သတင်း

နေပြည်တော် Drone အမှု ပြစ်ဒဏ်များ ထပ်တိုးလာဖွယ်ရှိ

Want create site? Find Free WordPress Themes and plugins.

နေပြည်တော် လွှတ်တော် အဆောက်အအုံ အနီး Drone ယာဉ်နှင့် ဓာတ်ပုံရိုက်ကူးရန် ကြိုးပမ်းမှုဖြင့် ဖမ်းဆီး ထား သော လူ ၄ ဦးကို လေယာဉ် အက်ဥပဒေဖြင့် ထောင်ဒဏ် ၂ လစီ ချမှတ်ပြီး ဖြစ်သော်လည်း ပို့ကုန်၊ သွင်းကုန် ဥပဒေ၊ လဝက ဥပဒေ တို့ဖြင့် ဆက်လက် အရေးယူထား၍ ပြစ်ဒဏ်များ ထပ်မံ တိုးလာဖွယ် ရှိကြောင်း သိရသည်။

တူရကီနိုင်ငံ အခြေစိုက် TRT သတင်းဌာန အတွက် စကားပြန်လုပ်နေသည့် သတင်းထောက် ကိုအောင်နိုင်စိုး အပါ အဝင် စင်ကာပူ နိုင်ငံသား တဦး၊ မလေးရှား နိုင်ငံသူ တဦးနှင့် ယာဉ်မောင်း ဦးလှတင် တို့ကို ၁၉၃၄ ခုနှစ် လေယာဉ် အက် ဥပဒေ ပုဒ်မ အရ ထောင်ဒဏ် ၂ လ စီ နိုဝင်ဘာလ ၁၀ ရက်နေ့က ချမှတ်ခဲ့သည်။

ထောင်ဒဏ် ချမှတ်ပြီးနောက် ထပ်တိုး အရေးယူထားသည့် ပို့ကုန်၊ သွင်းကုန် ဥပဒေ၊ လဝက ဥပဒေများ အတွက် ယနေ့ တွင် ၃ ကြိမ်မြောက် ရုံးချိန်းကို ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် ရုံးထုတ် စစ်ဆေးသည်။

တရားခံ ရှေ့နေ တဦးဖြစ်သူ ဦးခင်မောင်ဇော်က “အခုက သွင်းကုန်၊ ထုတ်ကုန်နဲ့ ဆွဲရင်းကနေ ဒရုန်း ပျံတက်တယ် ဆိုပြီး ထပ်ဆွဲ တယ်။ ဖမ်းထားလို့ မပြန်ရတဲ့ ကိစ္စကို Overstay ဆိုပြီး ဆွဲတယ်ဆိုတော့ ဒါဟာ တခုပြီးတခု ထပ်ထပ် ပြီး ဆွဲမယ့် အလား အလာတွေ ရှိနိုင်သလားဆိုတာ ကြည့်ရမယ်။ တရားဝင် ဝင်လာတာကို ပြစ်မှု ကျူးလွန်တယ် ဆိုပြီး ထပ်ဆွဲမှာ လည်း စိုးရိမ်ရတယ်။ အခုနောက်ဆုံး ဆွဲထားတဲ့ လဝက ဥပဒေအရ ပြစ်ဒဏ်ကလည်း အနည်းဆုံး ၆ လ ထောင်ဒဏ် ကနေ အများဆုံး ၅ နှစ်အထိ ချလို့ရတယ်”ဟု ပြောသည်။

ထို့အပြင် စင်ကာပူ နိုင်ငံသား ပျံသန်းခဲ့သည့် Drone သည် ခွင့်ပြုချက် မရှိဘဲ တင်သွင်းလာခြင်း ဖြစ်၍ ပို့ကုန်သွင်းကနု် ဥပဒေ ပုဒ်မ ၈၊ ၁၀ တို့ဖြင့် အရေးယူထားကြောင်း၊ နိုင်ငံခြားသား ၂ ဦးစလုံးသည် အချုပ်ခံနေရ၍ ဗီဇာသက်တမ်း ကုန်ဆုံး နေခြင်းကို အကြောင်းပြု၍ လဝက အက် ဥပဒေ ၁၃ (၁) ဖြင့်လည်း အရေးယူနိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်နေ ကြောင်းလည်း သိရသည်။

