သတင်း

ရှမ်းပြည်မှ ဖမ်းဆီးခံ လယ်သမားများ စွဲချက် ၄ ခု ရင်ဆိုင်နေရ

Want create site? Find Free WordPress Themes and plugins.

လွန်ခဲ့သော ၄ လ က ရှမ်းပြည်တောင်ပိုင်း ဟိုပုန်းမြို့နယ်တွင် မြန်မာ့တပ်မတော်၏ ဖမ်းဆီးခြင်းခံခဲ့ရသော ၁၂ နှစ်အရွယ် ဆယ်ကျော်သက်တဦးအပါအဝင် လယ်သမား ၉ ဦးအနက် ၈ ဦးတို့သည် ပုဒ်မ ၄ ခုအတွက် တရားရင်ဆိုင်နေရသည်။

၎င်းတိုု့သည် ဇူလိုင်နှင့်သြဂုတ်လများတွင် ဖမ်းဆီးခံရပြီး ထိုအထဲမှ ၈ ဦးသည် နိုုဝင်ဘာလ ၂၉ ရက်နေ့က ဟိုပုန်းမြို့နယ် တရားရုံးတွင် ရုံးချိန်းတက်ခဲ့ကြသည်။

“သူတို့တွေကို ဝေါ်ကီတော်ကီ [လမ်းလျှောက်စကားပြောစက်] ကိုုင်ဆောင်မှုအတွက် ဆက်သွယ်ရေးဥပဒေ နဲ့ တရားစွဲတယ်။ လိုင်စင်မဲ့ယာဉ် အသုံးပြုမှုအတွက် ထုတ်ကုန်သွင်းကုန် ဥပဒေ၊ အမဲလိုက်သေနတ် ကိုင်တဲ့အတွက် လက်နက်ဥပဒေနဲ့ စစ်ဆင်ရေးနယ်မြေအတွင်း ဖြတ်သန်းသွားလာတယ်ဆိုပြီး နိုင်ငံတော် ကာကွယ်ရေး အထူးဥပဒေ တွေနဲ့ စွဲချက်တင်ထားပါတယ်” ဟု ၎င်းတို့၏ ဥပဒေ အကျိုးဆောင် ဒေါ်စပ်မြဝတီ က ဧရာဝတီသတင်းဌာနသို့ ပြောသည်။ ထိုစွဲချက်များကို စက်တင်ဘာလအတွင်းက တင်ခဲ့သည်ဟုလည်း သူက ရှင်းပြသည်။

“သံသယရှိခံရသူတဦးစီကို ကျမ ပြောခဲ့တဲ့ စွဲချက်တွေထဲက ပုဒ်မ ၂ ခုု၊ ၃ ခုစီနဲ့ စွဲထားတယ်။ တရားရုံးက တချို့ အမှုရဲ့ သက်သေတွေကိုတော့ စစ်ဆေးကြားနာပြီးပါပြီ။ ဒါပေမယ့် တချို့ အမှုတွေက သက်သေစစ်ဖိုု့ ကျန်သေးတယ်။ ကျန်သေးတဲ့ အမှုတွေကိုု ဆက်လက်ကြားနာဖို့ သူတို့တွေကို ဒီဇင်ဘာလ ၆ ရက်နေ့မှာ နောက်တကြိမ် ရုံးချိန်း ပြန်ချိန်းထားတယ် ” ဟု ၎င်းက ဆိုသည်။

ထိုလယ်သမားများကို မှားယွင်း ဖမ်းဆီးထားခြင်းဖြစ်သောကြောင့် ၎င်းတို့အား စွဲဆိုထားသော စွဲချက်များအား ပယ်ဖျက်ပေးရန် ထိုင်းနိုင်ငံအခြေစိုက် ရှမ်းလူ့အခွင့်အရေး ဖောင်ဒေးရှင်း – SHRF က တောင်းဆိုထားသည်။

လူကြီး ၈ ဦးနှင့် ဆယ်ကျော်သက် ယောက်ျားလေး တဦးတို့ကို ခြေမြန်တပ်ရင်း အမှတ် ၄၂၄၊ ခြေလျင်တပ်ရင်း ၂၂၅ နှင့် ၂၄၉ တို့က ရှမ်းလက်နက်ကိုင်အဖွဲ့တခု ဖြစ်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) – RCSS/SSA-S နှင့် ဆက်စပ်သည်ဟူသော သံသယဖြင့် ဇူလိုင်လ ၁၅ ရက်မှ သြဂုတ်လ ၄ ရက်အတွင်းတွင် ဖမ်းဆီးခဲ့သည်ဟု SHRF ၏ အင်္ဂါနေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖေါ်ပြထားသည်။

ဇူလိုင်လက တပ်မတော်နှင့် RCSS/SSA-S တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နောက်တရက်မှ စတင်ကာ ၎င်းတိုု့ ဖမ်းဆီးခံရခြင်းဖြစ်သည်။ RCSS သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် စာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသော ရှမ်းတိုုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခု ဖြစ်သည်။

