရာ ရရှိသွားခဲ့ရသည်။ ၎င်းနောက်ပိုင်းတွင် တပ်မတော်က AA အဖွဲ့ထံသို့ ထိုးစစ်များ အကြီးအကျယ် ဆင်နွဲလာခြင်း ဖြစ်သည်ဟု ယင်းဒေသခံများက ပြောသည်။

နိုဝင်ဘာလ၂၈ ရက်နေ့က ပလက်ဝဒေသ နေရာ ၆ နေရာတွင် တိုက်ပွဲကြီး၊ တိုက်ပွဲငယ်များ ဆက်လက်ရှိနေခဲ့ပြီး၊ နိုဝင်ဘာလ ၂၅ ရက်နေ့က စတင်ကာ မြိတ်ဝရွာအနီးတွင် ၅ ရက်ဆက်တိုက်ပွဲ များ ဖြစ်ပွားခဲ့ကြောင်း၊ နိုဝင်ဘာ ၂၉ရက် ညပိုင်း ၉ နာရီ ၌လည်း နေရာ ၂ ခုတွင် တိုက်ပွဲ ပြင်းထန် ခဲ့ကြောင်း AA က သတင်းထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ တိုက်ပွဲများအတွင်း တပ်မတော်ဘက်မှ အကျအဆုံး၊အထိအခိုက်များရှိခဲ့ပြီး တပ်မတော်ထံမှ ၆၀ မမနှစ်လက်၊ ၆၀ မမကျည် (၇၀) လုံးနှင့် လက်နက်ခဲယမ်းအချို့နှင့် စစ်အသုံး အဆောင် ပစ္စည်းများကို သိမ်းဆည်း ရမိခဲ့ကြောင်း၊ တပ်မတော်မှ နောက်ထပ်စစ်ကူများ၊ လက်နက်ကြီးများကို ထပ်မံအင်အား ဖြည့်တင်း လာနေသောကြောင့် နောက်ရက်များတွင်လည်း တိုက်ပွဲများ ထပ်မံပြင်းထန်လာနိုင်ကြောင်းလည်း AA က ဆိုသည်။

အဆိုပါ တိုက်ပွဲများနှင့် ပတ်သက်၍ တပ်မတော်သို့ ဧရာဝတီက တဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေဆိုခြင်း ရှိသကဲ့သို့ တပ်မတော်ဘက်မှလည်း သတင်းထုတ်ပြန်ခြင်းမရှိပေ။

Did you find apk for android? You can find new Free Android Games and apps.
Loading