သတင်း

ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးနှံမှု အပြည့်အဝတာဝန်ယူဟု ကျန်းမာရေးဝန်ကြီးဌာနပြော

Want create site? Find Free WordPress Themes and plugins.

ဂျပန် ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးနှံမှုအပြီး ကလေးငယ်တချို့ သေဆုံးရခြင်းမှာ ကာကွယ်ဆေးနှင့် လုံးဝ သက်ဆိုင်မှု မရှိဘဲ အခြား ရောဂါများကြောင့် ဖြစ်၍ ယခု အစိုးရ၏ ကာကွယ်ဆေး ထိုးနှံပေးမှု အစီအစဉ်ကို အပြည့်အဝ တာဝန်ယူကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၊ တိုးချဲ့ကာကွယ်ဆေး စီမံချက် မန်နေဂျာ ဒေါက်တာ ထားထားလင်းက ဧရာဝတီသို့ ပြောသည်။

“ကျမတို့က ရှင်းရှင်းလင်းလင်းပဲ ပြောထားပါတယ်။ ဒီကလေးတွေ သေဆုံးမှုဟာ ကာကွယ်ဆေးနဲ့ သက်ဆိုင်မှု မရှိပါဘူး။ ပုံမှန်လေးပဲ စဉ်းစားကြည့်ပါ။ မြန်မာနိုင်ငံမှာ ကလေးတွေဟာ အကြောင်းအမျိုးမျိုးနဲ့ ဆေးရုံတွေကို ရောက်လာတယ်။ အကြောင်းအမျိုးမျိုးနဲ့ သေဆုံးနေတဲ့ ကလေးတွေရှိတယ်။ အဲဒီကလေးတွေထဲမှာ ကာကွယ်ဆေးထိုးပြီးတဲ့ ကလေးတွေ သေချာပေါက် ပါမှာပါပဲ”ဟု ၎င်းက ပြောသည်။

သို့သော် မီဒီယာများက ဖော်ပြရာတွင် လည်းကောင်း၊ သတင်းစကားများကို အချင်းချင်းကြားတွင် ဖြန့်ဝေ ရာတွင် လည်းကောင်း ကာကွယ်ဆေးကြောင့် ကလေးများ သေဆုံးနေရသည့် ပုံစံဖြစ်နေ၍ မိဘများမှာ အကြောက်တရားများ ရရိကုန်ကာ ကာကွယ်ဆေး မထိုးရဲခြင်းများ ရှိနေကြောင်း၊ ယခုကိစ္စသည် ဝန်ကြီးဌာန တခုတည်း၊ အစိုးရတခုတည်း သာမက နိုင်ငံတကာနှင့် နှိုင်းယှဉ်၍ ဆောင်ရွက်ရသည့် ကိစ္စဖြစ်၍ ထင်မြင်ရာများကို ပြောနေ၍ မရကြောင်း ဒေါက်တာ ထားထားလင်းက ပြောသည်။

ကျန်းမာရေး ဝန်ကြီးဌာနသည် Gavi the vaccine alliance၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ (Unicef) တို့နှင့် ပူးပေါင်း၍ ကာကွယ်ဆေး အသစ်ဖြစ်သော ဂျပန် ဦးနှောက်ရောင် ကာကွယ်ဆေးကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ စတင် ပြီး ပုံမှန် ကာကွယ်ဆေး အစီအစဉ်တွင် စတင် ထည့်သွင်းတော့မည်ဟု သိရသည်။

ထိုသို့ မစတင်မီ ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ကျောင်းများကို အခြေပြု၍ ကာကွယ်ဆေးထိုးပေးခြင်း၊ ဒီဇင်ဘာလတွင် လူထုကို အခြေပြု၍ ကလေးငယ်များကို ကာကွယ်ဆေးထိုးပေးခြင်းများ ဆောင်ရွက်ရန် စီစဉ်ခဲ့ရာမှ တချို့နေရာများတွင် ကာကွယ်ဆေး ထိုးပြီးနောက်ပိုင်း သေဆုံးမှု အချို့ရှိခဲ့ကြောင်း သိရှိရသည်။

“ထပ်ပြောချင်တာက ကာကွယ်ဆေးက အင်မတန်ဘေးကင်းမှ ကျမတို့က ထိုးတယ်။ ပုံမှန်ကာကွယ်ထိုး အစီအစဉ်မှာ ကလေး ၁ သန်း ကို ၁၆ ခါလောက် အပ် ၁၆ ချောင်းနဲ့ ၁၆ မျိုးလောက် ထိုးရတယ်။ ဘာလို့လဲဆိုတော့ တချို့ကာကွယ်ဆေးတွေက ၃ ကြိမ်ထိုးရတာကိုး။ တနှစ်တနှစ်ကို ဒီလောက်ထိုးနေတဲ့ အချိန်မှာ ကျမတို့မှာ ယုံကြည်ချက် အပြည့်အဝ ရှိပါတယ်”ဟု ဒေါက်တာ ထားထားလင်း က ပြောသည်။

