အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်လင်းက အစ္စရေးက မြန်မာအား လက်နက်ရောင်းချပေးသည်ဟု ပြောဆိုခဲ့ခြင်းအပေါ် အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနက မဟုတ်ကြောင်း ငြင်းဆိုလိုက်သည်။
အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ရာတွင် ၎င်းအနေဖြင့် ယခင်က မြန်မာကို လက်နက်ရောင်းချခဲ့သော်လည်း ပြီးခဲ့သည့်လများအတွင်း ဆက်လက် ရောင်းချခြင်း မရှိတော့ကြောင်း သာမန်ထူး၍ အတိအလင်းငြင်းဆိုထားသည်။ သို့သော် အဆိုပါ သတင်းထုတ်ပြန်ချက်တွင် လက်နက်ရောင်းချမှုကိုသာ ဖော်ပြထားပြီး ထောက်လှမ်းရေးနည်းပညာ သို့မဟုတ် စစ်သင်တန်းဝန်ဆောင်မှုတို့ကဲ့သို့ လုံခြုံရေးဆိုင်ရာထုတ်ကုန်များအကြောင်း ဖော်ပြထားခြင်း မရှိပေ။
အဆိုပါ သတင်းထုတ်ပြန်ချက်သည် ကြာသပတေးနေ့ မနက် အစ္စရေးတပ်မတော် ရေဒီယိုနှင့် အင်တာဗျူးရာတွင် မြန်မာသံအမတ် ဦးမောင်မောင်လင်းက အစ္စရေးက မြန်မာကို လက်နက်များ ဆက်လက် ရောင်းချပေးနေကြောင်း ပြောဆိုခဲ့ပြီးနောက် ထုတ်ပြန်ခြင်းဟု အစ္စရေးမှ လာသော သတင်းများက ဆိုသည်။
သတင်းများအရ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာသံအမတ်ကြီးကို မိမိတို့ခေါ်ယူအပြစ်တင်ပြောကြားခဲ့ပြီး ၎င်းပြောကြားချက်ပြန်လည်ပြင်ဆင်ရန်နှင့် တောင်းပန်ရန် လိုကြောင်း ကြေညာချက်တွင် ရေးသားထားသည်ဟု သိရသည်။
ယင်းကြေညာချက်တွင် “ မြန်မာသံအမတ်ကြီးက အစ္စရေးက ၎င်းနိုင်ငံအား လက်နက်ရောင်းခဲ့သည်ဟူသော ပြောကြားချက်ကို ပြန်လည်ပြင်ဆင်ပြီး တောင်းပန်ခဲ့သည်။ အာရှနှင့် ပစိဖိတ်ရေးရာ အစ္စရေးနိုင်ငံခြားရေး ဒုတိယညွှန်ကြားရေးမှူး ဂျီလတ်ကိုဟင်က မြန်မာသံအမတ်ကြီးကို ခေါ်ယူသတိပေးခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သံအမတ်ကြီးသည် အလားတူမှတ်ချက်အတွက် ခေါ်ယူ သတိပေးခဲ့သေးသည်။ အစ္စရေးက မြန်မာကို လက်နက်မရောင်းပါ” ဟု ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်သို့ ဒုက္ခသည် ၆ သိန်းကျော် ထွက်ပြေးအပြီး အစ္စရေးအစိုးရအနေဖြင့် မြန်မာကို လက်နက်မရောင်းချရန် လူ့အခွင့်အရေးလှုပ်ရှားသူများက တောင်းဆိုဖိအားပေးနေကြသည်။