ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းကျေးရွာအုပ်စု၊ သင်ခရိုင်ကျေးရွာရှိ မိဘမဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ဒီဇင်ဘာ ၄ ရက် ညနေ ၃ နာရီခွဲအချိန်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဆိုလာပြားနှင့် ဘက်ထရီအိုး အားသွင်းရာ အပူရှိန်လွဲကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ပရဟိတ စာသင်ဆောင် ၂ ထပ်ကျောင်းဆောင် ၁ လုံး မီးလောင်ခံရပြီး ငွေကျပ် သိန်း သုံးဆယ် ခန့် ဆုံးရှုံးခဲ့ကြောင်း၊ ကြို့ပင်ကောက်မြို့နယ် မီးသတ်ဦးစီးရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဘကကျောင်း၏ ကျောင်းအုပ်ဆရာတော်ဦးသုမနက “ဆိုလာကနေ အားပြင်းပြီး ရှော့ခ်ဖြစ် ပေါက်ကွဲပြီး လောင်တာ။ ညနေ ၅ နာရီလောက်မှာ မီးငြှိမ်းနိုင်တယ်။ ပါသွားတာက အလျား ၁၀၀၊ အနံ ပေ ၃၀ ကျောင်းတကျောင်း။ အဲဒီကျောင်း ကြီးပေါ်မှာနေတဲ့ ကလေးအယောက် ၅၀ ရဲ့ အသုံးအဆောင် အဝတ်အစား စောင်၊ ခြင်ထောင်၊ လွယ်အိတ်၊ စာအုပ်စာတမ်း အကုန်လုံး မီးထဲပါသွားတယ်” ဟု ဧရာဝတီကို မိန့်ကြားသည်။
ဆက်လက်၍ ဆရာတော်က မီးလောင်သွားသည့် ကျွန်းနှစ်ထပ်ကျောင်း၏ အောက်ထပ်သည် KG မှ ၃ တန်းအထိ စာသင်ခန်းဖြစ်ပြီး အပေါ်ထပ်တွင် ကလေးငယ် အယောက် ၅၀ နေထိုင်ကြကြောင်း၊ မီးလောင်မှုကြောင့် ကလေးငယ်များ ကြောက်လန့်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း၊ ကလေးငယ်များကို ကျောင်းဝင်းထဲရှိ တခြားကျောင်းဆောင် များတွင် ရွှေ့ထားကြောင်း ရှင်းပြသည်။
“လက်ရှိမှာ အလှူရှင် အများကြီးတော့ မဟုတ်ပါဘူး။ ပရဟိတအဖွဲ့တွေတော့ အလှူခံပေးမယ်ဆိုပြီးတော့ စုံစမ်းပြီး ဖုန်းဆက် လှမ်းအကြောင်းကြားတာတွေတော့ ရှိပါတယ်။ ခု ၆၆ တပ်ရင်းက ဒကာတွေ တတ်နိုင်တဲ့ ဆန်၊ ဆီ၊ နဝကမ္မဝတ္ထုတော်ငွေ တသိန်းလှူတယ်။ သူတို့စစ်သားအင်အားနဲ့ မီးလောင်ပျက်စီးသွားတဲ့တိုင်တွေ မီးသွေးတွေ အကုန်လုံး ကို သန့်ရှင်းရေးလုပ်ပေးနေပါတယ်” ဟု ဆရာတော်က မိန့်ကြားသည်။
ဆရာတော်ဦးသုမန၏ ဘကကျောင်းတွင် သူငယ်တန်းမှ သတ္တမတန်းအထိ ပညာသင်ကြားပေးလျက်ရှိပြီး ဆရာတော်ထံ လာရောက်ခိုလှုံသည့် မိဘမဲ့ကလေးငယ် ၂၇၆ ဦးတွင် ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူးတိုင်း ဒေသကြီးတို့မှ အများစုဖြစ်ကြောင်း၊ ကလေးငယ်များအတွက် မိန်းကလေးဆောင် ၃ ဆောင်နှင့် ယောကျ်ားလေးဆောင် ၄ ဆောင် ထားရှိပေးကြောင်း သိရသည်။
ဆရာတော်ဦးသုမနက “ဦးဇင်းအနေနဲ့ အရမ်းကြီးတော့ မျှော်လင့်ချက်တွေ မထားပါဘူး။ ပျက်စီးဆုံးရှုံးသွားတဲ့ ကျောင်းဆောင်။ ကလေးတွေရဲ့ စာသင်ခုံတွေ ပြန်ရပြီးတော့ မိုးလုံလေလုံလေး ကျောင်းတက်ခွင့်ရမယ်။ လက်ရှိ ကျောင်းသားအယောက် ၅၀ မိုးလုံလေလုံနဲ့ အိပ်ခွင့်ရရင် အကောင်းဆုံးပါပဲ” ဟု မိန့် ကြားသည်။
မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ကြို့ပင်ကောက်မြို့နယ်ရဲစခန်းက အဆိုပါကျောင်း၏ ပရဟိတကျောင်း ဆရာတဦးဖြစ်သူ ဦးအောင်သန်းဇော် ကို ပုဒ်မ ၂၈၅ (မီးပေါ့ဆမှု)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။