ပြည်သူ့လွှတ်တော် ကျန်မားရေးနှင့် အားကစား ကော်မတီ ဥက္ကဌ ဒေါက်တာ စံရွှေဝင်းက မြန်မာနိုင်ငံတွင် တနှစ်လျှင် ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားသည့် ဦးရေ အလွန်များပြားပြီး သေဆုံးနှုန်းမှာလည်း မြင့်မားကြောင်း၊ မသေပါကလည်း နောက်ဆက်တွဲ ပြဿနာ များ ရှိကြောင်း၊ သို့သော် ကာကွယ်ဆေးများသည် လူများက ထုတ်လုပ်ခြင်းဖြစ်၍ လုံးဝ ယုံကြည်စိတ်ချရသည်ဟု မပြောနိုင်ကြောင်း ဆိုသည်။

“အခုဒီမှာ သန်းနဲ့ချီပြီး ထိုးတဲ့အထဲမှာ ကျနော် သိသလောက်တော့ ၃ ယောက် ဆုံးသွားတယ်။ ၁၇ ယောက်လောက်က ဆေးရုံမှာ တက်ကုရတယ်။ သူတို့က ကောင်းသွားပြီ။ ပြည်သူ့ကျန်းမာရေး အတွေးအခေါ်နဲ့ ကြည့်ရင်တော့ စဉ်းစားစရာပေါ့။ ၃ ယောက်ကတော့ ဖြစ်တတ်တဲ့ သဘောရှိပေမယ့် စိတ်မကောင်း စရာပဲ။ ကျန်တဲ့သန်းနဲ့ချီတဲ့ ကလေးတွေအတွက်လည်း ပြန်စဉ်းစားရမှာပေါ့”ဟု ၎င်းက ပြောသည်။

၎င်းက ဆက်၍ “တနိုင်ငံလုံးနဲ့ကြည့်မယ်၊ ကလေးအားလုံးနဲ့ ခြုံပြီးတော့ ကြည့်မယ်ဆိုရင်တော့ အင်မတန် အကျိုးရှိတယ်လို့ ပြောလို့ရပါတယ်။ တဦးချင်း အနေနဲ့ ဆုံးရှုံးမှု ကြီးမားပေမယ့် နိုင်ငံအတွက်တော့ အမြတ်တွေ အများကြီး ထွက်ပါတယ်။ ကလေးတွေအများကြီး အဲဒီရောဂါ မဖြစ်ကြတော့ဘူး။ အဲဒါကလည်း အရေးကြီး တယ်လို့ ထင်ပါတယ်”ဟုလည်း ဆိုသည်။

ရန်ကုန်မြို့မှ ဆရာဝန်တဦး ဖြစ်သူ ဒေါက်တာ ကျော်စွာဦးကမူ ဆေးဝါးများနှင့် ဓာတ်မတည့်သည့် ကလေးများမှာ ကာကွယ်ဆေး မထိုးသင့်သော်လည်း ဆေးနှင့် တည့်သည့် ကလေးများ၊ ကျန်းမာရေး ကောင်းသည့် ကလေးများအနေဖြင့် ယင်းကာကွယ်ဆေးကို ထိုးသင့်ကြောင်း၊ ယင်းရောဂါမှာ ဖြစ်ပွားပါက ကုသရခက်ပြီး သေဆုံးရန် ၃၀ ရာခိုင်နှုန်း၊ ကိုယ်လက်မသန်စွမ်းဖြစ်ရန် ၃၀ ရာခိုင်နှုန်းရှိ၍ တသက်လုံး ဒုက္ခိတဘဝသို့ ရောက်သွားနိုင်ကြောင်း ရှင်းပြသည်။