ဆယ်ကျော်သက်ယောက်ျားလေးကို ဖမ်းဆီးပြီးနောက် ၃ ပတ်အကြာ သြဂုတ်လ ၅ ရက်နေ့တွင် အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။ လူကြီး ၈ ဦးအနက် တဦးဖြစ်သူ လုန်းသြန သည် ရဲအချုပ်တွင်ဆက်လက်ရှိနေပြီး ၎င်းကို စွဲချက်မတင်ရသေးကြောင်း SHRF ၏ အဆိုအရ သိရသည်။

“သူတို့တွေဟာ အပြစ်မရှိတဲ့ လယ်သမားတွေဖြစ်တဲ့အတွက် ဒီအမှုတွေကို ပိတ်သိမ်းဖို့ ကျနော်တို့ တောင်းဆိုတယ်” ဟု SHRF ပြောခွင့်ရသူ စိုင်းဟော်ရှဲန် ကပြောသည်။ မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်နေချိန်တွင် ထိုကဲ့သို့သော ဖမ်းဆီးမှုများ မဖြစ်သင့်ကြောင်းလည်း သူက ဆိုသည်။

“ဝေါ်ကီတော်ကီ [လမ်းလျှောက်စကားပြောစက်]၊ လက်ကိုုင်ဖုန်း၊ အမဲလိုက်သေနတ်နဲ့ ကျည်ဆံ အစရှိတဲ့ ပစ္စည်းများသည် ဒေသခံများအတွက် နေ့စဉ်သုံးပစ္စည်းများဖြစ်သော်လည်း ထိုပစ္စည်းများကို ပိုင်ဆိုင်မှုအတွက် လယ်သမား ၉ ဦးကို ဖမ်းဆီးခဲ့သည်” ဟု ရှမ်းလူ့အခွင့်အရေးဖေါင်ဒေးရှင်း၏ ကြေညာချက်တွင် ဖေါ်ပြထားသည်။

သူ၏ အမှုသည်များသည် လမ်းလျှောက်စကားပြောစက် နှင့် အမဲလိုက်သေနတ်ပိုင်ဆိုင်သောကြောင့် ပြစ်ဒဏ်ချခံရမည်ဆိုလျှင် အခြား အပြစ်ကင်းသော ရွာသားအများအပြားလည်း ဖမ်းဆီးခံရနိုင်ခြေရှိသည်ဟု လယ်သမားများ၏ ရှေ့နေက ပြောသည်။

“ရွာတွေက လူတိုင်းလိုလိုမှာ လက်ကိုင် ဆက်သွယ်ရေးစက်တွေ ရှိကြတယ်။ လက်လုပ် အမဲလိုက်သေနတ်နဲ့ ယမ်းမှုန့်ကလည်း လူတိုုင်းလုပ်တတ်တာမလို့ တပ်မတော်က ဒေသခံတွေကို ဒီပစ္စည်းတွေကြောင့် ဖမ်းတာဆိုရင် ဒီ လူ ၈ ဦး ၉ ဦး မပြောနဲ့ ထောင်နဲ့ချီပြီးဖမ်းမယ်ဆိုရင် ဖမ်းလို့ရတယ်” ဟု ဒေါ် စပ်မြဝတီ ကပြောသည်။

“တရားသူကြီးအနေနဲ့ စီရင်ချက်တွေကို လိပ်ပြာသန့်သန့်နဲ့ ချမှတ်ဖို့အရေးကြီးတယ်။ လူသားအားလုံးအတွက် တရးမျှတမှုနဲ့ တန်းတူညီမျှမှု ရှိရမယ်” ဟုလည်း ၎င်းက ပြောသည်။

တပ်မတော်ဖက်မှ တရားလိုများ၏ ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းကြောင့် တရားရုံး ကြားနာမှုများ နှောင့်နှေးရသည်ဟု SHRF က ဆိုသည်။ တရားလိုုများ ရုံးချိန်းလာရောက်ရန် မကြာခဏ ပျက်ကွက်ခြင်းသည် လယ်သမားများအပေါ် စွဲချက်တင်ရန် သက်သေ မရှိသည့်အတွက်ကြောင့် ဖြစ်နိုုင်သည်ဟု ရှမ်း SHRF အဖွဲ့က ဆိုသည်။

ထိုဒေသတွင် လတ်တလောတိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း မြန်မာ့တပ်မတော် တပ်ရင်း တပ်ဖွဲ့များ ပိုမိုချထားသည်ကို ဒေသခံများ တွေ့နေရသည်ဟု စိုင်းဟော်ရှန်က ဆိုသည်။ “အဲဒီဒေသကို ဗမာစစ်သားတွေ အများအပြား ထပ်ထပ်ရောက်လာပြီး၊ နေရာယူ စခန်းတွေ ချထားကြတယ်” ဟု ၎င်းက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading