တနင်္သာရီတိုင်း၊ ထားဝယ်မြို့ အခြေစိုက် တနင်္သာရီဂျာနယ်တွင် ဖော်ပြခဲ့သည့် သရော်စာတပုဒ်ကြောင့် တိုင်းဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော် က မီဒီယာ ဥပဒေနှင့်အညီ အရေးယူပေးရန် တရားရုံးသို့ ဦးတိုက်လျှောက်ထားမှုကို စုံစမ်းစစ်ဆေးနိုင်ရန် ရဲတပ်ဖွဲ့က ဂျာနယ်၏ တာဝန်ခံ အယ်ဒီတာ ဦးမျိုးအောင်ကို လာရောက်ဖြေရှင်းရန် ဆင့်ခေါ်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် တနင်္သာရီဂျာနယ်တွင် ဖော်ပြခဲ့သည့် “မူးဆေးအိုး” ကလောင်အမည်ဖြင့် ရေးသားထား သော “မဲဆွယ်အပြုံး”ဆိုသည့် သရော်စာသည် ၎င်းနှင့် ၎င်း၏ မိသားစုကို ထိခိုက်သည်ဟုဆိုကာ တနင်္သာရီ တိုင်း ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်က ထားဝယ် မြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားသည့် အမှုတခု ဖြစ်ကြောင်း သိရသည်။
ယင်းဂျာနယ်၏ တာဝန်ခံ အယ်ဒီတာ ဦးမျိုးအောင်က “တိုင်းဝန်ကြီးချုပ်အနေနဲ့ သရော်စာနဲ့ ပတ်သက်ပြီးတော့ အရေးယူပေးဖို့ တရားရုံးကို ဦးတိုက်လျှောက်ထားတော့ ရဲတပ်ဖွဲ့က စုံစမ်း မေးမြန်းဖို့ ဖုန်းဆက်ပြီး ခေါ်ထားတယ်။ သွားတွေ့ရမယ့်ဟာ ရှိတယ်။ ရဲက ဖုန်းဆက်လာတော့ ရန်ကုန် ရောက်နေတဲ့အချိန် ဖြစ်နေလို့ အခု ထားဝယ်ကို ပြန်ဆင်းရတော့မယ်။ လာဖြေရှင်းပေးဖို့ ခေါ်တာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသရော်စာသည် တိုင်းပြည်တွင် ဖြစ်ပေါ်နေသည့် ခေတ်ကာလ အနေအထား၊ သဘောသဘာဝကို ဇာတ်ကောင်များ ဖန်တီး၍ သရော်ထားခြင်း ဖြစ်ကြောင်း၊ ဇာတ်လမ်း၊ ဇာတ်ကွက်၊ ဇာတ်ကောင်များ ဖန်တီး၍ လက်ရှိခေတ်ကို ထင်ဟပ် အောင် ဖော်ပြခြင်းအပေါ် ဝန်ကြီးချုပ်၏ သရော်စာအပေါ် ရှုမြင်ပုံ ကွဲပြားသည့်အပေါ် မှတ်ချက်မပေးလိုဘဲ အမြင်ကွဲပြားသည့်အပေါ်တွင်လည်း အသိအမှတ်ပြုကြောင်း ၎င်းက ပြောသည်။
ယင်းသရော်စာရေးသားသူ မူးဆေးအိုးမှာမူ ဂျာနယ်တွင် ရံဖန်ရံခါ သရော်စာများကို ရေးသားနေသူ တဦးဖြစ်ကြောင်းလည်း သိရသည်။
“မူးဆေးအိုးနဲ့ ပတ်သက်ပြီးတော့ ဘာမှထုတ်ပြောမှာ မဟုတ်ဘူး။ တိုက်က တာဝန်ခံထားတာ ဖြစ်တဲ့အတွက်ပါ။ မူးဆေးအိုးက သရော်စာလေးတွေကို ဂျာနယ်မှာ မကြာခဏ ရေးလေရှိပါတယ်။ အမြဲတမ်းတော့ မဟုတ်ဘူး”ဟု ဦးမျိုးအောင်က ပြောသည်။
အစိုးရတရပ်ကို မကြိုက်ပါက မကြိုက်ကြောင်း ရဲရဲပြောရဲရမည်ဟု ပြောဆိုခဲ့သူမှာ လက်ရှိတိုင်းပြည်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ကြောင်း၊ ယင်းဂျာနယ်တွင် ဖော်ပြခဲ့စဉ်က ရှင်ဂွမ်းဂွိဆိုသူမှာ မည်သူဖြစ်သည်ကို တဦးတယောက်မှ အလေးထားခြင်း မရှိဘဲ တိုင်းဝန်ကြီးချုပ်က တရားစွဲဆိုမှသာ အကုန်လုံး သိသွားရခြင်း ဖြစ်ကြောင်း ထားဝယ်မြို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့မှ ဦးသန်းဝင်းက ပြောသည်။
“တနင်္သာရီတိုင်းမှာ သတင်းထွက်နေသလို သူ့နာမည်က ရှင်ဂွမ်းဂွိလားလို့ပဲ ကျနော်မေးချင်တယ်။ သူအခုလို ထလုပ် လိုက်တော့ သူ တကယ် ရှင်ဂွမ်းဂွိ ဖြစ်သွားပြီလေ။ ကျနော်ဆိုလိုတာက အရေးယူသင့်၊ မယူသင့်ဆိုတာထက် ငါတို့ ဘာလုပ်ရမယ်ဆိုတာကို စဉ်းစား သင့်တယ်။ ရွေးချယ်တဲ့ လမ်းကြောင်းက မှန်ဖို့လိုတယ်”ဟု ဦးသန်းဝင်းက ဧရာဝတီသို့ ပြောသည်။