“အဲဒီလို အနေအထားမျိုးမှာ ကာကွယ်ဆေးမှတပါး အခြား မရှိဘူးပေါ့။ ဒါကလည်း ခြင်ကိုက်တာကတဆင့် ကူးဆက်တာ ဆိုတော့ သေဆုံးမှုတွေက တကယ်ရှိခဲ့တာကိုး။ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ ရှမ်း(မြောက်)မှာဆိုရင် အစုလိုက် အပြုံလိုက် ဖြစ်ခဲ့တာတွေ ရှိခဲ့တယ်။ အဲဒီ သာဓကတွေကြောင့် စီမံချက်ချပြီး အစိုးရက စီစဉ် ဆောင်ရွက်နေတာပါ”ဟု ဒေါက်တာ ကျော်စွာဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ဦးနှောက်ရောင်ရောဂါဖြင့် ဆေးရုံသို့ ရောက်ရှိလာသူ တနှစ်လျှင် ကလေးဦးရေ ၁၀၀၀ မှ ၁၂၀၀ ခန့်ရှိရာ ၎င်းတို့ထဲတွင် ဂျပန် ဦးနှောက်ရောင်ပိုးတွေ့သူ ကလေးဦးရေမှာ ၃၀၀ မှ ၄၀၀ အထိ ရှိကြောင်း၊ နေ့စဉ် ကလေး ၃ ဦးခန့် ယင်းရောဂါဖြင့် သေဆုံးနေကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။

“အဲဒီလို သတင်းတွေ ကြားတော့ စိတ်ပူတယ်။ ကလေးကိုတော့ ကာကွယ်ဆေး သွားထိုးမှာပါ။ ရောဂါဖြစ်ရင် သေရင်သေ၊ မသေရင် ပိုလီယိုလို့ ဖြစ်မှာလို့ ကြားထားတော့ ကိုယ့်ကလေးကို အဲဒီလို ဖြစ်သွားမှာတော့ ကြောက်တယ်”ဟု နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက်တွင် နေထိုင်သူ မယမင်းက ပြောသည်။

“တလကို ၂ ယောက်ကနေ ၁၀ ယောက်လောက်အထိ ဦးနှောက်ရောင် ရောဂါနဲ့ ဆေးရုံတွေကို တက်နေကြတယ်။ နေ့တိုင်း တက်နေတယ်။ အဲဒီအထဲမှာ တယောက်ကနေ ၃ ယောက်လောက်အထိက နေ့တိုင်း သေဆုံးနေကြတယ်။ ဒါတွေအားလုံးကို ဘယ်လိုပဲ ပြခဲ့ ပြခဲ့ ဒီသတင်းကို မဖော်ပြဘူး။ ကြောက်လန့်စရာကောင်းတဲ့ သတင်းကိုပဲ ရွေးပြီး ဖော်ပြမယ်ဆိုရင်တော့ တကယ့် အကြောင်း အရာတွေကို သိမှာ မဟုတ်ဘဲနဲ့ ဆက်ပြီးတော့ ကြောက်နေဦးမှာပါပဲ”ဟု ဒေါက်တာ ထားထားလင်းက ပြောသည်။

ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ယင်းဆေးကို ဒေါ်လာ ၄၀ မှ ဒေါ်လာ ၂၀၀ အထိ ပေးရကြောင်း၊ ကာကွယ်ဆေးများကို ဖွံ့ဖြိုးပြီး နိုင်ငံများသို့ ဈေးတင်ရောင်းလေ့ရှိပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများသို့ သာတူညီမျှ လက်လှမ်းမီစေရန် ဈေးလျော့၍ ရောင်းပေးကြောင်း သိရသည်။

“WHO က အသိအမှတ်ပြုတာ ကမ္ဘာပေါ်မှာ ၂ မျိုးပဲ ရှိပါတယ်။ အဲဒီ ၂ မျိုးထဲကမှ တရုတ်နိုင်ငံက ထုတ်တဲ့ တမျိုးကို ကမ္ဘာလုံးဆိုင်ရာ တင်ဒါစနစ်နဲ့ အောင်ပြီးတော့မှ ဝယ်ထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက်ဆိုရင် ကလေးတယောက်ကို ၀ ဒသမ ၄၆ ဒေါ်လာဆိုတော့ ဒေါ်လာဝက်လောက် ကျပါတယ်။ မြန်မာနိုင်ငံမှာ ဒီဆေးကိုပဲ ဒေါ်လာ ၂၀ ကနေ ၄၀ အထိ ရောင်းနေပါတယ်”ဟု ဒေါက်တာ ထားထားလင်းက ပြောသည်။

အဆိုပါ ကာကွယ်ဆေးကို ထိုးနှံရာတွင် AIDS ဖြစ်နေသူ ကလေးများ၊ ကျောက်ကပ်ရောဂါ ရှိနေသူ၊ တီဘီ ဆေး သောက်နေရသူများ၊ အဖျားရှိနေသူ ကလေးများ၊ ဝမ်းပျက်၊ ဝမ်းလျော ဖြစ်နေသူ ကလေးများနှင့် အတက်ရောဂါ ခံစားနေရသူများကို ထိုးပေးမည် မဟုတ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading