သတင်း

ခွင့်လွှတ်ကြပါရန် "ရိုဟင်ဂျာ" ဒုက္ခသည်များကို ပုပ်ရဟန်းမင်းကြီး တောင်းဆို

Want create site? Find Free WordPress Themes and plugins.

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မြန်မာနိုင်ငံမှ ပဋိပက္ခများကြောင့် ထွက်ပြေး လာခဲ့ကြသည့် မြောက်များသော ဒုက္ခသည်များကို ရည်ညွှန်း၍ ရိုဟင်ဂျာ ဆိုသည့်စကားလုံးကို ဒီဇင်ဘာလ ၁ ရက်နေ့က ပထမဆုံး သုံးစွဲခဲ့သည်။

“ဘုရားသခင်ရဲ့ ရှေ့ကို ဒီနေ့ရောက်ရှိလာသူတွေကို ရိုဟင်ဂျာလို့လည်း ခေါ်ပါတယ်” ဟု သူက ဒုက္ခသည် ၁၆ ဦး နှင့် တွေ့ ဆုံခဲ့အပြီး မှတ်ချက်ပေးရာ၌ ပြောကြားခဲ့သည်။ အဆိုပါ ဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ် ကော့စ်ဘဇားရှိ ဒုက္ခသည် စခန်းများမှ နေ၍ ဒက္ကာမြို့သို့ ခေါ်ယူထားခဲ့ခြင်း ဖြစ်သည်။

“သင်တို့ကို ဖိနှိပ်ခဲ့သူတွေ၊ နာကျင်စေခဲ့သူတွေ အားလုံးအတွက် ခွင့်လွှတ်မှုကို ကျွန်ုပ်တောင်းဆိုပါတယ်။ ကျွန်ုပ်တို့ တောင်းဆိုနေတဲ့ ခွင့်လွှတ်မှုတွေပေးဖို့ အတွက် သင်တို့ရဲ့ ကြီးကျယ်တဲ့ နှလုံးသားတွေကို ကျွန်ုပ် တောင်းဆိုပါတယ်” ဟု ပုပ်ရဟန်းမင်းကြီးက ထပ်ပြောသည်။

သြဂုတ်လ နှောင်းပိုင်းတွင် စစ်သွေးကြွများက လုံခြုံရေးတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့သည့် အတွက် မြန်မာ့တပ်မတော်က ပြန်လည်တိုက်ခိုက်ချေမှုန်းမှုများ ပြုလုပ်ခဲ့သည့် နောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ မွတ်ဆလင် ၆၂၅၀၀၀ ကျော် ထွက်ပြေးလာခဲ့ကြသည်။

တွေ့ဆုံမှု အပြီးတွင် အမျိုးသား ၁၂ ဦး နှင့် အမျိုးသမီး ၄ ဦးပါဝင်သော အဖွဲ့ဝင်တိုင်းက သူတို့၏ ဇာတ်ကြောင်းများကို စကားပြန်မှတဆင့် ပြောပြသည့်အခါ ပုပ်ရဟန်မင်းကြီးက ဝမ်းနည်းညိုးငယ်သည့် အသွင်ရှိသည်။ အမျိုးသမီး ၄ ဦးထဲမှ ၂ ဦးမှာ ငယ်ရွယ်သော မိန်းကလေးများ ဖြစ်ကြသည်။

ယခုခရီးစဉ်၏ ပထမပိုင်းအဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ချိန်တွင် ဒုက္ခသည်များကို ဖော်ပြရန် အတွက် ရိုဟင်ဂျာ ဆိုသည့် စကားလုံးကို သူက သုံးစွဲခဲ့ခြင်း မရှိပါ။

နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်းက အိမ်နီးချင်း မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရောက်ရှိလာပြီး များမကြာမီမှာပင် ပုပ်ရဟန်းမင်းကြီးက လူမျိုးရေးပြဿနာများကြောင့် နယ်စပ်ကို ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အတွင်းမှ ဒုက္ခသည် စခန်းများသို့ ရိုဟင်ဂျာ မွတ်ဆလင် ၆၂၀၀၀၀ ကျော် ရောက်ရှိစေခဲ့သည့် ပြဿနာကို ဖြေရှင်းရန် ပြတ်သားသော ဆောင်ရွက်မှုများ ပြုလုပ်ကြရန် ကမ္ဘာကို တိုက်တွန်းခဲ့သည်။

ဆိုးရွားသည့် အကြမ်းဖက်မှု ဇာတ်ကြောင်းများကို ယူဆောင်၍ ရောက်ရှိလာကြသော ရိုဟင်ဂျာများကို ခိုလှုံခွင့်ပေးသည့် အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ချီးကျူးခဲ့သည်။