သရော်စာ ရေး၍ တရားစွဲခံရသည်မှာ လူကြား၍ မကောင်းကြောင်း၊ အစိုးရတရပ် မကောင်းဘူးဟု ပြောလာပါက ရဲရဲထွက်ပေးမည်ဟု လက်ရှိ တိုင်းပြည်ခေါင်းဆောင်များက ပြောဆိုခဲ့ကြောင်း၊ ယခု အရေးယူမှုသည် မီဒီယာ လွတ်လပ်ခွင့်ကို ထိခိုက်နိုင်သည့်အပြင် အခြား အကျိုးသက်ရောက်မှုများလည်း ရှိနိုင်ကြောင်း ၎င်းက သုံးသပ်သည်။
၎င်းက ဆက်၍ “သူ(တိုင်းဝန်ကြီးချုပ်)က အဲဒီလို အရေးယူလိုက်တော့ တကယ်လိုအပ်လို့ ပြောရမယ့် အချိန်ကျရင် ကျနော်တို့ မပြောရတော့ဘူးလား။ ကိုယ်မကြိုက်တဲ့သူကို ရဲရဲတင်းတင်း ပြောရဲရမယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပြောခဲ့တာ။ ကျနော်တို့ လိုချင်တဲ့ ဒီမိုကရေစီက အဲဒါဗျ။ အခုတော့ အရေးယူဖို့ လုပ်နေပြီဆိုတော့ ကျနော်အမြင်ကတော့ အရေးမယူသင့်ဘူး”ဟု ပြောသည်။
မဲဆွယ်အပြုံးဆိုသည့် သရော်စာတွင် “ရွာသားများ သူ့ကို မကြည်ညိုတော့သည်ကို ရှင်ဂွမ်းဂွိ သိသည်။ သူမ စတက် သောအခါ သူမ၏ အုပ်ချုပ်ရေးမှူးရုံးရှေ့က ထော်လာဂျီနှင့် နွားလှည်းမဖြတ်ရဟု ဆုံးဖြတ်ကြေညာမိသည်အစ၊ အုပ်ချူပ်ရေးမှူး မလုပ်တတ်ပါဘူး ပြောမိသည်အလယ်၊ ရွာနံဘေး စားကျက်မြေမှာ ကျွဲ၊ နွား၊ ဆိတ် မကျောင်းရဟု ပြောမိသည်အဆုံး သူမကို ရွာသားများ ဝိုင်းဟားကြလေသည်”ဟု ဖော်ပြထားရာ ယင်းအချက်များသည် တနင်္သာရီ ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်၏ ပြောဆိုချက်များနှင့် တိုက်ဆိုင်မှုများ ရှိနေသည်။
ဒေါ်လဲ့လဲ့မော်သည် သူ “အစိုးရ မလုပ်တတ်ကြောင်း”ကို မီဒီယာများသို့ ထုတ်ဖော်ခဲ့ဖူးသူ ဖြစ်ပြီး မီတာခ ဈေးကြီးသည့် တနင်္သာရီတိုင်း၏ မီတာခကို လျော့ချမည် ပြောဆိုခဲ့သော်လည်း လက်တွေ့ မစွမ်းဆောင်နိုင်ခဲ့ကြောင်းကိုလည်း သရော်စာတွင် ဖော်ပြထားသည်ကို တွေ့ ရသည်။
ဧရာဝတီသတင်းဌာနက တနင်္သာရီတိုင်း ဝန်ကြီးချုပ်ထံသို့ ဖုန်းအကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း တကြိမ်သာ သူ၏ ကိုယ်ရေး အရာရှိက ဖုန်းကိုင်ပြီး ဝန်ကြီးချုပ်မှာ အခမ်းအနားတခုသို့ တက်ရောက်နေသဖြင့် မအားလပ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
ဒေါ်လဲ့လဲ့မော်၏ ပါတီဖြစ်သော အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကမူ ယခု သတင်းကို ဧရာဝတီ သတင်းဌာနမှ ဖုန်းဆက် မေးလာသည့် အချိန်တွင်မှ သိ၍ သဘောထားမှတ်ချက်ပြုနိုင်ရန် စောလွန်းနေ သေးကြောင်း ပြောဆိုခဲ့သည်။
ယခုနှစ်အတွင်း သရော်စာနှင့်ပတ်သက်၍ တရားစွဲသည်မှာ ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်သည်။ ယခုနှစ်ပိုင်း အတွင်း The Voice သတင်းစာတွင်လည်း “ကျည်ထောင်စုသစ္စာ” အမည်ရှိ သရော်စာ ရေးသားဖော်ပြမှုကြောင့် အယ်ဒီတာချုပ် ကိုကျော်မင်းဆွေနှင့် သရော်စာ ရေးသာသူ ဗြိတိသျှကိုကိုမောင် တို့ကို ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်မှုများ တပ်မတော်ဘက်က ပြုလုပ်ခဲ့သေးသည်။