၂၀၁၅ ခုနှစ်က အိန္ဒိယတပ်များသည် စစ်ဆင်ရေး အတွက် မြန်မာနိုင်ငံအတွင်း ကျူးကျော်ခဲ့ကြောင်း အိန္ဒိယကြည်းတပ် စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီး ဘီပင်ရာဝပ်၏အတည်ပြု ပြောကြားခဲ့ကြောင်း အိန္ဒိယမှ လာသော သတင်းများက ဆိုသည်။
သောကြာနေ့က ပူနေးတွင် ကျင်းပသော စာအုပ်မိတ်ဆက်ပွဲတွင် ဗိုလ်ချုပ်ကြီး ဘီပင်ရာဝပ်က မြန်မာနိုင်ငံဘက်ရှိ နာဂသူပုန်များကို နယ်စပ်ဖြတ်ကျော် စီးနင်းတိုက်ခိုက်ပုံများကို ရှင်းပြခဲ့ကြောင်း၊ နယ်စပ်ကို ဖြတ်ကျော်ပြီးနောက် အထူး ကွန်မန်ဒို တပ်ဖွဲ့ဝင်များ ရင်ဆိုင်ရသည့် အခက်အခဲများနှင့် နာဂသူပုန်တပ်ဖွဲ့များ မြန်မာဘက်ရှိ စခန်းများတွင် အကြီးအကျယ် ကျဆုံးရသည် ကို သူ အလေးထားပြောကြောင်း The Hindu သတင်းစာတွင် ရေးသားဖော်ပြခဲ့သည်။
ထိုသို့ ကျယ်ပြန့်လှသော စစ်ဆင်ရေးဆိုင်ရာ အသေးစိတ်များကို အဆင့်မြင့် စစ်အရာရှိတဦးက လူသိရှင်ကြား ထုတ်ဖော်ပြောသည်မှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်သည်။
သတင်းအရ မြန်မာဘက်တွင် ခိုအောင်းနေသော နာဂပြည် အမျိုးသားရေး ဆိုရှယ်လစ်ကောင်စီ (Nationalist Socialist Council of Nagaland- NSCN-K) အဖွဲ့က ခြုံခို တိုက်ခိုက်သောကြောင့် မဏိပူရတွင် အမှတ် ၆ ဒိုဂရာ တပ်ရင်းမှ စစ်သား ၁၈ ဦးသေဆုံး ရခြင်းအတွက် လက်စားချေသော ၂၀၁၅ ခုနှစ် ဇွန်လ ၁၀ ရက်နေ့က မြန်မာနိုင်ငံအတွင်း ထိုးဖောက် စစ်ဆင်ရေးတွင် ဒမိပူရ အခြေစိုက် တပ်ဖွဲ့ ၃ ခုကို ဗိုလ်ချုပ်ကြီး ရာဝပ် ကွပ်ကဲခဲ့ကြောင်း သိရသည်။
အမျိုးသားလုံခြုံရေး အကြံပေး အဂျစ်ဒိုဗယ်က ထိုစစ်ဆင်ရေးကို တာဝန်ယူရသော ဗိုလ်ချုပ်ကြီး ရာဝပ်ကို စစ်ဆင်ရေးမတိုင်မီ ကွန်မန်ဒို ခေါင်းဆောင်များကို ခေါ်ယူရှင်းလင်းပြောကြားရန် ဖုန်းဆက် ပြောသောကြောင့် မူလစစ်ဆင်ရေး စီမံချက်ကို ပြင်ဆင်ပေးရသည် ဟုပင် ပြောသည်။
“အမျိုးသား လုံခြုံရေး အကြံပေးအရာရှိက ကျနော့်စိတ်ထဲမှာ တခုခု ကြံစည် ထားတာ ရှိလား မေးပြီး ဖုန်းလှမ်းဆက်တယ်။ ကျနော်က စစ်ဆင်ရေးစဖို့ အမိန့်ပေးထားပြီးသား ဆိုတော့ နည်းနည်းတော့ အံ့သြသွားတယ်။ သူတို့တွေက လမ်းတဝက် ရောက်နေပြီ” ဟု ဗိုလ်ချုပ်ရာဝပ်က ပြောသည်။
“မြန်မာနယ်စပ်နား ရောက်နေတဲ့ တပ်တွေက စစ်ဆင်ရေး လုပ်နေရင်း လမ်းကြောင်း ပြောင်းလိုက်ရတယ်။ မူလစီစဉ်ထားတာ ထက် ၄ ရက် ပိုကြာသွားတယ်” ဟု ပြောပြီး အထူးတပ်ဖွဲ့များသည် ဝင်ရောက်စီးနင်းတိုက်ခိုက်ရန် နယ်စပ်တွင် ချထားသော အမှတ် ၁၂ ဘီဟာတပ်ရင်း၏ ဝတ်စုံများကို ပြောင်းဝတ်ရသည် ဟုလည်း ရှင်းပြသည်။