တရားခံ ရှေ့နေများဘက်က ထောင်ဒဏ် ၂ လ အပြစ်ပေးခြင်းကိုလည်း များသည်ဟု ထင်သဖြင့် ရှေ့တပတ် ရုံးချိန်း တွင် အယူခံတက်မည် ဖြစ်ကြောင်း၊ ထောင်ဒဏ် ၂ လ ချပြီး ဖြစ်၍ ပို့ကုန်၊ သွင်းကုန် ဥပဒေဖြင့် ထပ်မံ အရေးယူခြင်း ကို လည်း ပယ်ဖျက်ပေးရေး တရားရုံးတွင် တောင်းဆိုခဲ့သော်လည်း ပယ်ချခံခဲ့ရကြောင်း ပြောဆိုသည်။

“တရားလွှတ်တော်ကို အမှုတွေ ချေဖျက်ပေးဖို့ လျှောက်မယ်။ ကျနော်တို့က ပြစ်ဒဏ်တွေ ထပ်မတိုးစေချင်တော့ဘူး။ အခု Immgration Act နဲ့ ဆွဲတယ်။ အခုဆွဲတာက သတ်မှတ်ထားတဲ့ ရက်ထက် ပိုပြီးနေတယ်ပေါ့။ တရားဝင် ဝင်ရောက် လာပြီးတဲ့နောက်မှာ ပြစ်မှုကို ကျူးလွန်တာတို့၊ ဥပဒေကို ထပ်ချိုးဖောက်တယ် ဆိုပြီး အမှုထပ်ဆွဲမှာလည်း စိုးရတယ်”ဟု ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

ယနေ့တွင် တရားလိုဘက်မှ သက်သေများ ဖြစ်သည့် ရဲအုပ် ထွန်းထွန်းဝင်းနှင့် အခြား ရဲဝန်ထမ်း ၂ ဦးတို့ကို တရားခံ ဘက်က ရှေ့နေများက အပြန်အလှန်မေးခွန်းများ မေးမြန်းရာ လေဆိပ်တွင် လုံခြုံရေး အထပ်ထပ် စစ်ဆေးခြင်းကို သိရှိ ခြင်း ရှိ၊ မရှိ၊ ပစ္စည်းတခုကို တွေ့ရှိရုံဖြင့် ခွင့့်ပြုထားခြင်း ရှိ၊ မရှိကို သိရှိပါသလား၊ တားမြစ်၊ ခွင့်မပြု ပစ္စည်းများကို လေဆိပ်တွင် တားမြစ်သည်ကို သိရှိပါသလား စသည့် မေးခွန်းများ မေးမြန်းကြောင်း သိရသည်။

Drone ပျံသန်းရာတွင် မလေးရှားနိုင်ငံသား တဦးသာ ပါဝင်ခဲ့သော်လည်း ပို့ကုန်သွင်းကုန် ဥပဒေအရ အားလုံးကို စွဲချက် တင်ခြင်းသည် လွှတ်တော် အဆောက်အအုံ အနီးတွင် Drone ပျံသန်းစဉ်က အခြားသူများမှာ အနီးတွင် ရှိခဲ့၍ ဖြစ်ကြောင်း ရဲအရာရှိ ထွန်းထွန်းဝင်းက တရားရုံးတွင် ထွက်ဆိုခဲ့သည်။

အမှုတွင် ပါဝင်သူ ကိုအောင်နိုင်စိုးနှင့် ဦးလှတင်တို့သည် မြန်မာနိုင်ငံသားများ ဖြစ်သည်မှာ မှန်ကန်ကြောင်း၊ ကိုအောင်နိုင်စိုးသည် စကားပြန်အဖြစ် ဆောင်ရွက်သူဖြစ်၍ ဦးလှတင်မှာ တက္ကစီ အငှားလိုက်လာသည့် ကားဆရာ ဖြစ်ကြောင်း သည်လည်း မှန်ကန်ကြောင်း တရားလို ရဲအရာရှိက ထွက်ဆိုသည်။

ယနေ့ ရုံးချိန်းတွင် နံနက် ၁၀ နာရီခန့်က စတင်စစ်ဆေးခဲ့ပြီး ညနေ ၃ နာရီမှသာ တရားလိုပြ သက်သေ ရဲဝန်ထမ်း ၃ ဦး စလုံးကို တရားခံ ရှေ့နေများက မေးခွန်းများ ထုတ်ခြင်း ပြီးဆုံးခဲ့ပြီး နောက်ရုံးချိန်းကို နိုဝင်ဘာလ ၁၁ ရက်နေ့သို့ ထပ်မံ ချိန်းဆိုလိုက်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading