ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ပေါ်ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးတွင် ယနေ့မနက်ပိုင်းက လက်လုပ်မိုင်း တွေ့ရှိခဲ့သဖြင့် သံရုံးလုပ်ငန်းစဉ်များ ယာယီ ရပ်ဆိုင်းလိုက်ရပြီး သံရုံးရှေ့အဝင် အထွက်လမ်းကိုလည်း ယာယီ ပိတ်ထားခဲ့ရကြောင်း မြန်မာသံရုံး တာဝန်ရှိသူတဦးက ဧရာဝတီသို့ အတည်ပြုပြောဆိုသည်။
လက်လုပ်မိုင်းဟု ယူဆရသော ဗုံး ၂ လုံးကို ဒီဇင်ဘာ ၄ ရက်နေ့ မနက်ပိုင်း ၉ နာရီခန့်က သံရုံးရှေ့တွင် တွေ့ရှိခဲ့ပြီး မနက် ၁၁ နာရီ ၄၀ ခန့်တွင် ထိုင်းရဲတပ်ဖွဲ့က ရှင်းလင်းနိုင်ခဲ့ကြောင်း သံရုံးလုပ်ငန်းစဉ်များ ပြန်၍ လည်ပတ်နိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင် က ပြောသည်။
https://www.facebook.com/theirrawaddyburmese/videos/1848708425173301/
ဦးမိုးအောင်ခိုင် က “ကျနော်တို့က ထိုင်းရဲကို အကြောင်းကြားတယ်။ မိုင်းရှင်းတဲ့ အဖွဲ့ရောက်လာတယ်။ ၁၁ နာရီ ၄၀ လောက်မှာ ပြီးသွားတယ်။ လက်လုပ်မိုင်းပုံစံမျိုးပေါ့။ နာရီတို့ ဘာတို့ပါတယ်။ ထောင်ထားတာ။ ရုံးလုပ်ငန်းတွေကိုတော့ ၃ နာရီလောက် ယာယီ ရပ်ထားလိုက်ရတယ်။ ခုတော့ ပြန်စနေပါပြီ” ဟု ဧရာဝတီသို့ ပြောသည်။
အခင်းဖြစ်ပွားချိန်တွင် သံရုံးရှေ့နှင့် သံရုံးအထဲတွင် ပတ်စပို့စ် စာအုပ်လုပ်ငန်းစဉ် ဆောင်ရွက်နေသည့် ရာနှင့် ချီသော ရွှေ့ပြောင်း အလုပ်သမားများ ရောက်ရှိနေချိန်ဖြစ်ပြီး ဗုံးသတင်းကြောင့် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပွားခဲ့ရကြောင်း မြန်မာသံရုံးကို နိုင်ငံကူးလက်မှတ် သွားရောက်ထုတ်ယူနေသည့် ကိုဂျွန် က ဧရာဝတီသို့ ပြောသည်။
ကိုဂျွန် က “ချိန်ကိုက်ဗုံးဆိုတော့ ကြောက်ကြတာပေါ့ဗျာ။ အဲဒီအချိန် သံရုံးရှေ့ လူကများတော့ ပေါက်ကွဲရင်တော့မလွယ်ဘူး။ တချို့က၊ သံရုံးထဲမှာ၊ တချို့က သံရုံးအပြင်ဘက်မှာ၊ လမ်းတွေပါ ပိတ်လိုက်တော့ လူတွေလည်း ပိုပြီး စိုးရိမ်တယ်။ ရဲက ရှင်းလိုက်ပြီ ပြောမှ အားလုံးစိတ်ချမ်းသာသွားတာ” ဟု ဧရာဝတီသို့ ပြောသည်။