စစ်ဘက် သတင်းရင်းမြစ်များက ထိုအစီအစဉ် အသေးစိတ်များကို ဖြန့်ချိခဲ့သော်လည်း အိန္ဒိယ အစိုးရသည် မြန်မာအစိုးရနှင့် စစ်ဘက်က ကန့်ကွက်သောကြောင့် ထိုသတင်းများ ရပ်တန့်သွားစေရန် အလျင်အမြန် လုပ်ဆောင်ရပြီး ထို စစ်ဆင်ရေးကို နယ်စပ် တလျှောက်တွင်သာ ပြုလုပ်သည်ဟု ကြေညာရကြောင်း သတင်းက ဆိုသည်။
ထိုစစ်ဆင်ရေးအပြီး နောက်တနေ့တွင် မြန်မာ့ ပိုင်နက်ထဲ မည်သည့်ပြည်ပ တပ်ဖွဲ့ကိုမှ စစ်ဆင်ရေး လုပ်ခွင့် မပေးဟု မြန်မာသမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သတင်းသမားများကို ပြောသည်။ “နိုင်ငံတိုင်းက ကျနော်တို့ရဲ့ အချုပ်အခြာ အာဏာ ကို လေးစားရမယ်” ဟုလည်း ပြောခဲ့သည်။
မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁ နှင့် ၄၂ အရ မည်သည့် ပြည်ပတပ်ဖွဲ့ကိုမျှ မြန်မာနိုင်ငံ ပိုင်နက် အတွင်း မည်သည့် အကြောင်းကြောင့်မျှ ဖြန့်ချထားခွင့် မရှိပေ။
၂၀၁၆ ခုနှစ် ဧပြီလ ကလည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကလည်း ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီအား ထိုသို့သော ပြဿနာများကို စိုးရိမ်ကြောင်း ထပ်မံ ပြောကြားသည် ဟု သတင်းများက ဆိုပြီး ၂ နိုင်ငံ ခေါင်းဆောင်များ၏ ပူးတွဲကြေညာချက်တွင်လည်း အကြမ်းဖက်တိုက်ဖျက်မှု ပူးပေါင်းစစ်ဆင်ရေး များတွင် ၂ နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို လေးစားမည် ဟု ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ကြိုးစားနေသည့်အချိန်တွင် ယင်းသို့ ပြောကြားမှုကြောင့် ၂ နိုင်ငံဆက်ဆံရေး ထိခိုက်မည်ကို စိုးရိမ်စရာများ ပေါ်ပေါက်စေကြောင်း ပြည်ထဲရေးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိများက The Hindu သတင်းစာကို ပြောကြောင်း သိရသည်။ သို့သော် ထိုဝန်ကြီးဌာန ၂ ခုလုံးကမူ ထိုကိစ္စကို ဝေဖန်ပြောကြားခြင်း မရှိပေ။
ဗိုလ်ချုပ်ကြီး ရာဝပ်၏ ပြောဆိုချက်များ၊ အထူးသဖြင့် ထိုသို့ ထိုးဖောက်စစ်ဆင်ရေးများကို လိုအပ်လျှင် ထပ်မံလုပ်ဆောင်မည် ဟူသော ပြောဆိုချက်သည် အဓိက အမှားအယွင်းဖြစ်သည်။ သံတမန်ရေးအရ စိုးရိမ်ပူပန်မှုများကို သူ့ထံအကြောင်းကြား ထားသည် ဟု အဆင့်မြင့် အရာရှိတဦးက ပြောကြောင်း သိရသည်။
အိန္ဒိယ အစိုးရသည် နိုဝင်ဘာလ ၂၀ ရက်နေ့က မီဂလျာ ပြည်နယ်ရှိ အမ်ရွိုင်း ပူးတွဲလေ့ကျင့်ရေး စခန်းတွင် ၂ နိုင်ငံ ပထမဆုံး အကြိမ် ပူးတွဲစစ်ဆင်ရေးများ (India-Myanmar Bilateral Military Exercise – IMBAX-2017) အောင်မြင် ကြောင်း ပြောကြားထားသည်။