သတင်း

ပလက်ဝ စစ်ရှောင်ဒုက္ခသည်များကို ထောက်ပံ့ပစ္စည်းပေးမည့်အဖွဲ့များ ဟန့်တားခံရ

Want create site? Find Free WordPress Themes and plugins.

ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်အတွင်း ရက္ခိုင့်တပ်မတော် ( AA ) နှင့် မြန်မာတပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ရှင်လက်ဝ ကျေးရွာသို့ တိမ်းရှောင်လာသော စစ်ဘေးဒုက္ခသည်များထံသို့ ကူညီ ထောက်ပံ့ရန် သွားရောက်သော ရခိုင်အရပ်ဘက် အဖွဲ့အစည်းများ ဟန့်တား ခံရကြောင်း သိရသည်။

စစ်တွေအခြေစိုက်အဖွဲ့အစည်းများ ဖြစ်ကြသော ဝံလက်ဖောင်ဒေးရှင်း နှင့် ရခိုင်အရပ်ဘက်လူမှုအဖွဲ့အစည်းများ ကွန်ရက် ( Arakan CSOs Network )အဖွဲ့တို့မှာ ထောက်ပံ့ကူညီရန် သွားရောက်စဉ် ပလက်ဝမြို့အရောက်တွင် ဟန့်တားခံရ သဖြင့် စစ်တွေမြို့သို့ လှည့်ပြန်ခဲ့ရကြောင်း သိရသည်။

“သူတို့ (ဒေသအာဏာပိုင် ) ဘက် အကြောင်းပြတာကတော့ စကား တခွန်းပဲ ရှိတယ်။ လက်ရှိ နယ်မြေ လုံခြုံရေးကြောင့် သွားခွင့်မပြုဘူးလို့ ပြောတယ်။ ကိုယ့်ရဲ့ အသက်ကို အာမခံချက် မပေးဘူးဆိုတော့ ကျနော်တို့လည်း နောက်ဆုတ်လာ ခဲ့ရတာပေါ့ ” ဟု ရခိုင်အရပ်ဘက်လူမှုအဖွဲ့အစည်းများ ကွန်ရက်မှ ကိုကောင်းမြတ်ကျော် အဆိုပါကိစ္စနှင့် ပတ်သက်၍ ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ရခိုင်အရပ်ဘက်လူမှုအဖွဲ့အစည်းများအနေဖြင့် ရှင်လက်ဝကျေးရွာသို့ တိမ်းရှောင်ရောက် ရှိနေသာ စစ်ဘေးရှောင် ပြည်သူများထံသို့ သွားရောက်ရန် ပလက်ဝ မြို့နယ်အုပ်ချုပ်ရေးမှူးထံ နိုဝင်ဘာလ ၂၇ ရက်နေ့က တင်ပြခဲ့ရာ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူက ခွင့်ပြုခဲ့ကြောင်း၊ သို့သော် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် လက်ရှိ နယ်မြေ လုံခြုံရေး အခြေအနေ စိုးရိမ်ရသည် ဆိုသော အကြောင်းပြချက်ဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးက လာရောက်ဟန့်တား ကြောင်း ဝံလက်ဖောင်ဒေးရှင်းမှ သိရသည်။

ဝံလက်ဖောင်ဒေးရှင်းမှ ကိုခိုင်ကောင်းစံက “ကျနော်တို့က ရှင်လက်ဝအထိ သွားမယ်ဆိုပြီးတော့ ရှင်လက်ဝ ကလည်း စက်လှေတွေကို ခေါ်ထားတယ်။ နံနက်ပိုင်း သွားဖို့ ပြင်ဆင်နေတဲ့ အချိန်မှာ ညနေဘက် လာပြီး သွားခွင့်မပြုဆိုပြီးတော့ မြို့နယ်အုပ်ချုပ်ရေး က ဟန့်တယ်ပေါ့။ ဘာကြောင့်လဲမေးတော့ နယ်မြေအခြေအနေ မကောင်းဘူး ပြောတယ်။ ” ဟု ဧရာဝတီသို့ ပြောသည်။

ချင်းပြည်နယ် ပလက်ဝမြို့သို့ သွားရောက်ခဲ့သော ရခိုင်အရပ်ဘက်အဖွဲ့အစည်းများသည် စစ်ဘေးရှောင်စခန်းများသို့ မသွားရောက်မီ နိုဝင်ဘာ ၂၆ ရက်နေ့ကလည်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့်တွေ့ဆုံခဲ့ပြီး ချင်းပြည်နယ် ပလက်ဝ မြို့နယ်သို့ သွားရောက်မည့် ကိစ္စနှင့် ပတ်သက်ပြီး အသိပေး ပြောကြားခဲ့ကြောင်း၊ ချင်းပြည်နယ် အစိုးရအဖွဲ့သို့ လိုအပ် လာပါက ဆက်သွယ် ကူညီပေးနိုင်ရန် တင်ပြခဲ့ကြောင်း သိရသည်။

ရခိုင်အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက်မှ ကိုသန်းလှက “ ရှင်လက်ဝအထိ သွားဖို့ တရားဝင် ခွင့်ပြုချက်ရပြီးမှ တားဆီး ခံရတယ်ဆိုတော့ ခံစားရတာပေါ့ ။ ကိုဝေဠုကျော် ဖောင်ဒေးရှင်းတို့ကျတော့ သွားခွင့် အဆင်ပြေတယ်။ ကျနော် တို့ကို သွားခွင့်မပြုဘူး ဆိုတာကြီးကတော့ ဘယ်လိုမှ သဘောမတွေ့ဘူး” ဟုဆိုသည်။

ချင်းပြည်နယ် ပလက်ဝမြို့ အထိရောက်ရှိခဲ့သော ရခိုင်အရပ်ဘက် လူမှုအဖွဲ့အစည်းများသည် ပလက်ဝမြို့နယ် ဒေသအခြေစိုက် ၂၈၉ တပ်ရင်းမှူးနှင့် တွေ့ဆုံ ပြောကြားရန် ပြောလာသဖြင့် သွားရောက်တွေဆုံခဲ့ကြောင်း၊ တပ်ရင်းမှူးနှင့် တွေ့ဆုံပြီး အကျိုးအကြောင်းကို ပြောပြရာ ပထမက အဆင်ပြေမှု ရရှိသော်လည်း နေ့လည်ပိုင်း ပလက်ဝ မြို့ပေါ်၌ ၂၈၉ တပ်ရင်းမှူး၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ဝံလက်ဖောင်ဒေးရှင်း၊ ရခိုင်အရပ်ဘက် လူမှုအဖွဲ့ အစည်းများ ကွန်ရက် ( Arakan CSOs Network ) နှင့် ပလက်ဝမြို့နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းတို့ ၅ ပွင့်ဆိုင် တွေ့ဆုံရာတွင် လက်ရှိနယ်မြေလုံခြုံရေး အကြောင်းပြချက်ဖြင့် သွားရောက်ခွင့် မပြုကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူက အတည်ပြု ပြောကြား ခဲ့သည်ဟု ၎င်းတို့က သတင်းစာရှင်းလင်း ပြောကြားခဲ့သည်။

သို့သော်လည်း ထောက်ပံ့ ပစ္စည်းများကို ဒေသခံလူမှုအဖွဲ့အစည်းများထံမှ တဆင့် ကူညီထောက်ပံ့ပေးနိုင်ကြောင်း ကို ဒေသအာဏာပိုင်များက ခွင့်ပြုပေးသည့်အတွက် ပစ္စည်းတချို့တဝက်ကို မြို့ပေါ် အရပ်ဘက်လူမှုအဖွဲ့အစည်းမှ တဆင့် ထောက်ပံ့ပေးထားခဲ့ကြောင်း ရခိုင်အရပ်ဘက်လူမှု အဖွဲ့အစည်းများ ကွန်ရက်မှ ကိုကောင်းမြတ်ကျော်က ပြောသည်။
ကိုကောင်းမြတ်ကျော်က “ကိုယ်တိုင် သွားပေးချင်တယ်။ တဆင့်ခံပေးမယ်ဆိုရင် ဒီလောက်အထိ အပင်ပန်းခံသွားစရာ မလိုဘူး ။ ကားနဲ့ ထည့်ပေးလိုက်မှာပေါ့။ ချင်းပြည်နယ်မှာ စစ်ဘေးဒုက္ခရောက်နေတဲ့ ဘာလူမျိုးပဲ ဖြစ်ဖြစ် ၊ ဘဝတူ တိုင်းရင်းသားတွေ အပေါ်မှာ စိတ်ဓာတ်ခွန်အားပေးချင်တယ်။ ချင်းတိုင်းရင်းသားတွေ ဒီလို ဒုက္ခရောက်နေတဲ့ အချိန်မှာ ရခိုင်တိုင်းရင်းသားတွေ အနေနဲ့လည်း ကူညီခွင့်ရချင်တယ်။ ” ဟုပြောသည်။

၎င်းတို့၏ ကယ်ဆယ်ရေး ပစ္စည်းများမှာ အဝတ်အထည်၊ စားနပ်ရိက္ခာ၊ အိုးခွက်၊ ပန်းကန်များ၊ အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းများ ဖြစ်ကြသည့် ဓာတ်မီး၊ ဆိုလာပြားများ၊ ယာယီတဲ များနှင့် လမ်းများ ဆောက်လုပ်ရန် ပေါက်ပြား စသည်တို့ ပါသွားကြောင်း သိရသည်။

ရက္ခိုင့်တပ်မတော် ( AA )နှင့် မြန်မာတပ်မတော်သို့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ ပြန်လည် ဖြစ်ပွားခဲ့သော တိုက်ပွဲသည် တလနီးပါးကြာမြင့်နေပြီး အိန္ဒိယ – မြန်မာ- ဘင်္ဂလားနယ်စပ် တြိဂံ အနီးနှင့် အိန္ဒိယ – မြန်မာ- နယ်စပ် မြိတ်ဝ ရွာအနီး တိုက်ပွဲများမှာ တနေ့ထက် တနေ့ ပိုမို ပြင်းထန်လာနေကြောင်း ရက္ခိုင့်တပ်မတော် ( AA )မှ နိုဝင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန်ထားသည်။

တိုက်ပွဲကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ ကျေးရွာသို့ စစ်ဘေးရှောင် လူဦးရေ ၃၄၄ ဦး တိမ်းရှောင် ရောက်ရှိနေပြီး လက်ရှိအချိန်တွင် အဆိုပါနေရာသို့ တခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးမှ ကူညီကယ်ဆယ်ရေး ပေးနေသော လူမှုအဖွဲ့အစည်းများ ရောက်ရှိနေခြင်း မရှိကြောင်းလည်း သိရသည်။

အဆိပါ ကိစ္စနှင့်ပတ်သက်ပြီး ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီး ဆလိုင်း အိုင်းဇက်ခင်အား ဧရာဝတီမှ ဆက်သွယ်ခဲ့ရာ ဆက်သွယ်မှု မရရှိခဲ့ပါ။

Did you find apk for android? You can find new Free Android Games and apps.
Loading