မြန်မာနိုင်ငံတွင် ရှိစဉ်က သူတို့ကို သီးခြား လူမျိုးစု တခုအဖြစ် ငြင်းဆန် ထားသော ဗုဒ္ဓဘာသာ လူများစု နိုင်ငံတွင် အချို့ က လှုံ့ဆော်မှုဟု မြင်ခြင်းကြောင့် ရိုဟင်ဂျာဆိုသည့် စကားလုံးကို သုံးစွဲခြင်းမှ ရှောင်ရှားခဲ့သည်။

ရိုဟင်ဂျာများ နှင့် ပတ်သက်သည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ မှတ်ချက်စကားများက ဒက္ကာမြို့တွင် ကြီးမားသော လူထုကြီးနှင့် တွေ့ဆုံခဲ့ပြီး နောက်ပိုင်းတွင် ဖြစ်သည်။ အခန်းအနားအတွက် အထူးပြုလုပ်ထားသည့် ကားဖြင့် လူထုကြားမှ ဖြတ်လာသည့် အချိန်တွင် ဒက္ကာမြို့၏ ပန်းခြံ တခုအတွင်းသို့ ရောက်ရှိနေကြသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ကက်သလစ်ဘာသာဝင် ၁၀၀၀၀၀ ခန့်က “ပုပ်ရဟန်းမင်းကြီး အသက်ရှည်ပါစေ” ဟု ကြွေးကြော်ခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဘာသာရေးလူနည်းစုများကို အစ္စလမ် အစွန်းရောက်များက တိုက်ခိုက်မှုများ မြင့်တက်နေသည့် အတွက် ဒီဇင်ဘာလ ၁ ရက်နေ့က ဆုတောင်းပွဲကို လုံခြုံရေး တင်းကျပ်စွာ ချထားခဲ့သည်။

မွတ်ဆလင် လူများစုဖြစ်သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ခရစ်ယန် အရေအတွက်က အလွန်နည်းပါးသော်လည်း ဒီဇင်ဘာ ၁ ရက်နေ့ ဝတ်ပြုဆုတောင်းပွဲသို့ လူပေါင်းများစွာတက်ရောက်ခဲ့သည်ကို တွေ့ရသည်။ အများစုမှာ ရဲအဖွဲ့ နှင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၄၀၀၀ ခန့် ချထားသော ပန်းခြံ အတွင်းသို့ နာရီပေါင်းများစွာ တန်းစီ၍ ဝင်ရောက်ခဲ့ကြရသည်။

၃ ရက်ကြာခရီးစဉ်အတွင်းတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ မွတ်ဆလင်၊ ဟိန္ဒူ နှင့် ဗုဒ္ဓဘာသာ ခေါင်းဆောင်များနှင့် လည်းတွေ့ဆုံသွားမည် ဖြစ်သည်။

ပုပ်ရဟန်မင်းကြီး ရောက်မလာမီ ရက်ပိုင်းအတွင်းတွင် ယမန်နှစ်က ကက်သလစ်ဘာသာဝင်ဆိုင်ရှင် တဦးကို အစ္စလမ် အကြမ်းဖက်သမားများဟု ယူဆရသူများက သတ်ဖြတ်ခဲ့သည့် ကျေးရွာမှ ကက်သလစ် ဘုန်းတော်ကြီးတပါး ပျောက်ဆုံး သွားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ၂၀၁၅ ခု နှစ်မှ စ၍ အစ္စလမ်ဘာသာမှ ကူးပြောင်းလာသူ ၂ ဦး အပါအဝင် ခရစ်ယန် အနည်းဆုံး ၃ ဦး သတ်ဖြတ်ခြင်းခံခဲ့ရပြီး အစ္စလမ်မစ် စစ်သွေးကြွများ၏ တိုက်ခိုက်မှု ဖြစ်သည်ဟု ယူဆခဲ့ကြသည်။

လူဦးရေ သန်း ၁၆၀ ရှိသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ခရစ်ယန်ဘာသာဝင်က ဝ.၅ ရာခိုင်နှုန်းပင် မရှိဘဲ သူတို့ကိုးကွယ် ယုံ ကြည်မှု၏ အစဉ်အလာ ဓလေ့များကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ခွင့် နည်းပါးလာသောကြောင့် အချို့က ဘာသာဝင်အဖြစ်မှ နှုတ်ထွက်သွားခဲ့ကြသည်ဟု အသိုင်းအဝိုင်း ခေါင်းဆောင်များက ပြောကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading