သတင်း

စစ်တွေမြို့ကယ်ဆယ်ရေးစခန်းရောက် ဟိန္ဒူ ၅၀၀ ကျော် နေရပ် ပြန်မည်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဓညဝတီ အားကစားကွင်းတွင် ဖွင့်လှစ်ထားသည့် ဟိန္ဒူကယ်ဆယ်ရေးစခန်းတွင် နေရပ်မပြန်ရဲသဖြင့် ကျန်ရှိနေသေးသော ဟိန္ဒူ ဘာသာဝင် ၅၀၀ ကျော်မှာ လာမည့် ဒီဇင်ဘာလ ၃ ရက်နေ့မှ စတင်ကာ နေရပ်ပြန်တော့မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

နေရပ်ပြန်မည့် ကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အပါ အဝင် သက်ဆိုင်ရာ ဌာနဆိုင်ရာများ နှင့် ဟိန္ဒူဘာသာဝင် ခေါင်းဆောင်တို့ ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့၍ နေရပ်ပြန်ရန် သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်ကြောင်းလည်း ဓညဝတီ အားကစား ကွင်း ဟိန္ဒူကယ်ဆယ်ရေးစခန်းမှ စခန်းတာဝန်ခံ ဟိန္ဒူဘာသာဝင် ဦးနီမေလ်က ပြောသည်။

ဦးနီမေလ်က “မနက်ဖြန် ပြန်မယ်။ အစိုးရဘက်ကတော့ မောင်တော ခရိုင်အုပ်ချုပ်ရေးရုံး နောက်မှာ ကျနော်တို့ အားလုံးအတွက် လိုင်းခန်းတွေ ဆောက်လို့ ပြီးစီးနေပြီ အားလုံး တစုတစည်းတည်း ထားမယ်လို့ ပြောတယ်။ အဲဒီလို ဆိုရင်တော့ ကျနော်တို့ကလည်း လက်ခံပြီးတော့ ပြန်ဖို့ ဆုံးဖြတ်လိုက်တာပါ” ဟု ဧရာဝတီ သို့ ပြောသည်။

အဆိုပါ စစ်တွေမြို့ရှိ ကယ်ဆယ်ရေးစခန်းမှ မောင်တောဒေသသို့ နေရပ်ပြန်ကြမည့် ဟိန္ဒူဘာသာဝင်များကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ အစီအမံများ ဖြင့် လိုက်ပို့ပေးမည် ဖြစ်ပြီး ဒီဇင်ဘာလ ၃ ရက်နေ့နှင့် ဒီဇင်ဘာလ ၅ ရက်တွင် ၂ သုတ်ခွဲ၍ လိုက်ပို့ ပေးမည် ဖြစ်သည်။

နေရပ်ပြန် ဟိန္ဒူဘာသာဝင်များထဲတွင် အကြမ်းဖက်မှု ဖြစ်စဉ်များအား သတင်းမီဒီယာများ၊ ဒေသအာဏာ ပိုင်များနှင့် ဆက်သွယ်ပြီး ဖော်ထုတ်ပြောကြားခဲ့သဖြင့် အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုကို ခံထားရသော ဦးနီမေလ်၊ ကိုကျော်ကျော်နိုင်အပါအဝင် အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် မိသားစုအားလုံး သေဆုံးသွားရသည့် ဟိန္ဒူဘာသာဝင် ၂၀ ဦးမှာ စိုးရိမ်စိတ်များ ရှိနေဆဲ ဖြစ်သည့်အတွက် စစ်တွေမြို့တွင် ဆက်လက်နေထိုင်ခွင့် ရရှိရန် အစိုးရထံသို့ အသနားခံစာ တင်ပြထားကြောင်း သိရသည်။

“ ကျနော်တို့ အသက်အန္တရယ်ကို စိုးရိမ်ရတယ်။ အကြမ်းဖက်သမားတွေက အသေရရ၊ အရှင်ရရ ရအောင် သတ်မယ်လို့ ကြေငြာထားတယ်လို့ ပြောသံကြားတယ်။ မောင်တောမှာရှိနေတဲ့ ကျနော်တို့ အမျိုးတွေကလည်း မလာနဲ့လို့ ပြောတယ်။ ” ဟု ဓညဝတီ ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေသည့် ကိုကျော်ကျော်နိုင်က ပြောသည်။

ကယ်ဆယ်ရေးစခန်းတွင် ကျန်ရှိနေသည့် ဟိန္ဒူဘာသာဝင်များသည် မြို့နှင့်အလှမ်းဝေးသည့် ကျေးရွာများမှ ဖြစ်၍ အဆိုပါနေရာများတွင် ပြန်လည် နေထိုင်ရန် စိုးရိမ်ထိတ်လန့်ကြောင်း၊ မောင်တောမြို့နှင့် မနီးမဝေးသည့် နေရာ တခုတွင် တစုတစည်းတည်း ပြန်လည် နေရာချထားမှာသာ နေထိုင်နိုင်တော့မည် ဖြစ်ကြောင်း ဟိန္ဒူသာသာဝင်များက ရှင်းပြကြသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ကယ်ဆယ်ရေးစခန်းသို့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေဖြင့် ရောက်ရှိလာစဉ်က လည်း နေရာချထားပေးမည်ဆိုပါက ရခိုင်တိုင်းရင်းသားများ၊ ဗုဒ္ဓဘာသာဝင်များနှင့် နီးစပ်သည့် နေရာတွင် တစုတပေါင်းတည်း နေရာချထားပေးရန် တင်ပြတောင်းဆိုထားကြောင်း ဟိန္ဒူဘာသာဝင်များက ဆိုသည်။

သြဂုတ်လ ၂၅ ရက်နေ့က မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် ( မေယုဒေသ) အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ဒေသခံ ရခိုင်၊ မြို၊ ဒိုင်းနက်၊ မရမာကြီး ကျေးရွာသားများနှင့် ဟိန္ဒူ ဘာသာဝင်များသည် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသည့်မြို့နယ်များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စစ်တွေမြို့ပေါ်သို့ လူပေါင်း ၆ ထောင်ကျော် ဝင်ရောက်ခိုလှုံခဲ့ရာ ကယ်ဆယ်ရေးစခန်း ၃၀ ကျော်ဖွင့်လှစ်ထားရှိခဲ့ရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading