အရှေ့တောင်အာရှ နိုင်ငံအသင်း(အာဆီယံ) အတွင်းရေးမှူးချုပ်ဟောင်း နှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်း ဆူရင်ပစ်ဆူဝမ်ဟာ (၆၈နှစ်)ဟာ နှလုံးရောဂါနဲ့ ယနေ့ ကွယ်လွန်သွားကြောင်း Bangkok Post သတင်းက ဆိုပါတယ်။
ဖန်ငခရိုင်မှာ ဘီတက်မှာ ပြုလုပ်တဲ့ ဟာလာ ဘာသာရေး ညီလာခံမှာ မိန့်ခွန်းပြောဖို့ ပြင်ဆင် နေစဉ် မှာပဲ လဲကျသွားပြီးနောက် ရမ်ခမ်ဟန် ဆေးရုံကို ခေါ်ဆောင်သွားပေမယ့် နောက်ပိုင်း ကွယ်လွန် သွားကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။
ဆူရင်ပစ်ဆူဝမ်ဟာ ၁၉၄၉ခုနှစ် အောက်တိုဘာ ၂၈ရက်နေ့မှာ ထိုင်းတောင်ပိုင်း နခွန်ဆီ ထမာရတ် မှာ မွေးဖွားခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တဦးဖြစ်ပြီး၊ ၁၉၇၂ ခုနှစ်မှာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားရှိ ကလဲမောင့် ကောလိပ်မှ နိုင်ငံရေး သိပ္ပံနှင့် ဘွဲ့ရခဲ့ပြီး၊ မဟာဘွဲ့ကိုတော့ ဟားဗတ်ဒ် တက္ကသိုလ်က ရရှိခဲ့ပါတယ်။
၁၉၈၆ ခုနှစ်မှာ ထိုင်းနိုင်ငံရေး လောကထဲကို ဝင်ရောက်ခဲ့ပြီးနောက် ဒီမိုကရက်တစ်ပါတီရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် သူ့ဇာတိ နခွန်ဆီ ထမာရတ်မှ ဝင်ရောက်အရွေးခံရာ အနိုင်ရခဲ့ပါတယ်။
၁၉၉၂ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ ဒုနိုင်ငံခြားရေး ဝန်ကြီး တာဝန်ယူပြီးနောက်မှာ ၁၉၉၇ ခုနှစ်မှ ၂၀၀၁ အထိ နိုင်ငံရေးဝန်ကြီးရာထူးနဲ့ ဝန်ကြီးချုပ် ချွန်လိပိုင် အစိုးရထဲမှာ တာဝန်ယူခဲ့ပါတယ်။
၂၀၀၈ခုနှစ်မှာ အာဆီယံအဖွဲ့ အတွင်းရေးမှူးရာထူးကို ရယူခဲ့တဲ့ ပထမဆုံးသော ထိုင်းလူမျိုးဖြစ် လာခဲ့ပြီး ၅နှစ် သက်တမ်းကို တာဝန်ထမ်းဆောင်ပြီးနောက် ဒီမိုကရက်တစ်ပါတီကို ပြန်လည်ရောက် ရှိခဲ့ပါတယ်။
သူဟာ Bangkok Post သတင်းစာရဲ့ ဆောင်းပါးရှင်တဦးလည်း ဖြစ်ပါတယ်။
သူ့ရဲ့ ဈာပနကို နွန်သဘူရီပြည်နယ် ပက်ခက်ခရိုင် သအစ်ဗလီမှာ မနက်ဖြန် ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။