သတင်း

ပုပ်ရဟန်းမင်းကြီး ခရီးစဉ်မတိုင်မီ ဘင်္ဂလားဒေ့ရှ်တွင် ကက်သလစ်ဘုန်းတော်ကြီးတပါး ပျောက်ဆုံးနေ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ သမိုင်းဝင် ခရီးစဉ်မတိုင်မီ ကက်သလစ် ဘုန်းတော်ကြီးတပါး ပျောက်ဆုံးနေခဲ့သောကြောင့် ဘင်္ဂလားဒေ့ရှ် လေဆိပ်တွင် လုံခြုံရေး တင်းကျပ်ထားခဲ့ကြောင်း သိရသည်။

ကက်သလစ်ကျောင်းတကျောင်း၏ ကျောင်းအုပ်ဖြစ်သူ အသက် ၄၀ အရွယ် ဝေါ်တာ ဝီလျံ ရိုဆာရီယို အမည်ရှိ ဘုန်းတော်ကြီးသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံမြောက်ပိုင်း ကျေးရွာတခုတွင် နိုဝင်ဘာလ ၂၇ ရက်နေ့က ပျောက်ဆုံးသွားခြင်းဖြစ်သည်။ ထိုကျေးရွာတွင် ယခင်နှစ်က ကက်သလစ် ကုန်စုံဆိုင်ပိုင်ရှင်တဥိးကို အစ္စမစ် အစွန်းရောက်ဟု သံသယရှိသူများက သတ်ဖြတ်ခဲ့ဖူးသည်။

ထိုဘုန်းတော်ကြီးကို ဖမ်းဆီးထားသည်ဟု ယူဆရပြီး ဒေသအတွင်းရှိ ကက်သလစ်ဘာသာဝင်များ လွန်စွာ စိုးရိမ်ပူပန်နေသည်ဟု ထိုရွာအနီးရှိ မြို့တမြို့ဖြစ်သော ရပ်ဂျ်ရှာဟီမှ ဘုန်းတော်ကြီး ဂျာ့ဗ် ရိုဆာရီယိုက ပြောသည်။

“သူက ဒါကာကို လူ ၃၀၀ လောက် စုသွားပြီး ပုပ်ရဟန်းမင်းကြီးရဲ့ ဝတ်ပြုဆုတောင်းပွဲ တက်ဖို့ စီစဉ်နေတာ။ အခု သူပျောက်နေတော့ ကျန်တဲ့သူတွေ မပျော်နိုင်ကြတော့ဘူး။ ဒါကာကိုလည်း မသွားချင်ကြတော့ဘူး” ဟု ဘုန်းတော်ကြီးက ရှင်းပြသည်။

နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်ဖြစ်သော ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ်အတွက် မြို့တော် ဒါကာတွင် လုံခြုံရေးတိုးမြှင့်ထားစဉ် ယခုကဲ့သို့ ကက်သလစ် ဘုန်းတော်ကြီး ပျောက်ဆုံးသည့် သတင်းထွက်လာခြင်းဖြစ်သည်။

ကက်သလစ်ကျောင်းတော်၏ ၂၂၆ ယောက်မြောက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ဝန်ကြီးချုပ် ရှီအိုက် ဟက်စီနာနှင့် ကက်သလစ် ဘုန်းတော်ကြီးများ ညီလာခံ၏ ဖိတ်ကြားမှုအရ ဒါကာတွင် သုံးရက်ကြာ လည်ပတ်ရန် မြန်မာနိုင်ငံမှတဆင့် ယနေ့ရောက်ရှိသွားသည်။

ဘင်္ဂလားဒေ့ရှ် သမ္မတ အဗ္ဗဒူလ် ဟာမစ် ကပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ဟက်ဇ်ရက် ရှာဂျာလား နိုင်ငံတကာလေလဆိပ်တွင် ညနေ ၃ နာရီက ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် နှစ်ပေါင်း ၃၀ အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ လာရောက်သော ပထမဆုံး ပုပ်ရဟန်းမင်းကြီးဖြစ်သည်။ ၁၉၇၀ ခုနှစ်က အသေအပျောက်များသော ဆိုင်ကလုန်း မုန်တိုင်း တိုက်ခိုက်မှုအပြီး နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဧကဒဿမမြောက် ပုပ်ရဟန်းမင်းကြီ ဂျွန်ပေါသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ လေဆိပ်သို့ တနာရီကြာ ဆိုက်ရောက်ခဲ့ဖူးသည်။ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် ၁၉၈၆ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဒုတိယအကြိမ် သွားရောက်လည်ပတ်ခဲ့သည်။

ပုပ်ရဟန်း မင်းကြီးဖရန်စစ်သည် ဘင်္ဂလားဒေ့ရှ် ခရီးစဉ်အတွင်း ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီ ဒုက္ခသည် ၁၅ ဦးကို ဒါကာတွင် တွေ့ဆုံမည်ဖြစ်ကြောင်းလည်း သိရသည်။ နိုင်ငံတကာ ရွှေ့ပြောင်း အခြေချမှုအဖွဲ့ – IOM က ဒုက္ခသည် ၁၅ ဦးကို ဒါကာသို့ စေလွှတ်ရန် ရွေးချယ်ထားပြီး အမျိုးသမီးများနှင့် ကလေးငယ်များ ပါဝင်သည်။

တချိန်တည်းတွင် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း “ရိုဟင်ဂျာ”ဟူသော ဝေါဟာရကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ထုတ်ဖော်ပြောဆိုခြင်း မရှိသောကြောင့် လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်နေကြသည်ကို ဗာတီကန်နန်းတော်က ခုခံကာကွယ်ပြောကြားလိုက်သည်။

“ပုပ်ရဟန်းမင်းကြီးရဲ့ ကျင့်ဝတ်ဆိုင်ရာ ဩဇာက ရှိနေပါတယ်။ ပြောခဲ့တာတွေ၊ မပြောခဲ့တာတွေကို ဝေဖန်လို့ ရပါတယ်။ ဒီအတွက်နဲ့တော့ ပုပ်ရဟန်းမင်းကြီးရဲ့ကျင့်ဝတ်ဆိုင်ရာ ဩဇာ ကျဆင်းသွားပြီလို့တော့ ပြောလို့မရပါဘူး” ဟု ဗာတီကန် ပြောခွင့်ရသူ ဂရက် ဘာ့ခ်ကပြောသည်။

ရိုဟင်ဂျာ ဟူသော စကားလုံးကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ခရီးစဉ်အတွင်း မသုံးရန်နှင့် သတိထားပြီး စကားပြောရန် မြန်မာပြည်မှ ကက်သလစ်ကျောင်းတော်က ပေးသော အကြံဉာဏ်ကို ပုပ်ရဟန်းမင်းကြီးက အလေးထားသည်ဟုလည်း ဗာတီကန် ပြောခွင့်ရသူက ဆိုသည်။

ဗာတီကန်သည် မကြာသေးမီကမှ မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပြီး မြန်မာနိုင်ငံမှ ကက်သလစ်အသင်းတော်သည် သေးငယ်လှကြောင်းနှင့် ဗာတီကန်အတွက် ကျယ်ပြန့်သော အကျိုးအမြတ်မှာ စစ်အုပ်ချုပ်ရေး ရာစုနှစ်များစွာမှ လွန်မြောက်လာနေသာ ဗုဒ္ဓဘာသာလွှမ်းမိုးသည့် မြန်မာနိုင်ငံနှင့် ပေါင်းကူးနိုင်ခြင်းဖြစ်သည်ဟုလည်း ပြောကြောင်း သိရသည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ယခင်က “ရိုဟင်ဂျာ ညီအကို မောင်နှမများ”ဟု ခေါ်ဝေါ်သုံးစွဲခဲ့ပြီး ၎င်းတို့အပေါ် ညှင်းပမ်းနှိပ်စက်မှုများကို ပြစ်တင်ရှုတ်ချခဲ့ပြီး ၎င်းတို့၏ ကိုးကွယ်ယုံကြည်မှုကြောင့် ဒုက္ခခံစားနေရသည်ဟု ဆိုကာ ၎င်းတို့အတွက် အခွင့်အရေး အပြည့်အဝပေးရန် တောင်းဆိုခဲ့သည်။

ကိုးကား ။ ။ AP နှင့် AFP

Loading